မန ၂၁: ကကစူပမသုတ်

၂၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ စည်းမဲ့ကမ်းမဲ့ (အလွန်ကြာမြင့်စွာ) ရောနှောလျက် နေ၏။ ဤဆိုလတ္တံ့သောနည်းဖြင့် အသျှင် မောဠိယဖဂ္ဂုနသည်ရဟန်းမိန်းမတို့နှင့်အတူ ရောနှောလျက် နေ၏။ တစ်စုံတစ်ယောက်သော ရဟန်းသည် အသျှင်မောဠိယဖဂ္ဂုန၏ မျက်မှောက်၌ ထိုရဟန်း မိန်းမတို့၏ ကျေးဇူးမဲ့ကို ပြောဆိုခဲ့လျှင် အသျှင်မောဠိယဖဂ္ဂုနသည်အမျက်ထွက်လျက် နှလုံးမသာခြင်းရှိသဖြင့် ခိုက်ရန် ငြင်းခုံမှုကို ပြု၏။ တစ်စုံတစ်ဦးသော ရဟန်းသည်ထိုရဟန်းမိန်းမတို့၏ မျက်မှောက်၌ အသျှင်မောဠိယဖဂ္ဂုန၏ ကျေးဇူးမဲ့ကို ပြောဆိုခဲ့လျှင်လည်း ထိုရဟန်းမိန်းမတို့သည် အမျက်ထွက်ကုန်လျက် နှလုံးမသာခြင်းရှိသဖြင့် ခိုက်ရန်ငြင်းခုံမှုကို ပြုကြကုန်၏။ ဤဆိုခဲ့သည့်အတိုင်း အသျှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ ရောနှောလျက် နေ၏။

ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်ကာ-

”အသျှင်ဘုရား အသျှင် မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့်အတူ စည်းမဲ့ကမ်းမဲ့ (အလွန်ကြာမြင့်စွာ) ရောနှောလျက်နေပါသည်။ အသျှင်ဘုရား ဤဆိုလတ္တံ့သောနည်းဖြင့် အသျှင်မောဠိယဖဂ္ဂုနသည်ရဟန်းမိန်းမတို့နှင့်အတူ ရောနှောလျက် နေပါသည်။ တစ်စုံတစ်ဦးသော ရဟန်းသည် အသျှင်မောဠိယဖဂ္ဂုန၏ မျက်မှောက်၌ ထိုရဟန်းမိန်းမတို့၏ ကျေးဇူးမဲ့ကို ပြောဆိုခဲ့လျှင် အသျှင်မောဠိယဖဂ္ဂုနသည်အမျက်ထွက်လျက် နှလုံးမသာခြင်းရှိသဖြင့် ခိုက်ရန်ငြင်းခုံမှုကို ပြုပါ၏။ တစ်စုံတစ်ဦးသော ရဟန်းသည်ထိုရဟန်းမိန်းမတို့၏ မျက်မှောက်၌ အသျှင်မောဠိယဖဂ္ဂုန၏ ကျေးဇူးမဲ့ကို ပြောဆိုခဲ့လျှင် ထိုရဟန်းမိန်းမတို့သည် အမျက်ထွက်ကုန်လျက် နှလုံးမသာခြင်းရှိသဖြင့် ခိုက်ရန်ငြင်းခုံမှုကို ပြုကြပါကုန်၏။ အသျှင်ဘုရား ဤဆိုခဲ့သည့်အတိုင်း အသျှင်မောဠိယဖဂ္ဂုနသည် ရဟန်းမိန်းမတို့နှင့် အတူ ရောနှောလျက် နေပါသည်” ဟု လျှောက်၏။

၂၂၃။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ”ရဟန်း သင်လာလော့၊ ငါ့အမိန့်ဖြင့် ‘ငါ့သျှင်ဖဂ္ဂုန မြတ်စွာဘုရားက သင့်ကို ခေါ်တော်မူ၏’ဟု မောဠိယဖဂ္ဂုနရဟန်းကို သိစေလော့” ဟူ၍ မိန့်တော်မူ၏။ ”ကောင်းပါပြီ အသျှင်ဘုရား” ဟု ထိုရဟန်းသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၍အသျှင်မောဠိယဖဂ္ဂုနထံသို့ ချဉ်းကပ်ပြီးလျှင် ”ငါ့သျှင်ဖဂ္ဂုန မြတ်စွာဘုရားက သင့်ကို ခေါ်တော်မူ၏” ဟုပြောဆို၏။ ”ကောင်းပါပြီငါ့သျှင်” ဟု ထိုရဟန်းအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်ရိုသေစွာ ရှိခိုးလျက် သင့်တင့်လျောက်ပတ်သော နေရာ၌ ထိုင်နေသော အသျှင်မောဠိယဖဂ္ဂုနအား မြတ်စွာဘုရားသည်-

ဖဂ္ဂုန သင်သည် ရဟန်းမိန်းမတို့နှင့်အတူ စည်းမဲ့ကမ်းမဲ့ (အလွန်ကြာမြင့်စွာ) ရောနှောလျက် နေသတတ်။ ဖဂ္ဂုန သင်သည် ဤဆိုလတ္တံ့သောနည်းဖြင့် ရဟန်းမိန်းမတို့နှင့်အတူ ရောနှောလျက် နေသတတ်။ တစ်စုံတစ်ဦးသော ရဟန်းသည် သင့်မျက်မှောက်၌ ထိုရဟန်းမိန်းမတို့၏ ကျေးဇူးမဲ့ကို ပြောဆိုခဲ့လျှင် သင်သည် အမျက်ထွက်လျက် နှလုံးမသာခြင်းရှိသဖြင့် ခိုက်ရန်ငြင်းခုံမှုကို ပြုသတတ်။ တစ်စုံတစ်ဦးသော ရဟန်းသည် ထိုရဟန်းမိန်းမတို့၏ မျက်မှောက်၌ သင်၏ ကျေးဇူးမဲ့ကို ပြောဆိုခဲ့လျှင်ထိုရဟန်းမိန်းမတို့သည် အမျက်ထွက်ကုန်လျက် နှလုံးမသာခြင်းရှိသဖြင့် ခိုက်ရန်ငြင်းခုံမှုကို ပြုကြကုန်သတတ်။ ဖဂ္ဂုန ဤဆိုခဲ့သည့်အတိုင်း သင်သည် ရဟန်းမိန်းမတို့နှင့် အတူ ရောနှောလျက်နေသတတ်ဟုဤသို့ ကြားရသည်မှာ မှန်သလောဟု မိန့်တော်မူ၏။

