မန ၂၂: အလဂဒ္ဒူပမသုတ်

၂၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ လင်းတသတ်မျိုး၌ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းအား ”(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရားဟောထားတော်မူသော တရားတို့ကိုဟောထားတော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကိုပြုခြင်းငှါ မစွမ်းနိုင်” ဟု ယုတ်ညံ့သော မိစ္ဆာအယူသည် ဖြစ်ပေါ်လာ၏။ များစွာသော ရဟန်းတို့သည်လင်းတသတ်မျိုး၌ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းအား ”(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားတော်မူသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်” ဟု ယုတ်ညံ့သောမိစ္ဆာအယူသည် ဖြစ်ပေါ်လာ၏ဟူ၍ ကြားကုန်၏။ ထိုအခါ ရဟန်းတို့သည် လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သောရဟန်းအား ”ငါ့သျှင် အရိဋ္ဌ သင့်အား ‘(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရားဟောထားတော်မူသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်’ဟု ယုတ်ညံ့သော မိစ္ဆာအယူသည်ဖြစ်ပေါ်လာ၏ ဟူသည် မှန်သလော” ဟု မေးကြကုန်၏။ ငါ့သျှင်တို့ ကြားသည့်အတိုင်း မှန်ပေ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိပါ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါဟု (ပြောဆို၏)။ ထိုအခါ ရဟန်းတို့သည် လင်းတသတ်မျိုး၌ဖြစ်ဖူးသော အရိဋ္ဌရဟန်းကို ယုတ်ညံ့လှသော ဤအယူမှ ကင်းကွာစေလိုကြ၍ ဤသို့ အယူကို မေးစိစစ်ကြကုန်၏၊ အယူကို ဝန်ခံစေကြကုန်၏၊ အကြောင်းကို မေးမြန်းကြကုန်၏၊ ”ငါ့သျှင်အရိဋ္ဌ ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကိုမစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းချေ၊ မြတ်စွာဘုရားသည် ဤသို့ဟောတော်မမူရာ၊ ငါ့သျှင်အရိဋ္ဌ များစွာသော အကြောင်းဖြင့် မြတ်စွာဘုရားသည် အန္တရာယ်ကိုပြုတတ်ကုန်သောတရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု ဟောတော်မူ၏၊ ထိုတရားတို့သည် မှီဝဲ့သောသူအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း။ ကာမဂုဏ်တို့သည် သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပြင်းစွာပင်ပန်းခြင်း များကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ် များလှ၏ဟူ၍မြတ်စွာဘုရား ဟောကြားတော်မူ၏။ ကာမဂုဏ်တို့သည် အသားမကပ်သောအရိုးနှင့် တူကုန်၏ဟူ၍လည်းကောင်း၊ သားတစ်နှင့်တူကုန်၏ဟူ၍လည်းကောင်း၊ မြက်မီးရှူးနှင့်တူကုန်၏ဟူ၍လည်းကောင်း၊ မီးကျီး တွင်းနှင့်တူကုန်၏ ဟူ၍လည်းကောင်း၊ အိပ်မက်နှင့်တူကုန်၏ ဟူ၍လည်းကောင်း၊ အငှါးပစ္စည်းနှင့်တူကုန်၏ ဟူ၍လည်းကောင်း၊ အသီးရှိသောအပင်နှင့်တူကုန်၏ဟူ၍လည်းကောင်း၊ စဉ်းတီတုံးနှင့်တူကုန်၏ ဟူ၍လည်း ကောင်း၊ လှံတံကျင်နှင့် တူကုန်၏ ဟူ၍လည်းကောင်း၊ မြွေဦးခေါင်းနှင့်တူကုန်၏ဟူ၍လည်းကောင်း မြတ်စွာ ဘုရားဟောကြားတော်မူ၏။ ကာမဂုဏ်တို့သည် ဆင်းရဲများကုန်၏၊ ပြင်းစွာပင်ပန်းခြင်း များကုန်၏၊ ဤ ကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍မြတ်စွာဘုရားဟောကြားတော်မူ၏” ဟု အယူကို မေးစိစစ် ကြကုန်၏၊ အယူကိုဝန်ခံစေကုန်၏၊ အကြောင်းကို မေးမြန်းကြကုန်၏။ လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌ ရဟန်းသည် ထိုရဟန်းတို့ကဤသို့အယူကို မေးစိစစ်ကြသော်လည်း အယူကို ဝန်ခံစေကြသော်လည်း အကြောင်းကိုမေးမြန်းကြသော်လည်း ရှေးအတူသာလျှင် ယုတ်ညံ့သော မိစ္ဆာအယူကို အစွမ်းကုန် မှား သောအားဖြင့်သုံးသပ်ကာ စွဲစွဲမြဲမြဲ ပြောဆို၏၊ ”ငါ့သျှင်တို့ ကြားသည့်အတိုင်း မှန်ပေ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကိုပြုခြင်းငှါ မစွမ်းနိုင်ပါ” ဟု (ပြောဆို၏)။

၂၃၅။ ထိုရဟန်းတို့သည် လင်းတသတ်မျိုး၌ဖြစ်ဖူးသော အရိဋ္ဌရဟန်းအား ယုတ်ညံ့သော ထိုမိစ္ဆာအယူမှ လွတ်စေခြင်းငှါ မတတ်နိုင်ကြသောကြောင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးကြပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် ဤသို့ လျှောက်ထားကြကုန်၏။ အသျှင်ဘုရား လင်းတသတ်မျိုး၌ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းအား ”(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသောတရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်” ဟု (ဤသို့သဘောရှိသော) ယုတ်ညံ့သောမိစ္ဆာအယူသည် ဖြစ်ပေါ်ပါ၏။

မြတ်စွာဘုရား တပည့်တော်တို့သည် လင်းတသတ် မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းအား ”(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရားဟောထားသော တရားတို့ကိုဟောထား တော်မူသည့်အတိုင်း ငါသိ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်” ဟု (ဤသို့သဘောရှိသော) ယုတ်ညံ့သော မိစ္ဆာအယူ ဖြစ်ပေါ်နေသည်ကိုကြားကြပါကုန်၏။

မြတ်စွာဘုရား ထိုအခါ တပည့်တော်တို့သည် လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သောရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌမည်သော ရဟန်းအား ”ငါ့သျှင်အရိဋ္ဌ သင့်အား ‘(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရားဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကိုပြုခြင်းငှါ မစွမ်းနိုင်” ဟု ယုတ်မာသော မိစ္ဆာအယူဖြစ်ပေါ်လာ၏ဟူသည် မှန်သလော” ဟု မေးပါကုန်၏။

မြတ်စွာဘုရား ဤသို့မေးသော် လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းက တပည့်တော်တို့ကို ”ငါ့သျှင်တို့ ကြားသည့်အတိုင်း မှန်ပေ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရားတို့သည့်မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကိုပြုခြင်းငှါ မစွမ်းနိုင်ပါ” ဟု ဖြေဆိုပါ၏။

မြတ်စွာဘုရား တပည့်တော်တို့သည် လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းကို ယုတ်ညံ့လှ သောဤ မိစ္ဆာအယူမှ ကင်းကွာစေလိုကြ၍ ဤသို့ အယူကို မေးစိစစ်ကြပါကုန်၏၊ အယူကို ဝန်ခံစေကြပါကုန်၏၊ အကြောင်းကို မေးမြန်းကြပါကုန်၏။

”ငါ့သျှင်အရိဋ္ဌ ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်း သည်မကောင်းချေ၊ မြတ်စွာဘုရားသည် ဤသို့ ဟောတော်မမူရာ။

ငါ့သျှင်အရိဋ္ဌ များစွာသော အကြောင်းဖြင့် မြတ်စွာဘုရားသည် အန္တရာယ်ကို ပြုတတ်ကုန်သောတရားတို့ကို (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု ဟောတော်မူ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာလျှင်တည်း။

ကာမဂုဏ်တို့သည် သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပြင်းစွာပင်ပန်းခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ မြတ်စွာဘုရားဟောကြားတော်မူ၏။ ကာမဂုဏ်တို့သည် အသားမကပ်သော အရိုးနှင့် တူကုန်၏ ဟူ၍လည်းကောင်း၊ သားတစ်နှင့်တူကုန်၏ ဟူ၍လည်းကောင်း၊ မြက်မီးရှူးနှင့်တူကုန်၏ ဟူ၍လည်းကောင်း၊ မီးကျီးတွင်းနှင့်တူကုန်၏ဟူ၍လည်းကောင်း၊ အိပ်မက်နှင့်တူကုန်၏ဟူ၍လည်းကောင်း၊ အငှါးပစ္စည်းနှင့်တူကုန်၏ဟူ၍လည်းကောင်း အသီးရှိသောအပင်နှင့်တူကုန်၏ဟူ၍လည်းကောင်း၊ စဉ်းတီတုံးနှင့်တူကုန်၏ဟူ၍လည်းကောင်း၊ လှံတံကျင်နှင့် တူကုန်၏ဟူ၍လည်းကောင်း၊ မြွေဦးခေါင်းနှင့်တူကုန်၏ဟူ၍လည်းကောင်း မြတ်စွာဘုရားဟောကြားတော်မူ၏။ ကာမဂုဏ်တို့သည် ဆင်းရဲများကုန်၏၊ ပြင်းစွာပင်ပန်းခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏” ဟူ၍ ဟောတော်မူ၏ဟု (ဆိုကုန်၏)။

လင်းတသတ် မျိုး၌ဖြစ်ဖူးသော အရိဋ္ဌရဟန်းသည် ဤသို့ တပည့်တော်တို့က အယူကို မေးစိစစ်ပါသော်လည်း အယူကို ဝန်ခံစေပါသော်လည်း အကြောင်းကို မေးမြန်းပါသော်လည်း ရှေးအတူသာလျှင် ထိုယုတ်ညံ့သော မိစ္ဆာအယူကို အစွမ်းကုန်မှားသောအားဖြင့် သုံးသပ်၍ စွဲစွဲမြဲမြဲ ပြောဆိုပါ၏။

