သန ၄၄.၉: ကုတူဟလသာလာသုတ်

၄၁၈။ ထို့နောက် ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

”အသျှင်ဂေါတမ ယခင့်ယခင်နေ့တို့က အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏဖြစ်သည့် ပရိဗိုဇ်များစွာတို့သည် ငြင်းခုံဆူညံရာ ကုတူဟလဇရပ်၌ စုဝေးထိုင်နေကြစဉ် ဤအကြားစကားသည် ဖြစ်ပေါ်ခဲ့၏- ဤပူရဏကဿပသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာ့လည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒတီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအပေါင်းကသမုတ်ထားသူ ဖြစ်၏၊ ထိုပူရဏကဿပသည်လည်း ကွယ်လွန်သေပျောက်သူ တပည့်ကို ‘ ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏ ‘ဟု ဖြစ်ရာ ဘဝတို့ကို ပြောကြား၏၊ မြတ်သော ယောက်ျားအမြတ်ဆုံး ယောက်ျားဖြစ်၍ အမြတ်ဆုံးသို့ ရောက်သူ ဖြစ်ပါလျက် ကွယ်လွန်သေပျောက်သူ ထိုပူရဏကဿပ၏ တပည့်ကိုလည်း ‘ ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏ ‘ဟု ဖြစ်ရာဘဝတို့ကို ပြောကြား၏။ ဤမက္ခလိဂေါသာလသည်လည်း။ပ။ ဤနိဂဏ္ဌနာဋပုတ္တသည်လည်း။ ဤသဉ္ဇယဗေလဋ္ဌပုတ္တသည်လည်း။ ဤပကုဓကစ္စာနသည်လည်း။ ဤအဇိတကေသကမ္ဗလသည်လည်း တပည့်အပေါင်းနှင့် ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒတီတွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအပေါင်းက သမုတ်ထားသူ ဖြစ်၏၊ ထိုအဇိတကေသကမ္ဗလသည်လည်း ကွယ်လွန်သေပျောက်သော တပည့်ကို ‘ ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏ ‘ဟု ဖြစ်ရာဘဝတို့ကို ပြောကြား၏၊ မြတ်သော ယောက်ျား အမြတ်ဆုံး ယောက်ျားဖြစ်၍ အမြတ်ဆုံးသို့ရောက်သည် ဖြစ်ပါလျက် ကွယ်လွန်သေပျောက်သူ ထိုအဇိတကေသကမ္ဗလ၏ တပည့်ကိုလည်း’ ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏’ဟု ဖြစ်ရာ ဘဝကို ပြောကြား၏။

ဤရဟန်းဂေါတမသည်လည်း တပည့်အပေါင်းနှင့် ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒတီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအပေါင်းကသမုတ်ထားသူ ဖြစ်၏၊ ထိုမြတ်စွာဘုရားသည်လည်း ကွယ်လွန်သေပျောက်သော တပည့်ကို ‘ ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏’ဟု ဖြစ်ရာ ဘဝတို့ကို ပြောကြား၏၊ မြတ်သော ယောက်ျား အမြတ်ဆုံး ယောက်ျားဖြစ်၍ အမြတ်ဆုံးသို့ ရောက်သူ ဖြစ်ပါလျက်ကွယ်လွန်သေပျောက်သူ ထိုမြတ်စွာ ဘုရား၏ တပည့်ကိုကား ‘ ဤသူသည် ဤဘဝ၌ ဖြစ်၏၊ ဤသူသည် ဤဘဝ၌ ဖြစ်၏’ဟု ဖြစ်ရာ ဘဝ တို့ကို ပြောကြားတော်မမူ။ စင်စစ်သော်ကား ထိုတပည့်သာဝကသည်’တဏှာကို ဖြတ်ပြီးပြီ၊ သံယောဇဉ် ကို ဖြတ်ပြီးပြီ၊ မာနကို ကောင်းစွာ ပယ်ပြီးသောကြောင့် ဆင်းရဲ၏အဆုံးကို ပြုလေပြီ ‘ဟုသာ ပြောကြား၏၊ အသျှင်ဂေါတမ ‘ရဟန်းဂေါတမ၏ တရားအထူးသိမှုသည်အဘယ်သို့ပါနည်း’ဟု အကျွန်ုပ်အား တွေး တောယုံမှား ဖြစ်မိပါ၏”ဟု လျှောက်၏။

ဝစ္ဆ သင်သည် တွေးတောခြင်းငှါ သင့်သည်သာတည်း၊ ယုံမှားခြင်းငှါ သင့်သည်သာတည်း၊ သင့်အားတွေးတောသင့်သော အရာ၌ ယုံမှားမှု ဖြစ်ပေ၏၊ ဝစ္ဆ ငါသည် စွဲလမ်းမှုရှိသူအား တစ်ဖန် ဘဝသစ် ဖြစ်ခြင်းကို ပညတ်၏၊ စွဲလမ်းမှု မရှိသူအား မပညတ်။ ဝစ္ဆ ဥပမာသော်ကား မီးသည် လောင်စာရှိသော်တောက်လောင်၏၊ လောင်စာ မရှိသော် မတောက်လောင်။ ဝစ္ဆ ဤအတူပင် ငါသည် စွဲလမ်းမှု ရှိသူအားတစ်ဖန် ဘဝသစ် ဖြစ်ခြင်းကို ပညတ်၏၊ စွဲလမ်းမှု မရှိသူအား မပညတ်ဟု မိန့်တော်မူ၏။

အသျှင်ဂေါတမ မီးလျှံသည် လေလွင့်သဖြင့် အဝေးသို့ ရောက်သော အခါ ဤမီးကား အဘယ်လောင်စာ ရှိသည်ဟု အသျှင်ဂေါတမ ပညတ်ပါသနည်း။ ဝစ္ဆ မီးလျှံသည် လေလွင့်သဖြင့် အဝေးသို့ရောက်သော အခါ၌ ထိုမီးကို လေဟူသော လောင်စာရှိသည်ဟု ငါ ပညတ်၏။ ဝစ္ဆ မှန်၏၊ ထိုအခါ၌ လေသည် ထိုမီး၏ လောင်စာဖြစ်၏။ အသျှင်ဂေါတမ ဤကိုယ်ကို ပစ်ချ၍ သတ္တဝါသည် တစ်ပါးသောကိုယ် သို့လည်း မကပ်ရောက်သော အခါ၌ သတ္တဝါအား အဘယ်စွဲလမ်းမှု ရှိသည်ဟု အသျှင်ဂေါတမပညတ်ပါ သနည်း။ ဝစ္ဆ ဤကိုယ်ကို ပစ်ချ၍ သတ္တဝါသည် တစ်ပါးသော ကိုယ်သို့လည်းမကပ်ရောက်သော အခါ၌ ထိုသတ္တဝါသည် တဏှာဟူသော စွဲလမ်းမှု ရှိ၏ဟု ငါ ဆို၏။ ဝစ္ဆ မှန်၏၊ ထိုအခါ၌ တဏှာသည် ထို သတ္တဝါ၏ စွဲလမ်းမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။