မှန်ပါသည် အသျှင်ဘုရားဟု လျှောက်ကြား၏။ ဖဂ္ဂုန အမျိုးကောင်းသားဖြစ်သော သင်သည်ယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သည် မဟုတ်လောဟု မိန့်တော်မူ၏။ မှန်ပါသည် အသျှင်ဘုရားဟု လျှောက်ကြား၏။

၂၂၄။ ဖဂ္ဂုန ယုံကြည်ခြင်း ‘သဒ္ဓါ’ ဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သည့် အမျိုးကောင်းသားဖြစ်သော သင့်အား ရဟန်းမိန်းမတို့နှင့်အတူ စည်းမဲ့ကမ်းမဲ့ (အလွန်ကြာမြင့်စွာ) ရောနှော့လျက် နေခြင်းသည် မလျောက်ပတ်။

ဖဂ္ဂုန ထို့ကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ ထိုရဟန်းမိန်းမတို့၏ ကျေးဇူးမဲ့ကို ပြောဆိုခဲ့လျှင် သင်သည် (ဖြစ်ပေါ်လာမည့်) ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ, ကာမဂုဏ်တို့ကို မှီသော အကြံအစည်တို့ကို ပယ်စွန့်ရာ၏။ ဖဂ္ဂုန ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ကျင့်ရမည် ”ငါ့စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာလျက်လည်း မေတ္တာစိတ်ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ်မရှိဘဲ နေအံ့” ဟု ဤသို့လျှင်သင်သည် ကျင့်ရမည်။

ဖဂ္ဂုန ထို့ကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ ထိုရဟန်းမိန်းမတို့အား လက်ဖြင့်ပုတ်ခတ်ငြားအံ့၊ ခဲဖြင့်သော်လည်း ပစ်ခတ်ငြားအံ့၊ တုတ်ဖြင့်သော်လည်း ရိုက်ပုတ်ငြားအံ့၊ ဓားလက်နက်ဖြင့်သော်လည်း ထိုးခုတ်ငြားအံ့။ ဖဂ္ဂုန ထိုသို့ပြုရာ၌လည်း သင်သည် (ဖြစ်ပေါ်လာမည့်) ကာမဂုဏ်တို့ကို မှီသော အလိုဆန္ဒ, ကာမဂုဏ်တို့ကို မှီသော အကြံအစည်တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ ကျင့်ရမည်၊ ”ငါ့စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသောစကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာလျက်လည်း မေတ္တာစိတ်ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ်မရှိဘဲနေအံ့” ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။

ဖဂ္ဂုန ထို့ကြောင့် တစ်စုံတစ်ယောက်သောသူသည် သင့်မျက်မှောက်၌ သင်၏ ကျေးဇူးမဲ့ကို ပြောဆိုခဲ့လျှင် သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကိုမှီသော အလိုဆန္ဒ, ကာမဂုဏ်တို့ကိုမှီသော အကြံအစည်တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ကျင့်ရမည်၊ ”ငါ့စိတ်သည်ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့် ငဲ့ညှာလျက်လည်းမေတ္တာစိတ်ရှိသည်ဖြစ်၍ ပြစ်မှားသောစိတ်မရှိဘဲ နေအံ့” ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။

ဖဂ္ဂုန ထို့ကြောင့် သင့်အား တစ်စုံတစ်ယောက်သောသူသည် လက်ဖြင့် ပုတ်ခတ်ငြားအံ့၊ ခဲဖြင့်သော်လည်း ပစ်ခတ်ငြားအံ့၊ တုတ်ဖြင့်သော်လည်း ရိုက်ပုတ်ငြားအံ့၊ ဓားလက်နက်ဖြင့်သော်လည်း ထိုးခုတ်ငြားအံ့၊ ထိုသို့ပြုရာ၌လည်း သင်သည် ဖြစ်ပေါ်လာမည့် ကာမဂုဏ်တို့ကိုမှီသော အလိုဆန္ဒ, ကာမဂုဏ်တို့ကိုမှီသော အကြံအစည်တို့ကို ပယ်စွန့်ရာ၏။ ထိုသို့ ပယ်စွန့်ရာ၌လည်း သင်သည် ဤသို့ ကျင့်ရမည် ”ငါ့စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသော စကားကိုလည်း မမြွက်ဆိုအံ့၊ အစီးအပွားဖြင့်ငဲ့ညှာလျက်လည်း မေတ္တာစိတ်ရှိသည် ဖြစ်၍ ပြစ်မှားသောစိတ်မရှိဘဲ နေအံ့” ဟု ဤသို့လျှင် သင်သည်ကျင့်ရမည်ဟု ဟောကြားတော်မူ၏။