”ငါ့သျှင်တို့ ကြားသည့်အတိုင်း မှန်ပေ၏၊ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟုမြတ်စွာဘုရားဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရားတို့သည်မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကိုပြုခြင်းငှါ မစွမ်းနိုင်ပါ” ဟု (ပြောဆိုပါ၏)။

မြတ်စွာဘုရား တပည့်တော်တို့သည် လင်းတသတ်မျိုး၌ဖြစ်ဖူးသော အရိဋ္ဌရဟန်းအား ယုတ်ညံ့သောမိစ္ဆာအယူမှ ကင်းကွာစေခြင်းငှါ မတတ်နိုင်ကြပါသောကြောင့် မြတ်စွာဘုရားအား ဤအကြောင်းကိုလျှောက်ထားပါသည်ဟု (လျှောက်ကြကုန်၏)။

၂၃၆။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတစ်ပါးကို ”ရဟန်း လာလော့၊ ငါ့အမိန့်ဖြင့် ‘ငါ့သျှင် အရိဋ္ဌမြတ်စွာဘုရားက သင့်ကို ခေါ်တော်မူ၏’ဟု လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းကိုသိစေလော့” ဟု မိန့်တော်မူ၏။ ”အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းသည် မြတ်စွာဘုရားအားပြန် ကြားလျှောက်ထားပြီးလျှင် လင်းတသတ် မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းထံသို့ ချဉ်းကပ်လျက် ”ငါ့သျှင် အရိဋ္ဌ မြတ်စွာဘုရားက သင့်ကို ခေါ်တော်မူ၏” ဟု ပြော၏။ ”ငါ့သျှင် ကောင်းပြီ” ဟုထိုရဟန်းအား ပြန်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုးကာ လျောက်ပတ်သောနေရာ၌ ထိုင်နေ သော လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းအား မြတ်စွာဘုရားသည် ”အရိဋ္ဌသင့်အား ‘(ဈာန် မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရားဟောထားသောတရားတို့ကို ဟောထားတော်မူ သည့်အတိုင်း ငါသိပါ၏၊ ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါ’ဟု ယုတ်ညံ့သော မိစ္ဆာအယူဖြစ်ပေါ်လာ၏ ဟူသည် မှန်သလော” ဟု မေးတော်မူ၏။

”ကြားတော်မူသည့်အတိုင်း မှန်ပါသည် အသျှင်ဘုရား။ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု မြတ်စွာဘုရားဟောထားသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း သိပါ၏၊ ထိုတရားတို့သည် မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှါ မစွမ်းနိုင်ပါ” ဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါဘုရားသည် အဘယ်သူအား ဤသို့သော တရားမျိုးဟောတော်မူဖူးသည်ကို သင်သိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ငါသည်များစွာသော အကြောင်းဖြင့် အန္တရာယ်ကို ပြုတတ်ကုန်သော တရားတို့ကို အန္တရာယ်ကို ပြုတတ်သောတရားတို့ ဟူ၍ ဟောထားသည် မဟုတ်လော၊ ထိုတရားတို့သည် မှီဝဲသောသူအား အန္တရာယ်ကိုပြုခြင်းငှါ စွမ်းနိုင် သည်သာတည်းဟု ဟောတော်မူသည် မဟုတ်ပါလော။

ငါဘုရားသည် ကာမဂုဏ်တို့ကို သာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပြင်းစွာ ပင်ပန်းခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်များလှ၏ဟူ၍ ဟောတော်မူသည် မဟုတ်ပါလော။ ငါဘုရားသည်ကာမဂုဏ်တို့ကို အသားမကပ်သော အရိုးနှင့်တူကုန်၏ဟု ဟောတော်မူသည် မဟုတ်ပါလော။ ကာမဂုဏ်တို့ကို သားတစ်နှင့် တူကုန်၏ဟု ဟောတော်မူသည် မဟုတ်ပါလော။ ကာမဂုဏ်တို့ကို မြက်မီးရှူးနှင့်တူကုန်၏ဟု ဟောတော်မူသည် မဟုတ်ပါလော။ ကာမဂုဏ်တို့ကို မီးကျီးတွင်းနှင့် တူကုန်၏ဟုဟောတော် မူသည် မဟုတ်ပါလော။ ကာမဂုဏ်တို့ကို အိပ်မက်နှင့် တူကုန်၏ဟု ဟောတော်မူသည်မဟုတ်ပါလော။ ကာမဂုဏ်တို့ကို အငှါးပစ္စည်းနှင့် တူကုန်၏ဟု ဟောတော်မူသည် မဟုတ်ပါလော။ ကာမဂုဏ်တို့ကို အသီး ရှိသော သစ်ပင်နှင့် တူကုန်၏ဟု ဟောတော်မူသည် မဟုတ်ပါလော။ ကာမဂုဏ်တို့ကို စဉ်းတီတုံးနှင့် တူ ကုန်၏ဟု ဟောတော်မူသည် မဟုတ်ပါလော။ ကာမဂုဏ်တို့ကိုလှံတံကျင်နှင့် တူကုန်၏ဟု ဟောတော်မူ သည် မဟုတ်ပါလော။ ကာမဂုဏ်တို့ကို မြွေဦးခေါင်းနှင့်တူကုန်၏ဟု ဟောတော်မူသည် မဟုတ်ပါလော။ ငါဘုရားသည် ကာမဂုဏ်တို့ကိုသာယာဖွယ်နည်းကုန်၏၊ ဆင်းရဲများကုန်၏၊ ပြင်းစွာပင်ပန်းခြင်းများ ကုန်၏၊ ဤကာမဂုဏ်တို့၌အပြစ်များလှ၏ဟူ၍ ဟောတော်မူသည် မဟုတ်ပါလော။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား ထိုသို့ဟောထားပါလျက် သင်သည် မိမိသည် မကောင်းသော စွဲယူခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲဘိ၏၊ မိမိကိုယ်ကိုလည်း တူးဖြိုဖျက်ဆီးဘိ၏၊ အကုသိုလ်တရားတို့ကိုလည်း များစွာ ပွားများစေဘိ၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင့်အားထိုယုတ်ညံ့သော မိစ္ဆာအယူသည် ကာလရှည်မြင့်စွာ အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို ရဟန်းတို့ ထိုအကြောင်းကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ လင်းတသတ်မျိုး၌ ဖြစ်ဖူးသော ဤအရိဋ္ဌရဟန်းသည် သာသနာတော်၌ (ဉာဏ်) အငွေ့အသက်မျှ ရှိသေးသလောဟု ရဟန်းတို့ကို မေးတော်မူ၏။ မြတ်စွာဘုရား အဘယ်မှာ ရှိနိုင်ပါအံ့နည်း၊ မရှိနိုင်ပါဘုရားဟု (လျှောက်ထားကြကုန်၏)။

ဤသို့လျှောက်သော် လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းသည် နှုတ်ဆိတ်၍ မျက်နှာ မသာဘဲလည်ပင်း ငိုက်ဆိုက်ဖြစ်ကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရဘဲ ထိုင်နေ၏။ ထိုအခါမြတ်စွာဘုရားသည် လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းကို နှုတ်ဆိတ်၍ မျက်နှာမသာဘဲ လည်ပင်းငိုက်ဆိုက်ဖြစ်ကာ မျက်နှာအောက်ချပြီး မှိုင်တွေလျက်ကြံရာမရဖြစ်နေသည်ကို သိတော်မူ၍ ”(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်သည် မိမိ၏ ယုတ်ညံ့လှသော ဤအယူဖြင့် ထင်ရှားလတ္တံ့၊ ငါသည် ရဟန်းတို့ကို တစ်ဖန် မေးဦးအံ့” ဟု လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းအားမိန့်တော်မူ၏။

