၂၅၆။ မကောင်းမှုမှ ရှက်မှု ‘ဟိရီ’ကို လွန်ကာ ယင်းမကောင်းမှုမှ ရှက်မှုကို စက်ဆုပ်လျက် ငါကားသင်၏ မိတ်ဆွေဖြစ်ပါ၏ဟု နှုတ်ဖြင့် ပြောဆိုသော်လည်း မိမိပြုလုပ်ရန် စွမ်းနိုင်သော အမှုကိစ္စတို့ကို မူမယူတတ်သော အဆွေခင်ပွန်းတုကို ဤသူကား ငါ၏ အဆွေခင်ပွန်းမဟုတ်ဟု သိရာ၏။ (၁)
၂၅၇။ အကြင်သူသည် အဆွေခင်ပွန်းတို့၌ ပြုလုပ်မည်ဟု ပြောဆိုသော စကား၏ အနက်သို့ အစဉ်လိုက်သော ချစ်ဖွယ်သော စကားကို ပြောဆို၏။ (ပြုလုပ်မည်ဟု) စကားကိုသာ ပြောဆိုဝန်ခံ၍ ပြောဆိုတိုင်း မပြုလုပ်သော ထိုသူကို ဤသူကား အဆွေခင်ပွန်းတုတည်းဟူ၍ ပညာရှိတို့ပိုင်းခြားသိကုန်၏။ (၂)
၂၅၈။ အကြင်သူသည် ကွဲပြားရမည်ကိုသာ တွေးတောယုံမှားလျက် အခါ ခပ် သိမ်း မမေ့မလျော့ဘဲမိမိကို အပြစ်တင်သောအခါ ပြန်၍ အပြစ်တင်ရန် အကြောင်း အခွင့်ကိုသာလျှင် ရှုလျက်နေ၏။ ထိုသူသည် အကြင်သူသည် အဆွေခင်ပွန်းစစ် မဟုတ်၊ အကြင်သူကား သားငယ်သည် အဖ၏ ရင်ခွင်၌ ယုံးမှားကင်းလျက် အိပ်စက်နိုင်သကဲ့သို့ အကြင်အဆွေခင်ပွန်း၏ ရင်ခွင်၌ ယုံးမှားကင်းလျက် အိပ်စက်နိုင်၏။ အကြင်အဆွေခင်ပွန်းကိုလည်း သူတစ်ပါးတို့က အကြောင်းရာထောင်ပြော၍သော်လည်းမဖျက်ဆီးနိုင်၊ ထိုသူ၏ ထိုသို့ သဘောရှိသော အဆွေခင်ပွန်းသည် အဆွေခင်ပွန်းစစ်မည်၏။ (၃)
၂၅၉။ ဝမ်းမြောက်ခြင်းကို ပြုတတ်သော ဝီရိယသည် ချမ်းသာခြင်း၏ အကြောင်းတည်း၊ ချီးမွမ်းခြင်းကို ဆောင်တတ်သော ဝီရိယသည် ချမ်းသာ၏။ အကျိုးကို အလိုရှိသူသည် ယောက်ျားအား လျောက်ပတ်သော ဝန်ကို ဆောင်လျက် သမ္မပ္ပဓာန် လုံ့လကို ပွါးများ၏။ (၄)
၂၆ဝ။ တရားတည်းဟူသော နှစ်သက်မှုပီတိအရသာကို သောက်ရသူသည် ဆိတ် ငြိမ်ရာ၌ ရသော (တရား) အရသာကိုလည်းကောင်း၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကိုလည်းကောင်းသောက်ရသောကြောင့် ပူပန်မှုကင်း၏။ မကောင်းမှုမှလည်း ကင်း၏ဟု (မိန့်တော်မူ၏)။ (၅)
သုံးခုမြောက် ဟိရိသုတ် ပြီး၏။