၂၂၅။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို- ရဟန်းတို့ အခါတစ်ပါး၌ ရဟန်းတို့သည် ငါ့စိတ်ကိုနှစ်သက်စေကုန်ဘိ၏တကား။ ရဟန်းတို့ ဤအချိန်က ငါသည် ရဟန်းတို့ကို ”ရဟန်းတို့ ငါသည်တစ်ထပ်တည်းသာ စားအပ်သော ဘောဇဉ်ကို ဘုဉ်းပေး၏၊ ရဟန်းတို့ ငါသည် တစ်ထပ်တည်း သာစားအပ်သော ဘောဇဉ်ကို ဘုဉ်းပေးသော် အနာရောဂါကင်းသည်၏အဖြစ် ကျန်းမာသည်၏အဖြစ်ပေါ့ပါးသန်စွမ်းသည်၏အဖြစ် ချမ်းသာစွာနေရသည်၏အဖြစ်ကို ကောင်းစွာ သိ၏။ ရဟန်းတို့ လာကြကုန်၊ သင်တို့လည်း တစ်ထပ်တည်းသာ စားအပ်သော ဘောဇဉ်ကို စားကြကုန်လော့၊ သင်တို့လည်း တစ်ထပ်တည်းသာ စားအပ်သောဘောဇဉ်ကို စားကြသောကြောင့် အနာရောဂါကင်းသည်၏အဖြစ် ကျန်းမာသည်၏အဖြစ် ပေါ့ပါးသန်စွမ်းသည်၏အဖြစ် ချမ်းသာစွာ နေရသည်၏ အဖြစ်ကို ကောင်းစွာ သိကြကုန်လတ္တံ့” ဟုမိန့်တော်မူ၏။ ရဟန်းတို့ ငါသည် ထိုရဟန်းတို့၌ ဆုံးမမှုကို ပြုခဲ့ရသည် မဟုတ်၊ သတိပေးရုံမျှသာဖြစ်ခဲ့၏။

ရဟန်းတို့ ဥပမာသော်ကား မြေညီ၍ လမ်းလေးခွဆုံရာ လမ်းမကြီး၌ လက်လှမ်းမှီ ထားအပ်သောနှင်တံရှိသော (အာဇာနည်) မြင်းကသော ရထားသည် ကလျက် တည်ရာ၏။ ဆုံးမသင့်သော မြင်းတို့ကို့ဆုံးမတတ်သော ကျွမ်းကျင်သူ မြင်းဆရာသည် ထိုရထားကို တက်စီးပြီးလျှင် လက်ဝဲလက်ဖြင့် ကြိုးတို့ကိုကိုင်၍ လက်ယာလက်ဖြင့် နှင်တံကို ကိုင်လျက် အလိုရှိရာလမ်းသို့ အလိုရှိတိုင်း ဖြောင့်ဖြောင့်လည်းမောင်း နှင်ရာသကဲ့သို့ ပြန်လှည့်၍လည်း မောင်းနှင်ရာသကဲ့သို့ ဤအတူပင် ငါ့မှာ ထိုရဟန်းတို့၌ဆုံးမမှုကို ပြုခဲ့ရသည် မဟုတ်၊ သတိပေးရုံမျှသာ ဖြစ်ခဲ့၏။ ထို့ကြောင့် သင်တို့သည်လည်းအကုသိုလ်ကို ပယ်စွန့် ကြကုန်၊ ကုသိုလ်တရားတို့၌ အားထုတ်ခြင်းကို ပြုကြကုန်။ ဤသို့အားထုတ်ကြကုန်သော် သင်တို့သည်လည်း ဤသာသနာတော်၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ရောက်ကြကုန်လတ္တံ့။

ရဟန်းတို့ ဥပမာသော်ကား ရွာနိဂုံးတို့၏ မနီးမဝေး၌ အင်ကြင်းတောကြီးသည် ရှိ၏၊ ထိုအင်ကြင်းတောကြီးကို ကြက်ဆူပင်တို့ဖြင့် ဖုံးလွှမ်းရာ၏။ ထိုတော၏ အကျိုးစီးပွားနှင့် ဘေးကင်းမှုကိုအလိုရှိသည့် တစ်စုံတစ်ယောက်သော လူသည် ရှိလေရာ၏။ ထိုလူသည် ကောက်ကွေးသောအင်ကြင်းပင်ပျို သြဇာ ကင်းသော အင်ကြင်းပင်တို့ကို ဖြတ်တောက်၍ အပသို့ ထုတ်ဆောင်ပြီးလျှင်တောအတွင်း၌ ကောင်းစွာ ရှင်းလင်းသုတ်သင်ရာ၏၊ ဖြောင့်သော အင်ကြင်းပင် ကောင်းစွာ ပေါက်သောအင်ကြင်းပင်ပျိုတို့ကို ကြီးပွားအောင် ပြုစုရာ၏။ ရဟန်းတို့ ဤသို့ သုတ်သင်ပြုစုခဲ့သော်ထိုအင်ကြင်းတောသည် နောက်အခါ၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာသကဲ့သို့ ဤအတူပင်သင်တို့သည်လည်း အကုသိုလ်ကို ပယ်စွန့်ကြကုန်၊ ကုသိုလ်တရားတို့၌ အားထုတ်ခြင်းကို ပြုကြကုန်။ ဤသို့ အားထုတ်ကြ ကုန်သော် သင်တို့သည်လည်း ဤသာသနာတော်၌ ကြီးပွားစည်ပင် ပြန့်ပြောခြင်းသို့ရောက်ကြကုန် လတ္တံ့။

၂၂၆။ ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကား ဤသာဝတ္ထိပြည်၌ပင်လျှင် ဝေဒေဟိကာမည်သော အိမ်ရှင်မသည် ရှိ၏။ ”ဝေဒေဟိကာ အိမ်ရှင်မသည် နူးညံ့သိမ်မွေ့၏၊ နှိမ့်ချတတ်၏၊ ငြိမ်းအေးမှုရှိ၏” ဟုဝေဒေဟိကာမည်သော အိမ်ရှင်မ၏ သတင်းကောင်း ကျော်စောသံသည် ပျံ့နှံ့သွားလေ၏။ ရဟန်းတို့ဝေဒဟိကာ အိမ်ရှင်မအား ကျွမ်းကျင်လိမ္မာ၍ ပျင်းရိခြင်းမရှိဘဲ အိမ်မှုကိစ္စကို ကောင်းစွာ ပြုစီရင်တတ်သည့် ကာဠီမည်သော ကျွန်မသည် ရှိ၏။