၂၃၇။ ထိုအခါ မြတ်စွာဘုရားသည် ”ရဟန်းတို့ လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းသည် မိမိ့အမှားယူဆခြင်းဖြင့် ငါတို့ကိုလည်း စွပ်စွဲလျက် မိမိကိုယ်ကိုလည်းဖြိုဖျက်ကာ များစွာသောမကောင်းမှုကိုလည်း ဖြစ်ပွားစေသကဲ့သို့ ဤအတူပင် သင်တို့သည်လည်း ငါဘုရား ဟောထားဖူးသည်ကိုသိကြကုန်သလော” ဟု ရဟန်းတို့ကို မေးတော်မူ၏။ မြတ်စွာဘုရား ဤသို့ ဟောထားဖူးသည်ကို မသိပါ။ မှန်ပါသည်၊ အန္တရာယ်ကို ပြုတတ်သော တရားတို့ကို အန္တရာယ်ကို ပြုတတ်ကုန်၏ဟူ၍ များစွာသော အကြောင်းဖြင့် မြတ်စွာဘုရားသည် တပည့်တော်တို့အား ဟောထားတော်မူခဲ့ပါ၏။ ထို (ကာမဂုဏ်) တရားတို့ကို မှီဝဲသောသူအား အန္တရာယ်ကို ပြုခြင်းငှါ စွမ်းနိုင်သည်သာတည်း။ ကာမဂုဏ်တို့သည်သာယာဖွယ်နည်းပါးကုန်၏၊ ဆင်းရဲခြင်းများကုန်၏၊ ပြင်းစွာ ပင်ပန်းခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌အပြစ်သည် လွန်ကဲ၏ဟု မြတ်စွာဘုရား ဟောထားတော်မူပါကုန်၏။ ကာမဂုဏ်တို့သည် အသားမကပ်သော အရိုးနှင့်တူကုန်၏ဟု မြတ်စွာဘုရား ဟောထားတော်မူပါကုန်၏။ပ။ ကာမဂုဏ်တို့သည် မြွေဦးခေါင်းနှင့် တူကုန်၏၊ ဆင်းရဲခြင်းများကုန်၏၊ ပြင်းစွာ ပင်ပန်းခြင်းများကုန်၏၊ ဤ ကာမဂုဏ်တို့၌ အပြစ်သည်လွန်ကဲ၏ဟု မြတ်စွာဘုရား ဟောထားတော်မူပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ကောင်းပေစွ၊ ကောင်းပေစွ၊ သင်တို့သည် ငါ ဤကဲ့သို့ ဟောကြားထားသော တရားကိုကောင်းစွာသာလျှင် သိကြကုန်၏။ မှန်၏၊ အန္တရာယ်ကို ပြုတတ်သော တရားတို့ကို များစွာသော အကြောင်းဖြင့် သင်တို့အား ငါ ဟောကြားထားခဲ့ပြီ၊ ထိုတရားတို့ကို မှီဝဲသောသူအား အန္တရာယ်ကိုပြုခြင်းငှါစွမ်းနိုင်သည်သာတည်း။ ကာမဂုဏ်တို့သည် သာယာဖွယ်နည်းပါးကုန်၏၊ ဆင်းရဲခြင်းများကုန်၏၊ ပြင်းစွာပင်ပန်းခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် လွန်ကဲ၏ဟု ငါ ဟောကြားထား၏။ ကာမဂုဏ်တို့ သည် အသားမကပ်သော အရိုးနှင့် တူကုန်၏ဟု ငါဟောကြားထား၏။ပ။ ကာမဂုဏ်တို့သည် မြွေဦးခေါင်း နှင့် တူကုန်၏၊ ဆင်းရဲခြင်းများကုန်၏၊ ပြင်းစွာ ပင်ပန်းခြင်းများကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် လွန်ကဲ၏ဟု ငါ ဟောကြားထား၏။ ထိုသို့ဟောကြားထားပါလျက်လည်း လင်းတသတ်မျိုး၌ ဖြစ်ဖူးသော အရိဋ္ဌရဟန်းသည် မိမိအမှားယူဆခြင်းဖြင့်ငါတို့ကိုလည်း စွပ်စွဲ၏၊ မိမိကိုယ်ကိုလည်း ဖြိုဖျက်၏၊ များစွာ သော မကောင်းမှုကိုလည်းဖြစ်ပွားစေ၏။ ထိုအမှားယူဆခြင်းသည် ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားအားရှည်ကြာစွာသော ကာလပတ်လုံး အစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ ထိုရဟန်းသည်စင်စစ် ကိလေသာကာမ, ကိလေသာ ကာမနှင့်ယှဉ်သော အမှတ်အသား, ကိသလသာ ကာမနှင့်ယှဉ်သော အကြံအစည်တို့မှ ကြဉ်၍သာလျှင် ဝတ္ထုကာမတို့ကို မှီဝဲနိုင်ရာ သော အကြောင်းသည် မရှိ။

၂၃၈။ ရဟန်းတို့ ဤ သာသနာတော်၌ အချို့သော (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည် သုတ္တ, ဂေယျ, ဝေယျာကရုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်,အဗ္ဘုတဓမ္မ, ဝေဒလ္လတရားကို သင်ယူပြီးလျှင် ထိုတရားတို့၏ အနက်အဓိပ္ပါယ်ကို ပညာဖြင့် မစူးစမ်းမဆင်ခြင်ကုန်၊ အနက်အဓိပ္ပါယ်ကို ပညာဖြင့် မစူးစမ်း မဆင်ခြင်သော ထိုသူများအား ထိုတရားတို့သည်ဆင်ခြင်မှုကို မခံ့ကုန် (ဉာဏ်၌ မထင်လာကုန်)၊ ထိုသူတို့သည်ခြုတ်ခြယ်ရုံအကျိုးသာရှိကုန်၍လည်းကောင်း၊ ဤသင်ယူခြင်းဖြင့် သူတစ်ပါး တင်သော ဝါဒမှ လွတ်စေရုံအကျိုးသာရှိကုန်၍လည်းကောင်း၊ တရားကို သင်ယူကုန်၏၊ အကြင်မဂ်ဖိုလ်၏ အကျိုးငှါလည်း တရားကိုသင်ယူကုန်၏၊ ထိုတရား၏ ထိုမဂ်ဖိုလ်အကျိုးကိုလည်း မခံစားကြရကုန်၊ ထိုသူတို့အား မကောင်းသဖြင့်သင်ယူထားသော ထိုတရားတို့သည် ရှည်ကြာစွာသော ကာလပတ်လုံး အစီး အပွားမဲ့ခြင်း ဆင်းရဲခြင်းငှါဖြစ်ကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုတရားတို့ကို မကောင်းသဖြင့် သင်ယူထားသည်၏ အဖြစ်ကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား မြွေကို အလိုရှိ၍ မြွေကို ရှာမှီးသော ယောက်ျားသည် မြွေရှာလှည့်လည်သွားသော် ကြီးမားသော မြွေကို တွေ့မြင်ရာ၏။ ထိုမြွေကို ကိုယ်၌လည်းကောင်း၊ အမြီး၌လည့်းကောင်း ကိုင်ဖမ်းရာ၏၊ ထိုသူအား ထိုမြွေသည် ပြန်လှည့်၍ လက်၌ဖြစ်စေ၊ လက်မောင်း၌ဖြစ်စေ၊ တစ်ခုခုသော အင်္ဂါကြီးငယ်၌ဖြစ်စေ၊ ကိုက်ရာ၏၊ ထိုသူသည် ထိုအကြောင်းကြောင့်သေခြင်းသို့သော်လည်းကောင်း၊ သေလောက်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ မြွေကို မကောင်းသဖြင့် ဖမ်းသည်၏ အဖြစ်ကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် ဤသာသနာတော်၌ အချို့သော (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျားတို့သည် သုတ္တ, ဂေယျ, ဝေယျာကရုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လတရားတို့ကို သင်ယူပြီးလျှင် ထိုတရားတို့၏ အနက်အဓိပ္ပါယ်ကို ပညာဖြင့် မစူးစမ်းမဆင်ခြင်ကုန်၊ အနက်အဓိပ္ပါယ်ကို ပညာဖြင့် မစူးစမ်း မဆင်ခြင်သော ထိုသူများအား ထိုတရားတို့သည် ဆင်ခြင်မှုကို မခံ့ကုန် (ဉာဏ်၌ မထင်လာကုန်)။ ထိုသူတို့သည် ခြုတ်ခြယ်ရုံအကျိုးငှါသာလည်းကောင်း၊ ဤသင်ယူခြင်းဖြင့်သူတစ်ပါးတင်သော ဝါဒမှ လွတ်စေရုံ အကျိုးငှါသာလည်းကောင်း တရားကို သင်ယူကုန်၏။ အကြင် မဂ်ဖိုလ် အကျိုးငှါလည်း တရားကို သင်ယူကုန်၏၊ ထိုတရား၏ ထိုမဂ်ဖိုလ်အကျိုးကိုလည်း မခံစားကြရကုန်။ ထိုသူတို့အား မကောင်းသဖြင့် သင်ယူထားသော ထိုတရားတို့သည် ရှည်ကြာစွာသော ကာလပတ်လုံးအစီးအပွားမဲ့ခြင်း ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုတရားတို့ကို မကောင်းသဖြင့် သင်ယူထားသည်၏ အဖြစ်ကြောင့်တည်း။

၂၃၉။ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော အမျိုးသားတို့သည် သုတ္တ, ဂေယျ, ဝေယျာကရုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လ တရားတို့ကို သင်ယူပြီးလျှင်ထိုတရားတို့၏ အနက်အဓိပ္ပါယ်ကို ပညာဖြင့် စူးစမ်းဆင်ခြင်ကုန်၏။ အနက်အဓိပ္ပါယ်ကို ပညာဖြင့်စူးစမ်းဆင်ခြင် သော ထိုသူများအား ထိုတရားတို့သည် ဆင်ခြင်မှုကို ခံ့ကုန်၏ (ဉာဏ်၌ထင်လာကုန်၏)။ ထိုသူတို့သည် ခြုတ်ခြယ်ရုံအကျိုးသာ ရှိကုန်၍လည်းကောင်း၊ ဤသင်ယူခြင်းဖြင့်သူတစ်ပါးတင်သော ဝါဒမှ လွတ်စေရုံ အကျိုးသာရှိကုန်၍လည်းကောင်း တရားကို မသင်ယူကြကုန်။ အကြင်မဂ်ဖိုလ်၏အကျိုးငှါလည်း တရားကို သင်ယူကုန်၏၊ ထိုတရား၏ ထိုမဂ်ဖိုလ် အကျိုးကိုလည်းခံစားကြရကုန်၏။ ထိုသူတို့အား ကောင်းစွာ သင်ယူထားသော ထိုတရားတို့သည် ရှည်ကြာစွာသောကာလပတ်လုံး စီးပွားခြင်း ချမ်းသာခြင်းငှါ ဖြစ် ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုတရားတို့ကို ကောင်းစွာ သင်ယူထား သည်၏ အဖြစ်ကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား မြွေကို အလိုရှိ၍ မြွေကို ရှာမှီးသော ယောက်ျားသည် မြွေရှာလှည့်လည်သွားသော် ကြီးမားသော မြွေကို တွေ့မြင်ရာ၏။ ထိုမြွေကို ဆိတ်ခွါသဏ္ဌာန်ရှိသော လှံတံဖြင့်ကောင်းစွာ ဖိနှိပ်ထားရာ၏၊ ဆိတ်ခွါသဏ္ဌာန်ရှိသော လှံတံဖြင့် ကောင်းစွာ ဖိနှိပ်၍ လည်ပင်း၌ကောင်းစွာ ကိုင်ဖမ်းရာ၏။ ရဟန်းတို့ အကယ်၍လည်း ထိုမြွေသည် ထိုယောက်ျား၏ လက်ကိုဖြစ်စေ၊ လက်မောင်းကို ဖြစ်စေ၊ တစ်ခုခုသော အင်္ဂါကြီးငယ်ကိုဖြစ်စေ ကိုယ်ဖြင့် ရစ်ပတ်ငြားအံ့၊ ထိုသို့ရစ်ပတ်သော်လည်း ထို သူသည် ထိုအကြောင်းကြောင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်သော ဆင်းရဲသို့သော်လည်း ကောင်း မရောက်ရာ။ ထိုသို့ဖြစ်ခြင်းသည်အဘယ့်ကြောင့်နည်းဟူမူ၊ ရဟန်းတို့ မြွေကို ကောင်းစွာ ဖမ်း သည်၏ အဖြစ်ကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် ဤသာသနာတော်၌ အချို့သော အမျိုးသားတို့သည် သုတ္တ, ဂေယျ,ဝေယျာကရုဏ်း, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လ တရားတို့ကို သင်ယူပြီးလျှင်ထိုတရားတို့၏ အနက်အဓိပ္ပါယ်ကို ပညာဖြင့် စူးစမ်းဆင်ခြင်ကြကုန်၏၊ အနက်အဓိပ္ပါယ်ကို ပညာဖြင့်စူးစမ်းဆင်ခြင်သော ထိုသူတို့အား ထိုတရားတို့သည် ဆင်ခြင်မှုကို ခံ့ကုန်၏ (ဉာဏ်၌ ထင်လာကုန်၏)။ ထိုသူတို့သည် ခြုတ်ခြယ်ရုံအကျိုးသာ ရှိကုန်၍လည်းကောင်း၊ ဤသင်ယူခြင်းဖြင့် သူတစ်ပါးတင်သော အပြစ်မှ လွတ်စေရုံအကျိုးသာ ရှိကုန်၍လည်းကောင်း တရားကို မသင်ယူကြကုန်။ အကြင်မဂ်ဖိုလ်အကျိုးငှါလည်း တရားကို သင်ယူကြကုန်၏၊ ထိုတရား၏ ထိုမဂ်ဖိုလ်အကျိုးကိုလည်း ခံစားကြရကုန်၏။ ထိုသူတို့အား ကောင်းစွာ သင်ယူထားသော ထိုတရားတို့သည် ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်းချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ၊ ရဟန်းတို့ ထိုတရားတို့ကိုကောင်းစွာ သင်ယူထားသည်၏ အဖြစ်ကြောင့်တည်း။

