သနပ ၅.၁၀: ကပ္ပမာဏဝပုစ္ဆာ

၁ဝ၉၉။ (ကပ္ပသည် ဤသို့ မေးလျှောက်၏) –

မြတ်စွာဘုရား ဖြစ်ပေါ်နေသော များသော ဘေးရှိသော သြဃလေးဖြာ သံသရာ အလယ်၌ တည်ကုန်သော အိုခြင်း သေခြင်းသည် နှိပ်စက်အပ်ကုန်သောသူတို့၏ (မှီခိုရာ) ကျွန်းကို ဟောတော်မူပါလော့၊ အသျှင်ဘုရားသည် ဆင်းရဲတစ်ဖန် မဖြစ်နိုင်ရာသော ဤကျွန်းကို အကျွန်ုပ်အားမိန့်ကြားတော်မူပါလော့။ (၁)

၁၁ဝဝ။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) –

ကပ္ပ ဖြစ်ပေါ်နေသော များသော ဘေးရှိသော သြဃလေးဖြာ သံသရာအလယ်၌ တည်ကုန်သော အိုခြင်း သေခြင်းသည် နှိပ်စက်အပ်ကုန်သောသူတို့၏ (မှီခိုရာ) ကျွန်းကို သင့်အား ငါဘုရား ဟောအံ့။ (၂)

၁၁ဝ၁။ (မှီခိုရာ) ကျွန်းသည် ကြောင်းကြမှုမရှိ၊ တဏှာဒိဋ္ဌိတို့ဖြင့် စွဲလမ်းယူရာ မဟုတ်၊ ဤကျွန်းမှတစ်ပါး အခြားကျွန်း မရှိ၊ အိုခြင်း သေခြင်း၏ကုန်ရာဖြစ်သော ထိုကျွန်းကို နိဗ္ဗာန်ဟူ၍ ငါဆို၏။ (၃)

၁၁ဝ၂။ အောက်မေ့မှု ‘သတိ’ ရှိသော အကြင်သူတို့သည် ထိုနိဗ္ဗာန်ကျွန်းကို သိခြင်းကြောင့် တရားကို မြင်ပြီးသူ ကိလေသာမီးငြိမ်းသူ ဖြစ်ကုန်၏။ ထိုသူတို့သည် မာရ်၏ နောက်လိုက် မဟုတ်တော့ကုန်၊ မာရ်၏ အလုပ်အကျွေး မဟုတ် တော့ကုန်။ (၄)

ဆယ်ခုမြောက် ကပ္ပမာဏဝပုစ္ဆာ ပြီး၏။