ထိုအခါ ကာဠီကျွန်မအား ဤသို့ အကြံဖြစ်၏၊ ”ဝေဒေဟိကာအိမ်ရှင်မသည် နူးညံ့သိမ်မွေ့၏၊ နှိမ့်ချတတ်၏ ငြိမ်းအေးမှုရှိ၏” ဟု ဤသို့ ငါ့အရှင်မ၏ သတင်းကောင်း ကျော်စောသံသည် ပျံ့နှံ့တက်၏။ အသို့နည်း ငါ့အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသရှိလျက်သာလျှင် ထင်စွာ မပြုသလော၊ သို့မဟုတ်မရှိ၍ပင် ထင်စွာ မပြုသလော၊ သို့မဟုတ် ငါကပင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင်သောကြောင့်ငါ့အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသရှိလျက်သာလျှင် ထင်စွာ မပြုလေသလော၊ မရှိသောကြောင့်ထင်စွာ မပြုသည် မဟုတ်လေသလော။ ငါသည် အရှင်မကို စုံစမ်းရမူ ကောင်းပေမည်” ဟု (အကြံဖြစ်၏)။ ရဟန်းတို့ ထိုအခါ ကာဠီကျွန်မသည် နေမြင့်မှ ထ၏။ ထိုအခါ ဝေဒေဟိကာအိမ်ရှင်မသည် ကာဠီကျွန်မကို ”ဟယ် ကျွန်မကာဠီ” ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟု ပြန်ကြား၏။ ကျွန်မ အဘယ်ကြောင့် နေမြင့်မှ ထသနည်းဟု မေး၏။ အရှင်မ တစ်စုံတစ်ခုသော အကြောင်းမရှိပါဟု ပြန်ကြား၏။ ”သယ် တစ်စုံတစ်ခုသောအကြောင်း စင်စစ်မရှိဘဲ ကျွန်ယုတ်မသည် နေမြင့်မှ ထရာသလော” ဟု (ဆိုကာ) အမျက်ထွက်လျက် မနှစ်သက်သော စိတ်ရှိသည် ဖြစ်၍ မျက်မှောင်ကြုတ်ခြင်းကို ပြု၏။

ရဟန်းတို့ ထိုကာဠီကျွန်မအား ဤသို့ အကြံဖြစ်၏၊ ”ငါ့အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသရှိလျက်သာလျှင် ထင်စွာ မပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာ မပြုသည်ကား မဟုတ်။ ငါသည်ပင်လျှင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင်သောကြောင့် ငါ့အရှင်မသည် မိမိသန္တာန်၌ အမျက်ဒေါသရှိလျက်သာလျှင် ထင်စွာ မပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာ မပြုသည် မဟုတ်။ ထို့ထက်အလွန် အရှင်မကို စုံစမ်းရမူ ကောင်းပေမည်” ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ထို့နောက် ကာဠီကျွန်မသည် အလွန်နေမြင့်မှသာလျှင် ထ၏။ ထိုအခါ ဝေဒေဟိကာအိမ်ရှင်မသည် ကာဠီကျွန်မကို ”ဟယ် ကျွန်မကာဠီ” ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟုပြန်ကြား၏။ ”ကျွန်မ အဘယ်ကြောင့် နေမြင့်မှ ထသနည်းဟု မေး၏။ အရှင်မ တစ်စုံတစ်ခုသောအကြောင်းမရှိပါဟု ပြန်ကြား၏။ ”သယ် တစ်စုံတစ်ခုသောအကြောင်း စင်စစ်မရှိဘဲ ကျွန်ယုတ်မသည်နေမြင့်မှ ထရာသ လော” ဟု (ဆိုကာ) အမျက်ထွက်လျက် မနှစ်သက်သော စိတ်ရှိသည်ဖြစ်၍မနှစ်မြို့ဖွယ်စကားကို ပြောဆို၏။

ရဟန်းတို့ ထိုအခါ ကာဠီကျွန်မအား ဤသို့ အကြံဖြစ်ပြန်၏၊ ”ငါ့အရှင်မသည် မိမိသန္တာန်၌အမျက်ဒေါသရှိလျက်သာလျှင် ထင်စွာ မပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာ မပြုသည် မဟုတ်ပေငြါသည်ပင်လျှင် ထိုအိမ်မှုကိစ္စတို့ကို ကောင်းစွာ ပြုစီရင်သောကြောင့် ငါ့အရှင်မသည် မိမိသန္တာန်၌အမျက်ဒေါသရှိလျက်သာလျှင် ထင်စွာမပြုခြင်း ဖြစ်ခဲ့၏၊ မရှိသောကြောင့် ထင်စွာ မပြုသည်မဟုတ်။ ထို့ထက်အလွန် အရှင်မကို စုံစမ်းရမူ ကောင်းပေမည်” ဟု (အကြံဖြစ်ပြန်၏)။

ရဟန်းတို့ ထို့နောက် ကာဠီကျွန်မသည် အလွန်နေမြင့်မှသာလျှင် ထ၏။ ထိုအခါ ဝေဒေဟိကာအိမ်ရှင်မသည် ကာဠီကျွန်မကို ”ဟယ် ကျွန်မကာဠီ” ဟု ခေါ်၏။ အရှင်မ အဘယ်ပါနည်းဟုပြန်ကြား၏။ ”ကျွန်မ အဘယ်ကြောင့် နေမြင့်မှ ထသနည်းဟု မေး၏။ အရှင်မ တစ်စုံတစ်ခုသောအကြောင်း မရှိပါဟု ပြန်ကြား၏။ ”သယ် တစ်စုံတစ်ခုသောအကြောင်း စင်စစ်မရှိဘဲ ကျွန်ယုတ်မသည်နေမြင့်မှ ထရ သလော” ဟု ဆိုကာ အမျက်ထွက်လျက် မနှစ်သက်သော စိတ်ရှိသည်ဖြစ်၍တံခါးကျင် (မင်းတုပ်) ဖြင့် ဦးခေါင်းကို ရိုက်နှက်သောကြောင့် ဦးခေါင်းကွဲလေ၏။ ရဟန်းတို့ ထိုအခါကာဠီကျွန်မသည် ဦးခေါင်းကွဲ သည် ဖြစ်၍ သွေးစီးကျလျက် ”အရှင်မတို့ နူးညံ့သိမ်မွေ့သူ၏ ပြုမူပုံကိုကြည့်ရှုကြပါကုန်၊ အရှင်မတို့ နှိမ့်ချတတ်သူ၏ ပြုမူပုံကို ကြည့်ရှုကြပါကုန်၊ အရှင်မတို့ငြိမ်းအေးမှုရှိသူ၏ပြုမူပုံကို ကြည့်ရှုကြပါကုန်၊ အဘယ့်ကြောင့်လျှင် တစ်ယောက်တည်းသော ကျွန်မအား ‘နေမြင့်မှထသနည်း’ဟု အမျက်ထွက်လျက် မနှစ်သက်သော စိတ်ရှိသည် ဖြစ်၍ ‘သင့်ဦးခေါင်းကွဲပေတော့’ဟုတံခါးကျင် (မင်းတုပ်) ဖြင့် ဦးခေါင်းကို ရိုက်ရက်ဘိသနည်း” ဟု အိမ်နီးချင်းတို့ကို တိုင်တန်းပြောဆို၏။