ရဟန်းတို့ ငါဟောကြားထားသောတရား၏ အနက်ကို သိကုန်ငြားအံ့၊ ထိုသိသည့်အတိုင်း ထိုတရား ကိုဆောင်ကြကုန်ရာ၏။ ငါဟောကြားထားသောတရား၏ အနက်ကို မသိကုန်ငြားအံ့၊ ထိုမသိသောအရာ၌သင်တို့သည် ငါ့ကို ဖြစ်စေ၊ ကျွမ်းကျင်လိမ္မာသော ရဟန်းတို့ကို ဖြစ်စေ မေးမြန်းသင့်ကုန်၏။

၂၄ဝ။ ရဟန်းတို့ သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန်အကျိုးငှါ ဖောင်ဥပမာရှိသော တရားကိုသင်တို့အား ဟောကြားပေအံ့။ ထိုတရားကို နာကြားကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားအံ့ဟု မိန့်တော်မူ၏။ ”အသျှင်ဘုရား ကောင်းပါပြီ” ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအားပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏။

ရဟန်းတို့ ဥပမာသော်ကား ခရီးရှည်သွားသော ယောက်ျားသည် ရေပင်လယ်ကြီးကို မြင်ရာ၏၊ ဤမှာဘက်ကမ်းသည် ရွံ့ရှာဘွယ် ရှိ၏၊ ဘေးဘျမ်း ရှိ၏၊ ထိုမှာဘက်ကမ်းကား အေးချမ်း၏၊ ဘေးဘျမ်း မရှိ။ ထိုယောက်ျားမှာ ဤမှာဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့ ကူးသွားဖို့ရန်လှေဖောင်လည်း မရှိ၊ ပေါင်းကူးတံတားလည်း မရှိပေ။ ထိုယောက်ျားအား ”ဤကားရေပင်လယ်ကြီးတည်း၊ ဤမှာဘက်ကမ်း သည် ရွံ့ရှာဘွယ်ရှိ၏၊ ဘေးဘျမ်းရှိ၏၊ ထိုမှာဘက်ကမ်းကားအေးချမ်း၏၊ ဘေးဘျမ်း မရှိ။ ဤမှာ ဘက်ကမ်းမှ ထိုမှာဘက်ကမ်းသို့ ကူးသွားဖို့ရန် လှေဖောင်လည်းမရှိ၊ ပေါင်းကူးတံတားလည်း မရှိပေ။ ငါသည် မြက် သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြု၍ လက်ခြေတို့ ဖြင့် အားစိုက်လျက် ချမ်းသာစွာ ထိုမှာ ဘက် ကမ်းသို့ကူးရမူ ကောင်းပေမည်” ဟု အကြံအစည် ဖြစ်ပေါ်ရာ၏၊ ရဟန်းတို့ ထိုနောက် ထိုယောက်ျားသည် မြက်သစ်သား သစ်ခက် သစ်ရွက်ကို စုရုံး၍ ဖောင်ဖွဲ့ကာ ထိုဖောင်ကို မှီရာပြု၍ လက်ခြေတို့ဖြင့်အားစိုက်လျက် ချမ်းသာစွာ ထိုမှာဘက်ကမ်းသို့ ကူးရာ၏၊ ကမ်းတစ်ဖက်သို့ ကူးမြောက်ပြီးသောထိုယောက်ျားအား ”ဤဖောင် သည် ငါ့အား ကျေးဇူး များ၏၊ ငါသည် ဤဖောင်ကို အမှီပြု၍လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာ ကမ်းတစ်ဖက်သို့ ကူးခဲ့၏၊ ငါသည် ဤဖောင်ကိုခေါင်းပေါ်၌ တင်ရွက်၍သော်လည်းကောင်း၊ ပခုံးပေါ်၌ ထမ်း၍သော်လည်း ကောင်း အလိုရှိရာအရပ်သို့ဖဲသွားရမူ ကောင်းပေမည်” ဟု အကြံအစည် ဖြစ်ပြန်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့မှတ်ထင်ကြကုန်သနည်း၊ ထိုယောက်ျားသည် ဤသို့ပြုသော် ထိုဖောင်၌ (ပြုသင့် သော) အမှုကိုပြုသူဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ပါ (ဟု လျှောက်ကြကုန်၏)။ ရဟန်းတို့ထိုယောက်ျားသည် အဘယ်ပုံပြုသည်ရှိသော် ထိုဖောင်၌ (ပြုသင့်သော) အမှုကို ပြုသူ ဖြစ်ရာသနည်း။ ရဟန်းတို့ ကမ်းတစ်ဖက်သို့ ကူးမြောက်ပြီးသော ထိုယောက်ျားအား ”ဤဖောင်သည် ငါ့အားကျေးဇူးများ၏၊ ငါသည် ဤဖောင်ကို အမှီပြု၍ လက်ခြေတို့ဖြင့် အားစိုက်လျက် ချမ်းသာစွာကမ်းတစ်ဖက်သို့ ကူးခဲ့၏၊ ငါသည် ဤဖောင်ကို ကုန်း၌ ဆယ်တင်၍သော်လည်းကောင်း၊ ရေ၌ ပေါလောမျှော၍သော်လည်းကောင်း အလိုရှိသောအရပ်သို့ ဖဲသွားရမူ ကောင်းပေမည်” ဟု အကြံအစည်ဖြစ်ရာ၏။ ရဟန်းတို့ ထိုယောက်ျားသည် ဤသို့ပြုသည်ရှိသော် ထိုဖောင်၌ (ပြုသင့်သော) အမှုကို ပြုသူဖြစ်ရာ၏။ ရဟန်းတို့ ဤအတူပင် သိမ်းပိုက်ထားရန် မဟုတ်ဘဲ ကူးမြောက်ဖို့ရန်အကျိုးငှါ ဖောင်ဥပမာရှိသောတရားကို သင်တို့အား ငါဟောကြား၏။ ရဟန်းတို့ သင်တို့အား ဟောကြားထားသော ဖောင်ဥပမာရှိသော တရားကို သိသော သင်တို့သည် တရားမှု (သမထ ဝိပဿနာ၌ ဖြစ်သော ဆန္ဒရာဂ)တို့ကိုပင့်သော်လည်း ပယ်စွန့်ရမည်၊ မတရားမှု (ကာမဂုဏ်၌ ဖြစ်သော ဆန္ဒရာဂ)တို့ကိုကား ပြောဆိုဖွယ်ပင်မရှိတော့ပေ။

၂၄၁။ ရဟန်းတို့ ဒိဋ္ဌိဖြစ်ကြောင်းတို့သည် ဤခြောက်ပါးတို့တည်း။ အဘယ်ခြောက်ပါးတို့နည်း ဟူမူ-

ရဟန်းတို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတို့၏ တရား၌ မကျွမ်းကျင်သော, အရိယာတို့၏ တရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတို့၏ တရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတို့၏ တရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို ”ဤရုပ်သည် ငါ့ဥစ္စာတည်း၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည်ငါ့ကိုယ် ‘အတ္တ’တည်း” ဟု ရှု၏။ ခံစားခြင်း ဝေဒနာကို ”ဤဝေဒနာသည် ငါ့ဥစ္စာတည်း၊ ဤဝေဒနာသည်ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ့ကိုယ် ‘အတ္တ’တည်းဟု ရှု၏၊ မှတ်သားခြင်းသညာကို ”ဤသညာသည် ငါ့ဥစ္စာတည်း၊ ဤသညာသည် ငါ ဖြစ်၏၊ ဤသညာသည် ငါ့ကိုယ် ‘အတ္တ’တည်း” ဟု ရှု၏။ ပြုပြင်စီရင်ခြင်းသင်္ခါရတို့ကို ”ဤသင်္ခါရတို့သည် ငါ့ဥစ္စာတည်း၊ ဤသင်္ခါရတို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ့ကိုယ် ‘အတ္တ’ တည်း” ဟု ရှု၏။ မြင်ရ ကြားရ တွေ့ရ သိရ ရောက်ရ ရှာမှီးရ စိတ်ဖြင့်ကြံစည်စဉ်းစားရသောအာရုံကိုလည်း ”ဤအာရုံသည် ငါ့ဥစ္စာတည်း၊ ဤအာရုံသည် ငါဖြစ်၏၊ ဤအာရုံသည် ငါ့ကိုယ် ‘အတ္တ’တည်း” ဟု ရှု၏။ ‘ထိုငါသည် လောကတည်း၊ ထိုငါသည် ကိုယ် ‘အတ္တ’တည်း၊ ထိုငါသည် တမလွန်ဘဝ၌ဖြစ်အံ့၊ မြဲအံ့၊ ခိုင်ခံ့အံ့၊ တည်မြဲအံ့၊ ဖောက်ပြန်ခြင်းသဘော မရှိအံ့၊ တည်မြဲသော အရာဝတ္ထုတို့နှင့် အမျှတည်အံ့’ ဟူသော အယူကိုလည်း ”ဤအယူသည် ငါ့ဥစ္စာတည်း၊ ဤအယူသည် ငါဖြစ်၏၊ ဤအယူသည်ငါ့ကိုယ် ‘အတ္တ’တည်း” ဟု ရှု၏။

ရဟန်းတို့ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတို့၏ တရား၌ ကျွမ်းကျင်သော, အရိယာတို့၏တရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတို့၏ တရား၌ကျွမ်းကျင်သော, သူတော်ကောင်းတို့၏ တရား၌ ယဉ်ကျေးသော, အကြားအမြင်ရှိသော အရိယာတို့၏တပည့်သည်ကား ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ကိုယ် ‘အတ္တ’မဟုတ်” ဟု ကောင်းစွာ ရှု၏။ ခံစားခြင်းဝေဒနာကို ”ဤဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည်ငါမဟုတ်၊ ဤဝေဒနာသည် ငါ့ကိုယ် ‘အတ္တ’မဟုတ်” ဟု ကောင်းစွာ ရှု၏။ မှတ်သားခြင်းသညာကို ”ဤသညာသည် ငါ့ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာသည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်” ဟုကောင်း စွာ ရှု၏။ ပြုပြင်စီရင်ခြင်း သင်္ခါရတို့ကို ”ဤသင်္ခါရတို့သည် ငါ့ဥစ္စာမဟုတ်၊ ဤသင်္ခါရတို့သည်ငါမဟုတ်၊ ဤသင်္ခါရတို့သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်” ဟု ကောင်းစွာ ရှု၏။ မြင်ရ ကြားရ တွေ့ရ သိရရောက်ရ ရှာမှီးရ စိတ်ဖြင့်ကြံစည် ‘စဉ်းစား’ ရသော အာရုံကိုလည်း ”ဤအာရုံသည် ငါ့ဥစ္စာမဟုတ်၊ ဤအာရုံသည် ငါမဟုတ်၊ ဤအာရုံသည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်” ဟု ကောင်းစွာ ရှု၏။ ‘ထိုငါသည်လောကတည်း၊ ထို ငါသည် ကိုယ် ‘အတ္တ’တည်း၊ ထိုငါသည် တမလွန်ဘဝ၌ ဖြစ်အံ့၊ မြဲအံ့၊ ခိုင်ခံ့အံ့၊ တည်မြဲအံ့၊ ဖောက်ပြန်ခြင်း သဘော မရှိအံ့၊ တည်မြဲသော အရာဝတ္ထုတို့နှင့်အမျှ တည်အံ့’ဟူသောအယူကိုလည်း ”ဤအယူသည် ငါ့ ဥစ္စာမဟုတ်၊ ဤအယူသည် ငါမဟုတ်၊ ဤအယူသည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်” ဟု ကောင်းစွာ ရှု၏။ ထို သူသည် ဤသို့ ကောင်းစွာရှုသော် ဘာမျှမရှိသော်စိတ်မပင်ပန်းဟု (ဟောကြားတော်မူ၏)။

၂၄၂။ ဤသို့ ဟောကြားတော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို ”အသျှင်ဘုရား အပ ဝတ္ထုမရှိသော် စိတ်ပင်ပန်းခြင်း ဖြစ်ရာပါသလော” ဟု လျှောက်ကြား၏။ ရဟန်း ဖြစ်ရာ၏ဟု မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏။ ရဟန်းတို့ ဤလောက၌ အချို့သော သူအား ”ငါ့အား (ပစ္စည်းဥစ္စာသည်) ရှိခဲ့ဖူး၏၊ ထိုပစ္စည်းဥစ္စာသည် ငါ့အား မရှိတော့ပြီတကား၊ ငါ ရသင့်ရထိုက်သော ပစ္စည်းဥစ္စာကိုငါ မရသေးပါတကား” ဟု အကြံဖြစ်၏။ ထိုသူသည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊့ ရင်ဘတ်စည်တီးငို၏၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်၏။ ရဟန်း ဤသို့လျှင် အပဝတ္ထုမရှိသော်စိတ်ပင်ပန်းခြင်းဖြစ်၏ဟု မိန့် တော်မူ၏။

အသျှင်ဘုရား အပဝတ္ထုမရှိသော် စိတ်မပင်ပန်းခြင်းသည် ဖြစ်ရာပါသလောဟု လျှောက်ကြား၏။ ရဟန်းဖြစ်ရာ၏ဟု မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏။ ရဟန်း ဤလောက၌ အချို့သောသူမှာ ”ငါ့မှာ (ပစ္စည်းဥစ္စာသည်) ရှိခဲ့ဖူး၏၊ ထိုပစ္စည်းဥစ္စာသည် ငါ့အား မရှိတော့ပြီတကား၊ ငါ ရသင့်ရထိုက်သော ထိုပစ္စည်းဥစ္စာကို ငါ မရသေးပါတကား” ဟု အကြံအစည် မဖြစ်၊ ထိုသူသည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မငို၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ရဟန်း ဤသို့လျှင် အပဝတ္ထု မရှိသော် စိတ်မပင်ပန်းခြင်း ဖြစ်၏ဟု မိန့်တော်မူ၏။

”အသျှင်ဘုရား အတွင်းဝတ္ထုမရှိသော် စိတ်ပင်ပန်းခြင်း ဖြစ်ရာပါသလော” ဟု လျှောက်ကြား၏။ ရဟန်းဖြစ်ရာ၏ဟု မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏။ ရဟန်း ဤလောက၌ အချို့သော သူအား ”ထိုငါသည် လောကတည်း၊ ထိုငါသည် ကိုယ်တည်း၊ ထိုငါသည် တမလွန်ဘဝ၌ ဖြစ်အံ့၊ မြဲအံ့၊ ခိုင်ခံ့အံ့၊ တည်တံ့အံ့၊ ဖောက်ပြန်ခြင်းသဘော မရှိအံ့၊ တည်မြဲသော အရာဝတ္ထုတို့နှင့်အမျှ တည်အံ့” ဟု ဤအယူသည် ဖြစ်၏။ ထိုသူသည် အားလုံးကုန်သော အယူဖြစ်ကြောင်း တည်ရာ ထကြွခြင်း နှလုံးသွင်းခြင်းကိန်းဝပ်ခြင်းတို့ကို ကောင်းစွာ ဖြတ်ခြင်းငှါ ပြုပြင်စီရင်မှု ‘သင်္ခါရ’ အားလုံးငြိမ်းခြင်းငှါ ဆင်းရဲတည်ရာ ‘ဥပဓိ’ အားလုံးစွန့်လွှတ်ခြင်းငှါ တပ်မက်မှု ‘တဏှာ’ ကုန်ခြင်းငှါ တပ်စွန်းမှု ‘ရာဂ’ ကင်းခြင်းငှါ ချုပ်ခြင်းငှါနိဗ္ဗာန်အကျိုးငှါ မြတ်စွာဘုရားကဖြစ်စေ၊ မြတ်စွာဘုရား၏ တပည့်သာဝကကပင်ဖြစ်စေ တရားကို ဟောတော်မူသော် နာကြား၏၊ ထိုသူအား ”ပြတ်တော့အံ့တကား၊ ပျောက်ပျက်တော့အံ့တကား၊ မဖြစ်တော့အံ့တကား” ဟု ဤသို့သော အကြံအစည် ဖြစ်၏။ ထိုသူသည် ပူဆွေး၏၊ ပင်ပန်း၏၊ ရင်ဘတ်စည်တီးငို၏၊ ပြင်းစွာတွေဝေခြင်းသို့ ရောက်၏။ ရဟန်း ဤသို့လျှင် အတွင်းဝတ္ထုမရှိသော် စိတ်ပင်ပန်းခြင်းဖြစ်၏ဟုမိန့်တော်မူ၏။

”အသျှင်ဘုရား အတွင်းဝတ္ထုမရှိသော် စိတ်မပင်ပန်းခြင်းဖြစ်ရာပါသလော” ဟု လျှောက်ကြား၏။ ရဟန်းဖြစ်ရာ၏ဟု မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏။ ရဟန်း ဤလောက၌ အချို့သော သူအား ”ထိုငါသည် လောကတည်း၊ ထိုငါသည် ကိုယ်တည်း၊ ထိုငါသည် တမလွန်ဘဝ၌ ဖြစ်အံ့၊ မြဲအံ့၊ ခိုင်ခံ့အံ့၊ တည်တံ့အံ့၊ ဖောက်ပြန်ခြင်းသဘောမရှိအံ့၊ တည်မြဲသော အရာဝတ္ထုတို့နှင့် အမျှတည်အံ့” ဟု ဤအယူသည်မဖြစ်။ ထိုသူသည် အားလုံးကုန်သော အယူဖြစ်ကြောင်း တည်ရာ ထကြွခြင်း နှလုံးသွင်းခြင်း ကိန်းဝပ်ခြင်းတို့ကို ကောင်းစွာဖြတ်ခြင်းငှါ ပြုပြင်စီရင်မှု ‘သင်္ခါရ’အားလုံးငြိမ်းခြင်းငှါ ဆင်းရဲတည်ရာ ‘ဥပဓိ’ အားလုံးစွန့်လွှတ်ခြင်းငှါ တပ်မက်မှု ‘တဏှာ’ကုန်ခြင်းငှါ တပ်စွန်းမှု ‘ရာဂ’ကင်းခြင်းငှါ ချုပ်ခြင်းငှါ နိဗ္ဗာန်အကျိုးငှါမြတ်စွာဘုရားကဖြစ်စေ၊ မြတ်စွာဘုရား၏ တပည့်သာဝကကပင်ဖြစ်စေ တရားကို ဟောတော်မူသော် နာကြား၏၊ ထိုသူအား ”ပြတ်တော့အံ့တကား၊ ပျောက်ပျက်တော့အံ့တကား၊ မဖြစ်တော့အံ့တကား” ဟုအကြံ အစည်သည် မဖြစ်ပေ။ ထိုသူသည် မပူဆွေး၊ မပင်ပန်း၊ ရင်ဘတ်စည်တီးမငို၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ရဟန်း ဤသို့လျှင် အတွင်းဝတ္ထုမရှိသော် စိတ်မပင်ပန်းခြင်း ဖြစ်၏။