ရဟန်းတို့ နောင်အခါ၌ ”ဝေဒေဟိကာအိမ်ရှင်မသည် ကြမ်းတမ်းသူတည်း၊ နှိမ့်ချသူ မဟုတ်၊ ငြိမ်းအေးသူ မဟုတ်” ဟု ဝေဒေဟိကာအိမ်ရှင်မ၏ သတင်းဆိုး ကျော်စောသံသည် ပျံ့နှံ့သွားလေ၏။

ရဟန်းတို့ ဤအတူပင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် စိတ်မနှစ်သက်ဖွယ် စကားလမ်းကြောင်းများ မတွေ့ထိသေးသမျှ အလွန်နူးညံ့သူ အလွန်နှိမ့်ချသူ အလွန်ငြိမ်းအေးသူ ဖြစ်တတ်၏။ ရဟန်းတို့ စိတ်မနှစ်သက်ဖွယ် စကားလမ်းကြောင်းများ တွေ့ထိသောအခါမှသာလျှင် ရဟန်းကို နူးညံ့သူနှိမ့်ချသူငြိမ်းအေးသူဟု သိရမည်။ ရဟန်းတို့ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဟူသော အကြောင်းကြောင့် အပြောအဆိုလွယ်သူ၏အဖြစ်သို့ ရောက်သော ရဟန်းကိုအပြောအဆိုလွယ်သူဟု ငါမဆိုပေ။ ထိုသို့ မဆိုခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုရဟန်းသည် ထိုသင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို မရသည်ရှိသော် အပြောအဆိုလွယ်သူ၏အဖြစ်သို့ မရောက်သောကြောင့်တည်း။ ရဟန်းတို့ တရားကိုသာလျှင် အရိုအသေပြုလျက်တရားကိုသာလျှင် အလေးပြုလျက် တရားကိုသာလျှင် မြတ်နိုးပူဇော်လျက် တုပ်ဝပ်ရိုကြိုးလျက် အပြောအဆိုလွယ်သူ၏ အဖြစ်သို့ရောက်သော ရဟန်းကိုသာလျှင် အပြောအဆို လွယ်သူဟု ငါဆိုပေ၏။ ထိုကြောင့် ”တရားကိုသာလျှင် အရိုအသေပြုလျက် တရားကိုသာလျှင် အလေးပြုလျက် တရားကိုသာလျှင်မြတ်နိုး ပူဇော်လျက် တုပ်ဝပ်ရိုကြိုးလျက် အပြောအဆိုလွယ်သူ ဖြစ်ကြကုန်အံ့၊ အပြောအဆိုလွယ်သူ၏အဖြစ်သို့ ရောက်ကြကုန်အံ့” ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်။

၂၂၇။ ရဟန်းတို့ သင့်လျော်သောအခါအားဖြင့်လည်းကောင်း၊ မသင့်လျော်သောအခါအားဖြင့်လည့်းကောင်း၊ ဟုတ်မှန်သောအားဖြင့်လည်းကောင်း၊ မဟုတ်မမှန်သောအားဖြင့်လည်းကောင်း၊ သိမ်မွေ့သောအားဖြင့်လည်းကောင်း၊ ကြမ်းတမ်းသောအားဖြင့်လည်းကောင်း၊ အကျိုး (အကြောင်း) နှင့် စပ်သောအားဖြင့်လည်းကောင်း၊ အကျိုး (အကြောင်း) နှင့် မစပ်သောအားဖြင့်လည်းကောင်း၊ မေတ္တာစိတ်ရှိကုန်၍လည်းကောင်း၊ ပြစ်မှားသောစိတ်ရှိကုန်၍လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသောစကား လမ်းကြောင်းတို့ကား ဤဆိုမည့် ငါးပါးတို့တည်း။

ရဟန်းတို့ သင့်လျော်သောအခါအားဖြင့်ဖြစ်စေ၊ မသင့်လျော်သောအခါအားဖြင့်ဖြစ်စေ သူတစ်ပါးတို့ကပြောဆိုမူ ပြောဆိုကုန်ရာ၏၊ ဟုတ်မှန်သောအားဖြင့်ဖြစ်စေ၊ မဟုတ်မမှန်သောအားဖြင့်ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ သိမ်မွေ့သောအားဖြင့်ဖြစ်စေ၊ ကြမ်းတမ်းသောအားဖြင့်ဖြစ်စေသူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ အကျိုး (အကြောင်း) နှင့် စပ်သောအားဖြင့်ဖြစ်စေ၊ အကျိုး (အကြောင်း) နှင့် မစပ်သောအားဖြင့်ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ မေတ္တာစိတ်ရှိကုန်၍ဖြစ်စေ၊ ပြစ်မှားသော စိတ်ရှိကုန်၍ဖြစ်စေ၊ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ရဟန်းတို့ထိုသို့ (ပြောဆိုရာ) စကားလမ်းကြောင်းတို့၌လည်း သင်တို့သည် ဤသို့ ကျင့်ရမည်၊ ”ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်ညံ့သော စကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့်ငဲ့ညှာကြကုန်လျက်လည်း မေတ္တာစိတ်ရှိကြကုန်၍ ပြစ်မှားသော စိတ်မရှိကြဘဲ နေကြကုန်အံ့၊ ထိုပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်းထိုမေတ္တာစိတ်၏ အာရုံပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏမရှိသော ရန်မရှိသော ဆင်းရဲခြင်းမရှိသော မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့” ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်။

၂၂၈။ ရဟန်းတို့ ဥပမာသော်ကား ယောက်ျားသည် ပေါက်တူးခြင်းတောင်းကို ယူ၍ လာပြီးလျှင် ”ငါသည် ဤမြေကြီးကို မြေကြီးမဟုတ်အောင် ပြုတော့အံ့” ဟု ပြောဆိုရာ၏။ ထိုယောက်ျားသည် ”မြေကြီးမဟုတ်သည် ဖြစ်လော့၊ မြေကြီးမဟုတ်သည် ဖြစ်လော့” ဟု ထိုထို အရပ်၌ တူးဆွရာ၏၊ ထိုထိုအရပ်၌။ ကဲဖြန့်ရာ၏၊ ထိုထို အရပ်၌ တံတွေးထွေးရာ၏၊ ထိုထို အရပ်၌ ကျင်ငယ်စွန့်ရာ၏။ ရဟန်းတို့ထိုအကြောင်းကို အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ထိုယောက်ျားသည် ဤမြေကြီးကို မြေကြီးမဟုတ်အောင် ပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့မဖြစ်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း။

အသျှင်ဘုရား ဤမြေကြီးသည် ထုထည် ထူထဲ၍ (အနံ) အပိုင်းအခြားပမာဏ မရှိသောကြောင့်ထိုမြေကြီးကို မြေကြီးမဟုတ်အောင် ပြုရန် မလွယ်ပါ။ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာဖြစ်ရာပါ၏ဟု (လျှောက်ကြားကြကုန်၏)။ ရဟန်းတို့ ဤအတူပင် သင့်လျော်သော အခါအားဖြင့်လည်းကောင်း၊ မသင့်လျော်သော အခါအားဖြင့်လည်းကောင်း၊ ဟုတ်မှန်သောအားဖြင့်လည်းကောင်း၊ မဟုတ်မမှန်သောအားဖြင့်လည်းကောင်း၊ သိမ်မွေ့ (ပြေပြစ်) သောအားဖြင့်လည်းကောင်း၊ ကြမ်းတမ်းသောအားဖြင့်လည်းကောင်း၊ အကျိုး (အကြောင်း) နှင့်စပ်သောအားဖြင့်လည်းကောင်း၊ အကျိုး (အကြောင်း) နှင့် မစပ်သောအားဖြင့်လည်းကောင်း၊ မေတ္တာစိတ်ရှိကုန်၍လည်းကောင်း၊ ပြစ်မှားသော စိတ်ရှိကုန်၍လည်းကောင်းသင်တို့ကို သူတစ်ပါးတို့က ပြောဆိုမှု ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။

ရဟန်းတို့ သင့်လျော်သောအခါအားဖြင့်ဖြစ်စေ၊ မသင့်လျော်သောအခါအားဖြင့်ဖြစ်စေ သူတစ်ပါးတို့ကပြောဆိုမူ ပြောဆိုကုန်ရာ၏၊ ဟုတ်မှန်သောအားဖြင့်ဖြစ်စေ၊ မဟုတ်မမှန်သောအားဖြင့်ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ ရဟန်းတို့ သိမ်မွေ့ (ပြေပြစ်) သောအားဖြင့်ဖြစ်စေ၊ ကြမ်းတမ်းသောအားဖြင့်ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ အကျိုး (အကြောင်း) နှင့် စပ်သောအားဖြင့်ဖြစ်စေ၊ အကျိုး (အကြောင်း) နှင့် မစပ်သောအားဖြင့်ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ မေတ္တာစိတ်ရှိကုန်၍ဖြစ်စေ၊ ပြစ်မှားသောစိတ်ရှိကုန်၍ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ရဟန်းတို့ ထိုသို့ (ပြောဆိုရာ) စကားလမ်းကြောင်းတို့၌လည်း သင်တို့သည် ဤသို့ ကျင့်ရမည်၊ ”ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်ညံ့သော စကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကြကုန်လျက်လည်း မေတ္တာစိတ်ရှိကြကုန်၍ ပြစ်မှားသောစိတ် မရှိကြဘဲ နေကြကုန်အံ့၊ ထိုပုဂ္ဂိုလ် ကိုလည်း မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏ အာရုံပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သောအပိုင်းအခြား ပမာဏမရှိသော ရန်မရှိသော ဆင်းရဲခြင်းမရှိသော မြေကြီးနှင့် တူသော စိတ်ဖြင့် ဖြန့်၍နေကြကုန် အံ့” ဟု ဤသို့လျှင် သင်တို့ကျင့်ရမည်။

၂၂၉။ ရဟန်းတို့ ဥပမာသော်ကား ယောက်ျားသည် ချိပ်ရည်ကိုလည်းကောင်း အဝါရည်ကိုလည်းကောင်း၊ အညိုရည်ကိုလည်းကောင်း၊ နီမောင်းသော ဆေးရည်ကိုလည်းကောင်း၊ ယူ၍ ”ငါသည် ဤကောင်းကင်၌ အရုပ်ကို ရေးအံ့၊ အရုပ်ကို ထင်ရှားဖြစ်အောင် ပြုအံ့” ဟု ဤသို့ ပြောဆိုရာ၏။ ရဟန်းတို့ ထိုအကြောင်းကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုယောက်ျားသည် ဤကောင်းကင်၌အရုပ်ကို ရေးနိုင် ရာသလော၊ အရုပ်ကို ထင်ရှားဖြစ်အောင် ပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤအကြောင်းသည် မဖြစ်နိုင်ပါ၊ ထိုသို့ မဖြစ်နိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ အသျှင်ဘုရား ဤ ကောင်းကင်သည် အဆင်းပုံသဏ္ဌာန်ရှိသည် မဟုတ်ပါ၊ မြင်ကောင်းသောအရာလည်းမဟုတ်ပါ၊ ထို ကောင်းကင်၌ အရုပ်ကို ရေးရန် အရုပ်ကို ထင်ရှားဖြစ်အောင် ပြုရန် မလွယ်ပါ၊ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု (လျှောက်ကြားကြကုန်၏)။ ရဟန်းတို့ဤအတူပင် သင့်လျော် သော အခါအားဖြင့်လည်းကောင်း၊ မသင့်လျော်သော အခါအားဖြင့်လည်းကောင်းသင်တို့ကို သူတစ်ပါးတို့ က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည်ဤငါးပါးတို့တည်း။ပ။

အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏ အာရုံပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏမရှိသော ရန်မရှိသော ဆင်းရဲခြင်းမရှိသော ကောင်းကင်နှင့်တူသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့” ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်။

၂၃ဝ။ ရဟန်းတို့ ဥပမာသော်ကား ယောက်ျားသည် ရဲရဲတောက်သော မြက်မီးရှူးကို ယူပြီးလျှင် ”ငါသည် ရဲရဲတောက်သော ဤမြက်မီးရှူးဖြင့် ဂင်္ဂါမြစ်ကို ပူလောင်စေအံ့၊ ထက်ဝန်းကျင် ပူလောင်စေအံ့” ဟု ဤသို့ ပြောဆိုရာ၏။ ရဟန်းတို့ ထိုအကြောင်းကို အဘယ်သို့ ထင်မှတ်ကြကုန်သနည်း၊ ထိုယောက်ျားသည် ရဲရဲတောက်သော မြက်မီးရှူးဖြင့် ဂင်္ဂါမြစ်ကို ပူလောင်စေနိုင်ရာသလော၊ ထက်ဝန်းကျင်ပူလောင်စေနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့မဖြစ်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ အသျှင်ဘုရား ဂင်္ဂါမြစ်သည် နက်စောက်၍ အပိုင်းအခြားပမာဏမရှိပါ၊ ထို့ကြောင့် ထိုဂင်္ဂါမြစ်ကို ရဲရဲတောက်သော မြက်မီးရှူးဖြင့် ပူလောင်စေရန် ထက်ဝန်းကျင်ပူလောင်စေရန် မလွယ်ပါ။ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု (လျှောက်ကြားကြကုန်၏)။ ရဟန်းတို့ ဤအတူပင် သင့်လျော်သော အခါအားဖြင့်လည်းကောင်း၊ မသင့်လျော်သော အခါအားဖြင့်လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆို နိုင်ရာသောစကားလမ်းကြောင်းတို့ သည် ဤငါးပါးတို့တည်း။ပ။ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏ အာရုံပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏမရှိသော ရန်မရှိသော ဆင်းရဲခြင်းမရှိသော ဂင်္ဂါမြစ်နှင့်တူသော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့” ဟုဤသို့လျှင် သင်တို့ ကျင့်ရမည်။

၂၃၁။ ရဟန်းတို့ ဥပမာသော်ကား အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့်တူသော ကျွိကျွိ။ ဗိဗြိ အသံမမြည်သော နူးညံ့သော ကြောင်ရေအိတ်သည် ရှိရာ၏။ ထိုအခါယောက်ျားသည် တုတ်ချောင်းကိုလည်းကောင်း၊ အိုးခြမ်းကွဲကိုလည်းကောင်း ယူပြီးလျှင် ”ငါသည် အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့်တူသော ကျွိကျွိ။ ဗိဗြိ အသံမမြည်သော နူးညံ့သော ဤကြောင်ရေအိတ်ကို တုတ်ချောင်းဖြင့်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်လည်းကောင်း ကျွိကျွိ။ ဗိဗြိအသံကို ပြုအံ့” ဟု ပြောဆိုရာ၏။ ရဟန်းတို့ ထိုအကြောင်းကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ထိုယောက်ျားသည် အတွင်းအပြင် ထက်ဝန်း ကျင်မှ ကောင်းစွာနယ်ထားသော လဲနှင့်တူသော ကျွိကျွိဗြိဗြိ အသံမမြည်သော နူးညံ့သော ဤကြောင်ရေအိတ်ကို တုတ်ချောင်းဖြင့်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်လည်း ကောင်း ကျွိကျွိ။ ဗိဗြိ အသံကို ပြုနိုင်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရားဤအကြောင်းသည် မဖြစ်နိုင်ပါ။ ထိုသို့မဖြစ်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤကြောင်ရေအိတ်သည် အတွင်းအပြင် ထက်ဝန်းကျင်မှ ကောင်းစွာ နယ်ထားသော လဲနှင့်တူသော ကျွိကျွိ။ ဗိဗြိအသံ မမြည်သော နူးညံ့သော ကြောင်ရေအိတ်ဖြစ်ပါသည်။ ထို့ကြောင့် ထိုကြောင်ရေအိတ်ကိုတုတ်ချောင်းဖြင့်ဖြစ်စေ၊ အိုးခြမ်းကွဲဖြင့် ဖြစ်စေ ကျွိကျွိ။ ဗိဗြိ အသံကို ပြုရန် မလွယ်ကူပါ။ ထိုယောက်ျားသည် ပင်ပန်းရုံ ဆင်းရဲရုံမျှသာ ဖြစ်ရာပါ၏ဟု (လျှောက်ကြားကြကုန်၏)။ ရဟန်းတို့ဤအတူပင် သင့်လျော်သောအခါအားဖြင့်လည်းကောင်း၊ မသင့်လျော်သောအခါအားဖြင့်လည်းကောင်း၊ ဟုတ်မှန်သောအားဖြင့်လည်းကောင်း၊ မဟုတ်မမှန်သော အား ဖြင့်လည်းကောင်း၊ သိမ်မွေ့ (ပြေပြစ်) သောအားဖြင့်လည်းကောင်း၊ ကြမ်းတမ်းသော အားဖြင့်လည်းကောင်း၊ အကျိုး (အကြောင်း) နှင့်စပ်သောအားဖြင့်လည်းကောင်း၊ အကျိုး (အကြောင်း) နှင့် မစပ်သောအားဖြင့်လည်းကောင်း၊ မေတ္တာစိတ်ရှိကုန်၍လည်းကောင်း၊ ပြစ်မှားသောစိတ်ရှိကုန်၍လည်းကောင်း သင်တို့ကို သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုနိုင်ရာသော စကားလမ်းကြောင်းတို့သည် ဤငါးပါးတို့တည်း။ ရဟန်းတို့ သင့်လျော်သောအခါအားဖြင့်ဖြစ်စေ၊ မသင့်လျော်သောအခါ အားဖြင့်ဖြစ်စေ သူတစ်ပါးတို့ ပြောဆိုမူပြောဆိုကုန် ရာ၏၊ ဟုတ်မှန်သောအားဖြင့်ဖြစ်စေ၊ မဟုတ်မမှန်သော အားဖြင့်ဖြစ်စေ သူတစ်ပါးတို့ကပြောဆိုမူ ပြော ဆိုကုန်ရာ၏၊ သိမ်မွေ့ (ပြေပြစ်) သောအားဖြင့်ဖြစ်စေ၊ ကြမ်းတမ်းသောအားဖြင့်ဖြစ်စေသူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ အကျိုး (အကြောင်း) နှင့်စပ်သောအားဖြင့်ဖြစ်စေ၊ အကျိုး (အကြောင်း) နှင့် မစပ်သောအားဖြင့်ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏၊ မေတ္တာစိတ်ရှိကုန်၍ဖြစ်စေ ပြစ် မှားသောစိတ်ရှိကုန်၍ဖြစ်စေ သူတစ်ပါးတို့က ပြောဆိုမူ ပြောဆိုကုန်ရာ၏။ ရဟန်းတို့ (သို့ပြောဆိုရာ) စကားလမ်းကြောင်းတို့၌ သင်တို့သည် ဤသို့ ကျင့်ရမည်၊ ”ငါတို့၏စိတ်သည် ဖောက်ပြန်မှု မဖြစ် လတ္တံ့၊ ယုတ်ညံ့သော စကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကာ မေတ္တာစိတ်ရှိကုန် လျက် ပြစ်မှားသောစိတ် မရှိကြကုန်ဘဲ နေကြကုန်အံ့၊ ထိုပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့၊ အကြွင်းမဲ့သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏ အာရုံပြုလုပ်လျက် ပြန့်ပြောသော မြတ်သည်၏အဖြစ်သို့ရောက်သော အပိုင်းအခြားပမာဏမရှိသော ရန်မရှိသော ဆင်းရဲခြင်း မရှိသော ကြောင်ရေအိတ်နှင့်တူသောစိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့” ဟု ဤသို့လျှင် သင်တို့သည် ကျင့်ရ မည်။