၂၄၃။ ရဟန်းတို့ မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘောမရှိသော တည်မြဲသောအရာဝတ္ထုတို့နှင့်အမျှ တည်သော သိမ်းဆည်းထိုက်သော ဝတ္ထုမျိုးသည် ရှိငြားအံ့၊ ထိုသိမ်းဆည်းထိုက်သော ဝတ္ထုမျိုးကို သိမ်းဆည်းကုန်ရာ၏၊ ရဟန်းတို့ မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘောမရှိသော တည်မြဲသော အရာဝတ္ထုတို့နှင့် အမျှ တည်သော သိမ်းဆည်းထိုက်သော ဝတ္ထုမျိုးသည်ရှိရာ၏၊ ထိုသိမ်းဆည်းထိုက်သော ဝတ္ထုမျိုးကို သင်တို့ တွေ့မြင်ကြကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မတွေ့မြင်ကြပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော့မရှိသော တည်မြဲသော အရာဝတ္ထုတို့နှင့်အမျှ တည်သော သိမ်းဆည်းထိုက်သော ဝတ္ထုမျိုးသည် ရှိရာ၏၊ ထိုသိမ်းဆည်းထိုက်သော ဝတ္ထုမျိုးကို ငါလည်း မမြင်။

ရဟန်တို့ စွဲယူသူအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ မဖြစ်နိုင်ရာသော အတ္တဝါဒအားဖြင့် စွဲယူခြင်းသည် ရှိငြားအံ့၊ ထိုအတ္တဝါဒအားဖြင့် စွဲယူမှုကို စွဲယူရာ၏။ ရဟန်းတို့ စွဲယူသောသူအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ မဖြစ်နိုင်ရာသော အတ္တဝါဒအားဖြင့် စွဲယူခြင်းသည် ရှိရာ၏၊ ထိုအတ္တဝါဒအားဖြင့် စွဲယူမှုကိုသင်တို့သည် တွေ့မြင်ကြကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မတွေ့မြင်ကြပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ စွဲယူသော သူအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ မဖြစ်နိုင်ရာသော အတ္တဝါဒအားဖြင့် စွဲယူမှုသည် ရှိရာ၏၊ ထိုအတ္တဝါဒအားဖြင့် စွဲယူမှုကို ငါလည်း မမြင်။

ရဟန်းတို့ မှီသောသူအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ မဖြစ်နိုင်ရာသော ဒိဋ္ဌိမှီရာသည် ရှိငြားအံ့၊ ထိုဒိဋ္ဌိမှီရာကို မှီကုန်ရာ၏။ ရဟန်းတို့ မှီသောသူအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ မဖြစ်နိုင်ရာသော ဒိဋ္ဌိမှီရာသည် ရှိရာ၏၊ ထိုဒိဋ္ဌိမှီရာကို သင်တို့ တွေ့မြင်ကြကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မတွေ့မြင်ကြပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ကောင်းပေ၏၊ ရဟန်းတို့ မှီသောသူအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ မဖြစ်နိုင်ရာသော ဒိဋ္ဌိမှီရာသည် ရှိရာ၏၊ ထိုဒိဋ္ဌိမှီရာကို ငါလည်းမမြင်။

၂၄၄။ ရဟန်းတို့ ကိုယ် ‘အတ္တ’ရှိခဲ့သော် ”ငါ၏ ကိုယ် ‘အတ္တ’ ပိုင်ဥစ္စာ” ဟု စွဲလမ်းမှု ဖြစ်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဖြစ်ရာပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ကိုယ် ‘အတ္တ’ ပိုင်ဥစ္စာရှိခဲ့သော် ”ငါ၏ ကိုယ် ‘အတ္တ’ တည်း” ဟု စွဲလမ်းမှု ဖြစ်ရာသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဖြစ်ရာပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ကိုယ် ‘အတ္တ’ ကိုလည်းကောင်း၊ ကိုယ် ‘အတ္တ’ ပိုင်ဥစ္စာတို့ကိုလည်းကောင်း အမှန်အားဖြင့်အခိုင်အမာအားဖြင့် မရခဲ့သော် ”ထိုငါသည် လောကတည်း၊ ထိုငါသည် ကိုယ် ‘အတ္တ’ တည်း၊ ထိုငါသည်တမလွန်ဘဝ၌ ဖြစ်အံ့၊ မြဲအံ့၊ ခိုင်ခံ့အံ့၊ တည်တံ့အံ့၊ ဖောက်ပြန်ခြင်း သဘောမရှိအံ့၊ တည်မြဲသော အရာဝတ္ထုတို့နှင့်အမျှ တည်အံ့” ဟူသော စွဲယူမှု ပညာမဲ့သူတို့၏ တရားသည် အကြွင်းမဲ့ ပြည့်စုံလုံလောက်ပြီမဟုတ်ပါလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဘယ်မှာ အကြွင်းမဲ့ မပြည့်စုံ မလုံလောက်ဘဲ ရှိရာပါအံ့နည်း၊ အသျှင်ဘုရားပညာမဲ့သူတို့၏ တရားသည် အကြွင်းမဲ့ ပြည့်စုံလုံလောက်တော့သည်သာလျှင် ဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မမြဲပါဟု (လျှောက်ကြကုန်၏)။

မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဆင်းရဲဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။

မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ထိုရုပ်ကို ”ဤရုပ်သည် ငါ့ဥစ္စာတည်း၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ့ကိုယ် ‘အတ္တ’တည်း” ဟု ရှုရန်သင့်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မသင့်ပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ခံစားခြင်းဝေဒနာသည်။ပ။ မှတ်သားခြင်းသညာသည်။ ပြုပြင်စီရင်မှုသင်္ခါရတို့သည်။ အထူးသိမှုဝိညာဏ်သည် မြဲသလော မမြဲသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မမြဲပါဟု (လျှောက်ကြကုန်၏)။

မမြဲသော ဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဆင်းရဲဖြစ်ပါ၏ဟု (လျှောက်ကြကုန်၏)။

မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို ”ဤဝိညာဏ်သည် ငါ့ဥစ္စာတည်း၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ့ကိုယ် ‘အတ္တ’ တည်း” ဟု ရှုရန်သင့်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မသင့်ပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထို့ကြောင့် အတွင်း၌ ဖြစ်သည်ဖြစ်စေ၊ အပ၌ ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အနီး၌ဖြစ်သည်ဖြစ်စေ၊ အဝေး၌ဖြစ်သည်ဖြစ်စေအတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသောရုပ်ကို ”ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ့ကိုယ် ‘အတ္တ’မဟုတ်” ဟု ဤရုပ်ကို အမှန်အတိုင်း ကောင်းစွာ ပညာဖြင့် ရှုရမည်။

အလုံးစုံသော ခံစားခြင်းဝေဒနာကို။ပ။ အလုံးစုံသော မှတ်သားခြင်းသညာကို။ အလုံးစုံသော ပြုပြင်စီရင်ခြင်း သင်္ခါရတို့ကို။ အတွင်း၌ဖြစ်သည်ဖြစ်စေ၊ အပ၌ဖြစ်သည်ဖြစ်စေ၊ ရုန့်ရင်းသည်ဖြစ်စေ၊ သိမ်မွေ့သည် ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ၊ အဝေး၌ဖြစ်သည်ဖြစ်စေ၊ အနီး၌ဖြစ်သည်ဖြစ်စေအတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော အထူးသိမှု ‘ဝိညာဏ်’ကို ”ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ့ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤဝိညာဏ်ကို အမှန်အတိုင်း ကောင်းစွာ ပညာဖြင့် ရှုရမည်။

၂၄၅။ ရဟန်းတို့ ဤသို့ ရှုမြင်သည်ရှိသော် အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သာဝကသည် ရုပ်၌ငြီးငွေ့၏၊ ဝေဒနာ၌ငြီးငွေ့၏၊ သညာ၌ငြီးငွေ့၏၊ သင်္ခါရတို့၌ငြီးငွေ့၏၊ ဝိညာဏ်၌ငြီးငွေ့၏၊ ငြီးငွေ့ခြင်းကြောင့် တပ်စွန်းခြင်းကင်း၏၊ တပ်ခြင်းကင်းခြင်းကြောင့်လွတ်မြောက်၏၊ လွတ် မြောက်သော် ”ငါသည် လွတ်မြောက်ပြီ” ဟု ဆင်ခြင်ဉာဏ်ဖြစ်၏။ ”(ပဋိသန္ဓေတည်နေ) ဖြစ်ပွါးခြင်း ကုန် ဆုံးပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စ ဖြစ်ခြင်းငှါ (ငါ့အား) တစ်ဖန်မဂ်ကို ပွားများခြင်းကိစ္စမရှိတော့ပြီ” ဟု ခွဲခြား၍ သိ၏။