၂၃၂။ ရဟန်းတို့ ယုတ်မာမှုရှိသော ခိုးသူတို့သည် နှစ်ဖက်ရိုးရှိသော လွှဖြင့် အင်္ဂါကြီးငယ်တို့ကိုအကယ်၍လည်း တိုက်ဖြတ်ကုန်ငြားအံ့၊ ထိုသို့ တိုက်ဖြတ်ရာ၌လည်း စိတ်ပြစ်မှားသောသူသည် ထိုစိတ်ပြစ်မှားခြင်းဖြင့် ငါ၏ အဆုံးအမကို ပြုကျင့်သူ မဟုတ်၊ ရဟန်းတို့ ထိုသို့ တိုက်ဖြတ်ရာ၌လည်းသင်တို့သည် ဤသို့ ကျင့်ရမည်၊ ”ငါတို့၏ စိတ်သည် ဖောက်ပြန်မှု မဖြစ်လတ္တံ့၊ ယုတ်မာသောစကားကိုလည်း မမြွက်ဆိုကြကုန်အံ့၊ အစီးအပွားဖြင့် ငဲ့ညှာကာ မေတ္တာစိတ်ရှိကုန်လျက် ပြစ်မှားသောစိတ့်မရှိကြကုန်ဘဲ နေကြကုန်အံ့၊ ထိုပုဂ္ဂိုလ်ကိုလည်း မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် ဖြန့်၍နေကြကုန်အံ့၊ အကြွင်းမဲ့ သတ္တဝါအားလုံးကိုလည်း ထိုမေတ္တာစိတ်၏ အာရုံပြုလုပ်လျက် ပြန့်ပြောသောမြတ်သည်၏ အဖြစ်သို့ ရောက်သော အပိုင်းအခြားပမာဏမရှိသော ရန်မရှိသော ဆင်းရဲခြင်းမရှိသောမေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် ဖြန့်၍ နေကြကုန်အံ့” ဟု ဤသို့ သင်တို့ ကျင့်ရမည်။

၂၃၃။ ရဟန်းတို့ သင်တို့သည် ဤလွှဥပမာရှိသော အဆုံးအမသြဝါဒကိုလည်း မပြတ်နှလုံးသွင်းကြကုန်လော့၊ ရဟန်းတို့ သင်တို့သည် မခံနိုင်လောက်သော ငယ်ငယ်ကြီးကြီးဖြစ်သော ထိုစကားလမ်းကြောင်းကို သင်တို့ တွေ့မြင်ကြကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတွေ့မြင်ကြပါဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထို့ကြောင့် ဤလွှဥပမာရှိသော အဆုံးအမသြဝါဒကိုမပြတ်နှလုံးသွင်းကြ ကုန်လော့။ ထိုအဆုံးအမ သြဝါဒသည် သင်တို့အတွက် ရှည်မြင့်စွာသောကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟု မြတ်စွာဘုရားသည် ဤတရားတော်ကိုဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ဝမ်းမြောက်စွာ ခံယူကြလေသတည်း။

ရှေးဦးစွာသော ကကစူပမသုတ်ပြီး၏။