ရဟန်းတို့ ဤရဟန်းကို တံခါးကျင် (မင်းတုပ်) ကို မြှောက်ပြီးသူဟူ၍လည်း ခေါ်ဆိုထိုက်၏၊ ကျုံးမြောင်းကို အားလုံးဖျက်ဆီးပြီးသူဟူ၍လည်း ခေါ်ဆိုထိုက်၏၊ တံခါးတိုင်ကို နုတ်ပစ်ပြီးသူဟူ၍လည်း ခေါ်ဆိုထိုက်၏၊ တံခါးရွက်ကို ဖျက်ဆီးပြီးသူဟူ၍လည်း ခေါ်ဆိုထိုက်၏၊ ကိလေသာကင်းစင်သူ အလံကိုချထားပြီးသူ ဝန်ကိုချပြီးသူ မာန်ကင်းပြီးသူဟူ၍လည်း ခေါ်ဆိုထိုက်၏၊

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် တံခါးကျင် (မင်းတုပ်) ကို မြှောက်ပြီးသူ ဖြစ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းအား မသိမှု ‘အဝိဇ္ဇာ’သည် ပယ်ပြီးဖြစ်၏၊ အမြစ်ဖြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘောမရှိတော့ချေ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် တံခါးကျင် (မင်းတုပ်) ကို မြှောက်ပြီးသူ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကျုံးမြောင်းကို အားလုံးဖျက်ဆီးပြီးသူ ဖြစ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းမှာ ဘဝသစ်ကို ဖြစ်စေတတ်သော ဇာတိ ဖြစ်ပွါးရေးသည် ပယ်ပြီး ဖြစ်၏၊ အမြစ်ဖြတ်ပြီးဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင် အခါဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကျုံး မြောင်းကို အားလုံးဖျက်ဆီးပြီးသူ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် တံခါးတိုင်ကို နုတ်ပြီးသူဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းမှာ တပ်မက်မှုတဏှာသည် ပယ်ပြီးဖြစ်၏၊ အမြစ်ဖြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် တံခါးတိုင်ကို နုတ်ပစ်ပြီးသူ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် တံခါးရွက်ကို ဖျက်ဆီးပြီးသူ ဖြစ်သနည်း၊ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းမှာ အောက်ကာမဘုံ၌ ဖြစ်စေတတ်သော သံယောဇဉ်အနှောင်အဖွဲ့ ငါးမျိုးတို့သည် ပယ်ပြီးဖြစ်ကုန်၏၊ အမြစ်ဖြတ်ပြီးဖြစ်ကုန်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်ကုန်၏၊ တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်ကုန်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိကြတော့ချေ။ ရဟန်းတို့ ဤသို့လျှင်ရဟန်းသည် တံခါးရွက်ကို ဖျက်ဆီးပြီးသူ ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကိလေသာကင်းစင်သူ အလံကိုချထားပြီးသူ ဝန်ကိုချထားပြီးသူ မာန်ကင်းပြီးသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းမှာ ငါဟု ထင်မှတ်ခြင်းသည်ပယ်ပြီးဖြစ်၏၊ အမြစ်ဖြတ်ပြီးဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကိလေသာကင်းစင်သူ အလံကို ချထားပြီးသူ ဝန်ကို ချထားပြီးသူ မာန်ကင်းပြီးသူ ဖြစ်၏။

၂၄၆။ ရဟန်းတို့ ဤသို့ လွတ်မြောက်ပြီးသော စိတ်ရှိသော ရဟန်းကို သိကြားနှင့်တကွ ဗြဟ္မာနှင့်တကွ မာန်နှင့်တကွ ဖြစ်ကုန်သော နတ်ဗြဟ္မာတို့သည် ”သတ္တဝါ၏ ဝိညာဉ်သည် ဤအရာကို မှီ၏” ဟုရှာကုန်သော်လည်း မသိနိုင်ကြကုန်။ ထိုသို့ မသိနိုင်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ မျက်မှောက်၌ပင် သတ္တဝါ ဟူ၍ မရှိသောကြောင့်တည်း” ဟု ငါဟော၏။

ရဟန်းတို့ ဤသို့ မိန့်ဆိုလေ့ရှိသော ဤသို့ ဟောကြားလေ့ရှိသော ငါ့ကို အချို့သော သမဏဗြာဟ္မဏတို့က ”ရဟန်း ဂေါတမသည် (သတ္တဝါကို) ဖျောက်ဖျက်တတ်၏၊ ထင်ရှားရှိသော သတ္တဝါ၏ပြတ်စဲခြင်း ပျက်စီးခြင်း မဖြစ်ခြင်းကို ပညတ်၏” ဟု ထင်ရှားမရှိသော အချည်းနှီးသော မဟုတ်မမှန်သောမုသားစကားဖြင့် စွပ်စွဲကုန်၏။ ရဟန်းတို့ ငါသည် သတ္တဝါကို ယင်းသို့လည်း မဖျောက်ဖျက်၊ ယင်းသို့လည်း မပညတ်၊ ထို့ကြောင့် ”ရဟန်း ဂေါတမသည် သတ္တဝါကို ဖျောက်ဖျက်တတ်၏၊ ထင်ရှားရှိသောသတ္တဝါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း မဖြစ်ခြင်းကို ပညတ်၏” ဟု (ပြောဆိုကြသော) ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ထင်ရှားမရှိသော အချည်းအနှီးသော မဟုတ်မမှန်သော မုသားစကားဖြင့် စွပ်စွဲသည်မည်ကုန်၏။

ရဟန်းတို့ ငါသည် ရှေးအခါကလည်းကောင်း၊ ယခုအခါ၌လည်းကောင်း ဆင်းရဲဒုက္ခကိုလည်း ပညတ်၏၊ ဆင်းရဲဒုက္ခ၏ ချုပ်ရာကိုလည်း ပညတ်၏။ ရဟန်းတို့ ထိုသို့ပညတ်ရာ၌ အကယ်၍ သူတစ်ပါးတို့ကမြတ်စွာဘုရားကို ဆဲရေးကုန်ငြားအံ့၊ ရေရွတ်ကုန်ငြားအံ့၊ ခြုတ်ခြယ်ကုန်ငြားအံ့၊ ညှဉ်းဆဲကုန်ငြားအံ့၊ ရဟန်းတို့ ထိုသို့ ညှဉ်းဆဲရာ၌ ငါဘုရားမှာ အမျက်ထွက်ခြင်း စိတ်ဆိုးခြင်း စိတ်မနှစ်မြို့ခြင်းသည် မဖြစ်။

ရဟန်းတို့ ထိုသို့ပညတ်ရာ၌ အကယ်၍ သူတစ်ပါးတို့က မြတ်စွာဘုရားကို အရိုအသေ ပြုကုန်ငြား အံ့၊ အလေးပြုကုန်ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန်ငြားအံ့၊ ရဟန်းတို့ ထိုသို့ ပူဇော်ရာ၌ ငါဘုရား မှာနှစ်သက်ခြင်း, ဝမ်းမြောက်ခြင်း, စိတ်တက်ကြွခြင်းသည် မဖြစ်။

ရဟန်းတို့ ထိုသို့ပညတ်ရာ၌ အကယ်၍ သူတစ်ပါးတို့က မြတ်စွာဘုရားကို အရိုအသေ ပြုကုန်ငြား အံ့၊ အလေးပြုကုန်ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန်ငြားအံ့။ ရဟန်းတို့ ထိုသို့ ပူဇော်ရာ၌ ငါဘုရား မှာ ”ရှေးအခါက ငါ ပိုင်းခြားသိခဲ့ပြီးသော ခန္ဓာငါးပါး၌ ဤသူတို့သည် ဤသို့သဘောရှိသော ပြုမူခြင်းတို့ ကိုပြုကုန်၏” ဟု ဤသို့သော အကြံအစည်သည် ဖြစ်၏။

ရဟန်းတို့ ထို့ကြောင့် သင်တို့ကို အကယ်၍လည်း သူတစ်ပါးတို့က ဆဲရေးကုန်ငြားအံ့၊ ရေရွတ်ကုန်ငြားအံ့၊ ချုတ်ချယ်ကုန်ငြားအံ့၊ ညှဉ်းဆဲကုန်ငြားအံ့၊ ထိုသို့ညှဉ်းဆဲရာ၌ သင်တို့သည် အမျက်ထွက်ခြင်း,စိတ်ဆိုးခြင်း, စိတ်မနှစ်မြို့ခြင်းကို မပြုသင့်။

ရဟန်းတို့ ထို့ကြောင့် သင်တို့ကို အကယ်၍လည်း သူတစ်ပါးတို့က အရိုအသေပြုကုန်ငြားအံ့၊ အလေးပြုကုန်ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန်ငြားအံ့။ ထိုသို့ပူဇော်ရာ၌ သင်တို့သည်နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်း, စိတ်တက်ကြွခြင်းကို မပြုသင့်။

ရဟန်းတို့ ထို့ကြောင့် သင်တို့ကို အကယ်၍လည်း သူတစ်ပါးတို့က အရိုအသေပြုကုန်ငြားအံ့၊ အလေးပြုကုန်ငြားအံ့၊ မြတ်နိုးကုန်ငြားအံ့၊ ပူဇော်ကုန်ငြားအံ့။ ထိုသို့ ပူဇော်ရာ၌ သင်တို့သည် ”ရှေးအခါက ငါ ပိုင်းခြားသိခဲ့ပြီးသော ခန္ဓာငါးပါး၌ ဤသူတို့သည် ဤသို့သဘောရှိသော ပြုမူခြင်းတို့ကိုပြုကုန်၏” ဟု ဤသို့သော အကြံအစည်သည် ဖြစ်ရာ၏။

၂၄၇။ ရဟန်းတို့ ထို့ကြောင့် သင်တို့၏ ဥစ္စာမဟုတ်သော တရားကို ပယ်ကြကုန်လော့၊ ထိုတရား ကိုပယ်စွန့်သော် သင်တို့မှာ ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်း ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ အဘယ်တရားသည် သင်တို့၏ ဥစ္စာမဟုတ်သနည်း၊ ရဟန်းတို့ ရုပ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုရုပ်၌ဖြစ်သော ဆန္စရာဂကို ပယ်စွန့်ကြကုန်လော့။ ထိုရုပ်၌ ဖြစ်သော ဆန္ဒရာဂကို ပယ်စွန့်သော် သင်တို့မှာ ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်း ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ခံစားခြင်း ‘ဝေဒနာ’သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝေဒနာကို ပယ်စွန့်ကြကုန်လော့။ ထိုဝေဒနာကိုပယ်စွန့်သော် သင်တို့မှာ ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်း ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ မှတ်သားခြင်း ‘သညာ’သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုသညာကို ပယ်စွန့်ကြကုန်လော့။ ထိုသညာကို ပယ်စွန့်သော် သင်တို့မှာ ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်း ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့သည် သင်တို့၏ ဥစ္စာမဟုတ်ကုန်၊ ထိုသင်္ခါရတို့ကို ပယ်စွန့်ကြကုန်လော့။ ထိုသင်္ခါရတို့ကို ပယ်စွန့်သော် သင်တို့မှာ ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်းချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့။ ရဟန်းတို့ အထူးသိမှု ‘ဝိညာဏ်’ သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝိညာဏ်ကို ပယ်စွန့်ကြကုန်လော့။ ထိုဝိညာဏ်ကို ပယ်စွန့်သော် သင်တို့မှာ ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်း ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ဤဇေတဝန်ကျောင်းတော်၌ အကြင်မြက် သစ်သား သစ်ခက် သစ်ရွက်သည် ရှိ၏၊ ထိုမြက် သစ်သား သစ်ခက် သစ်ရွက်ကို လူအပေါင်းသည်ဆောင်မူလည်း ဆောင်ငြားအံ့၊ မီးမူလည်း တိုက်ငြားအံ့၊ အလိုရှိသလို ပြုမူလည်း ပြုငြားအံ့၊ သင်တို့အား ”ငါတို့ကို လူအပေါင်းသည် ဆောင်၏ဟုလည်းကောင်း မီးတိုက်၏ဟုလည်းကောင်း အလိုရှိသလို ပြု၏ဟုလည်းကောင်း ဤသို့သော အကြံအစည်သည် ဖြစ်ရာသလော” ဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဤသို့ မဖြစ်ပါဟု (လျှောက်ကြကုန်၏)။

ထိုသို့ မဖြစ်ခြင်းသည် အဘယ်ကြောင့်ပါနည်း- အသျှင်ဘုရား ဤ မြက် သစ်သား သစ်ခက် သစ်ရွက်သည် တပည့်တော်တို့၏ ကိုယ်သည်လည်းကောင်း၊ ကိုယ်ပိုင်ဥစ္စာသည်လည်းကောင်း မဟုတ်သောကြောင့်ပါတည်း။

ရဟန်းတို့ ဤအတူပင် သင်တို့၏ ဥစ္စာမဟုတ်သော တရားကို ပယ်စွန့်ကြကုန်လော့။ ထိုတရားကို့ပယ်စွန့်သော် သင်တို့မှာ ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်း ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ အဘယ်တရားသည် သင်တို့၏ဥစ္စာမဟုတ်သနည်း၊ ရဟန်းတို့ ရုပ်သည် သင်တို့၏ဥစ္စာမဟုတ်၊ ထိုရုပ်၌ ဖြစ်သောဆန္စရာဂကို ပယ်စွန့်ကြကုန်လော့။ ထိုရုပ်၌ ဖြစ်သော ဆန္ဒရာဂကို ပယ်စွန့်သော် သင်တို့မှာ ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်း ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ ခံစားခြင်း ‘ဝေဒနာ’ သည်။ပ။ ရဟန်းတို့ မှတ်သားခြင်း ‘သညာ’ သည်။ ရဟန်းတို့ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့သည်။ ရဟန်းတို့ အထူးသိမှု ‘ဝိညာဏ်’ သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝိညာဏ်ကို ပယ်စွန့်ကြကုန်လော့။ ထိုဝိညာဏ်ကိုပယ်စွန့်သော် သင်တို့မှာ ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်း ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

၂၄၈။ ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကို ကောင်းစွာ ဟောကြား ထား၏၊ ပေါ်ပေါ်လွင်လွင် ဖွင့်လှစ်ပြသထား၏၊ ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကိုကောင်းစွာ ဟောကြားသော် ပေါ်ပေါ်လွင်လွင် ဖွင့်လှစ်ပြသထားသော် (ကိလေသာမှ) ကင်းဝေးကြကုန်သော အာသဝေါကုန်ခန်းပြီးကုန်သော (မဂ်အကျင့်ကို) ကျင့်သုံးပြီးကုန်သော ပြုဖွယ်ကိစ္စကို ပြုပြီးကုန်သော ဝန်ကို ချထားပြီးကုန်သော (အရဟတ္တဖိုလ်ဟူသော) မိမိအကျိုးသို့ ရောက်ပြီးကုန်သော ဘဝကိုနှောင်ဖွဲ့ခြင်း ‘သံယောဇဉ်’ ကုန်ပြီးကုန်သော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသည့် စိတ်ရှိကုန်သော ထိုရဟန်းတို့မှာ ပညတ်ခြင်းငှါ ဝဋ်ဆင်းရဲမရှိနိုင်တော့ပေ။

ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကို ကောင်းစွာ ဟောကြားထား၏၊ ပေါ်ပေါ်လွင်လွင် ဖွင့်လှစ်ပြသထား၏၊ ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကိုကောင်းစွာ ဟောကြားထားသော် ပေါ်ပေါ်လွင်လွင် ဖွင့်လှစ်ပြသထားသော် အောက်ကာမဘုံ၌ ဖြစ်စေတတ်သော သံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးမျိုးတို့ကို ပယ်စွန့်ပြီးသော ရဟန်းအားလုံးတို့သည် ကိုယ်ထင်ရှားဖြစ်ခြင်း ‘ဥပပါတ်’တို့ ဖြစ်ကုန်၏၊ ထိုဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်ပြုလေ့ရှိကြကုန်၏၊ ထိုဗြဟ္မာ့ဘုံမှပြန်လည်ဖြစ်ခြင်းသဘော မရှိကုန်။

ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကို ကောင်းစွာ ဟောကြားထား၏၊ ပေါ်ပေါ်လွင်လွင် ဖွင့်လှစ် ပြသထား၏၊ ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကိုကောင်းစွာ ဟောကြားထားသော် ပေါ်ပေါ်လွင်လွင် ဖွင့်လှစ် ပြသထားသော် အနှောင်အဖွဲ့ ‘သံယောဇဉ်’သုံးပါးတို့ကို ပယ်စွန့်ပြီးသော တပ်စွန်းခြင်း ‘ရာဂ’ ပြစ်မှားခြင်း ‘ဒေါသ’ တွေဝေခြင်း ‘မောဟ’တို့ ခေါင်းပါးပြီးသော ရဟန်းအားလုံးတို့သည် သကဒါဂါမ်တို့တည်း၊ တစ်ကြိမ်သာလျှင် ဤ (လူ့) ဘုံသို့ လာကြကုန်၍ဝဋ်ဆင်းရဲ၏အဆုံးကို ပြုကြကုန်လတ္တံ့။

ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကို ကောင်းစွာ ဟောကြားထား၏၊ ပေါ်ပေါ်လွင်လွင် ဖွင့်လှစ်ပြသထား၏၊ ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကိုကောင်းစွာ ဟောကြားထားသော် ပေါ်ပေါ်လွင်လွင် ဖွင့်လှစ်ပြသထားသော် အနှောင်အဖွဲ့ ‘သံယောဇဉ်’သုံးပါးတို့ကို ပယ်စွန့်ပြီးသော ရဟန်းအားလုံးတို့သည် သောတာပန်တို့တည်း၊ (အပါယ်သို့) ဖရိုဖရဲပျက်စီးကျခြင်းသဘော မရှိကြကုန်၊ ဂတိမြဲကုန်၏၊ အမြဲအထက်မဂ်သို့ လားရောက်ခြင်း ရှိကြကုန်၏။

ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကို ကောင်းစွာ ဟောကြားထား၏၊ ပေါ်ပေါ်လွင်လွင် ဖွင့်လှစ်ပြသထား၏၊ ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကိုကောင်းစွာ ဟောကြားထားသော် ပေါ်ပေါ်လွင်လွင် ဖွင့်လှစ်ပြသထားသော် ပညာဖြင့် အစဉ်လိုက်၍ ကျင့်ကုန်သော သဒ္ဓါဖြင့် အစဉ်လိုက်၍ ကျင့်ကုန်သော ရဟန်းအားလုံးတို့သည် အထက်မဂ်ဖိုလ်သို့လားရောက်ခြင်း ရှိကြကုန်၏။

ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကို ကောင်းစွာ ဟောကြားထား၏၊့ ပေါ်ပေါ်လွင်လွင် ဖွင့်လှစ်ပြသထား၏၊ ရဟန်းတို့ ဤသို့ ငါသည် ပုဆိုးသစ်သဖွယ်ဖြစ်သော တရားကိုကောင်းစွာ ဟောကြားထားသော် ပေါ်ပေါ်လွင်လွင် ဖွင့်လှစ်ပြသထားသော် ငါ (ဘုရားအပေါ်) ၌ ယုံကြည်ခြင်း ‘သဒ္ဓါ’မျှ, ချစ်ခင်မြတ်နိုးခြင်း ‘ပေမ’မျှ ဖြစ်ကြသော ပုဂ္ဂိုလ်အားလုံးတို့သည်ပင် နတ်ပြည်သို့ လားရောက်ခြင်းရှိကြကုန်၏။

မြတ်စွာဘုရားသည် ဤသုတ်တရားကို ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားကို နှစ်သိမ့်ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

နှစ်ခုမြောက် အလဂဒ္ဒူပမသုတ်ပြီး၏။