အန ၄.၁၁၃: ပတောဒသုတ်

၁၁၃။ ရဟန်းတို့ လောက၌ အာဇာနည်မြင်းကောင်း လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ် လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍ ”ငါ့ကို ယနေ့ မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် ထို မြင်းထိန်းအတွက် အဘယ်ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။ ရဟန်းတို့ ဤပဌမအာဇာနည် မြင်းကောင်းမျိုးသည် လောက၌ ထင်ရှားရှိ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍ မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်၊ စင်စစ်သော်ကား အမွေး၌ နှင်တံဖြင့် ထိုးအပ်သည်ရှိသော် ”ယနေ့ ငါ့ကို မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည့်မြင်းထိန်းအတွက် အဘယ်ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။ ရဟန်းတို့ ဤဒုတိယအာဇာနည်မြင်းကောင်းမျိုးသည် လောက၌ ထင်ရှားရှိ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်၊ အမွေး၌ နှင်တံဖြင့် ထိုးအပ်သော်လည်း မထိတ် လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်၊ စင်စစ်သော်ကား အရေ၌ နှင်တံဖြင့် ထိုးအပ်သည်ရှိသော် ”ယနေ့ ငါ့ကို မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် မြင်းထိန်းအတွက် အဘယ် ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။ ရဟန်းတို့ ဤတတိယ အာဇာနည် မြင်းကောင်းမျိုးသည် လောက၌ ထင်ရှားရှိ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်၊ အမွေး၌ နှင်တံဖြင့် ထိုးအပ်သော်လည်း မထိတ် လန့်၊ တုန်လှုပ်ခြင်းသို့ မရောက်၊ အရေ၌ နှင်တံဖြင့် ထိုးအပ်သော်လည်း မထိတ်လန့်၊ တုန်လှုပ်ခြင်း သို့ မရောက်၊ စင်စစ်သော်ကား နှင်တံဖြင့် အရိုးကို ထိုးအပ်သည်ရှိသော် ”ယနေ့ ငါ့ကို မြင်းထိန်းသည် အဘယ်အကြောင်းကိစ္စကို ပြုစေလိမ့်မည်နည်း၊ ငါသည် မြင်းထိန်းအတွက် အဘယ်ကို ပြုရပါအံ့နည်း”ဟု ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤလောက၌ ဤသို့သဘောရှိသော အချို့သော အာဇာနည်မြင်းကောင်းလည်း ရှိတတ်၏။ ရဟန်းတို့ ဤစတုတ္ထအာဇာနည်မြင်းကောင်းမျိုးသည် လောက၌ ထင်ရှားရှိ၏။

ရဟန်းတို့ လောက၌ ဤအာဇာနည်မြင်းကောင်း လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် လောက၌ ဤအာဇာနည်ယောက်ျားကောင်း လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည် ”ဤမည်သော ရွာ၌သော်လည်းကောင်း၊ နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏”ဟူ၍ ကြား၏၊ ထိုသူသည် ထိုသို့ကြားခြင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏၊ ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည် ဖြစ်၍ နာမကာယဖြင့်လည်း မဖောက်မပြန် မြတ်သော အမှန်တရား (နိဗ္ဗာန်)ကို မျက်မှောက် ပြု၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ သိမြင်၏။ ရဟန်းတို့ ထို အာဇာနည်မြင်းကောင်းသည် နှင်တံရိပ်ကို မြင်၍ ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည် ယောက်ျားကောင်း ကိုလည်း အာဇာနည်မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။ ရဟန်းတို့ ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်ယောက်ျားကောင်းလည်း ရှိတတ်၏။ ရဟန်းတို့ ဤပဌမ အာဇာနည်ယောက်ျား ကောင်းမျိုးသည် လောက၌ ထင်ရှားရှိ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည် ”ဤမည်သော ရွာ၌သော်လည်းကောင်း၊ နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏။ သို့မဟုတ် သေ၏”ဟူ၍ မကြား၊ စင်စစ်သော်ကား ဆင်းရဲခြင်းသို့ ရောက်နေ သော၊ သို့မဟုတ် သေနေသော မိန်းမကို ဖြစ်စေ ယောက်ျားကို ဖြစ်စေ ကိုယ်တိုင် မြင်၏၊ ထိုသူသည် ထိုသို့ မြင်ခြင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏၊ ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့် မဖောက်မပြန်မြတ်သော အမှန်တရား (နိဗ္ဗာန်)ကို မျက်မှောက်ပြု၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ သိမြင်၏။ ရဟန်းတို့ ထို အာဇာနည်မြင်းကောင်းသည် နှင်တံဖြင့် အမွေးကို ထိုးသည် ဖြစ်၍့ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည်ယောက်ျားကောင်းကိုလည်း ထို အာဇာနည်မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။ ရဟန်းတို့ ဤလောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည်ယောက်ျားကောင်းလည်း ရှိတတ်၏။ ရဟန်းတို့ ဤဒုတိယအာဇာနည် ယောက်ျားကောင်းမျိုးသည် လောက၌ ထင်ရှားရှိ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည် ”ဤမည်သော ရွာ၌သော်လည်းကောင်း၊ နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏”ဟူ၍ မကြား၊ ဆင်းရဲခြင်းသို့ ရောက်နေသော၊ သို့မဟုတ် သေနေသော မိန်းမကို ဖြစ်စေ ယောက်ျားကို ဖြစ်စေ ကိုယ်တိုင် မမြင်၊ စင်စစ်သော်ကား ထိုသူ၏ ဆွေမျိုးဖြစ်စေ သားချင်းဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏၊ ထိုသူသည် ထို အကြောင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏၊ ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နာမကာယဖြင့် မဖောက်မပြန် မြတ်သော အမှန်တရား (နိဗ္ဗာန်)ကို မျက်မှောက်ပြု၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ မြင်၏။ ရဟန်းတို့ အာဇာနည်မြင်းကောင်းသည် နှင်တံဖြင့် အရေကို ထိုးသည်ရှိသော် ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည် ယောက်ျားကောင်းကိုလည်း ထို အာဇာနည် မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။ ရဟန်းတို့ ဤလောက၌ ဤသို့သဘောရှိသော အချို့သော အာဇာနည်ယောက်ျားကောင်းလည်း ရှိတတ်၏။ ရဟန်းတို့ ဤတတိယ အာဇာနည်ယောက်ျားကောင်းမျိုးသည် လောက၌ ထင်ရှားရှိ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည် ”ဤမည်သော ရွာ၌သော်လည်းကောင်း၊ နိဂုံး၌သော်လည်းကောင်း မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ ဆင်းရဲခြင်းသို့ ရောက်၏၊ သို့မဟုတ် သေ၏”ဟူ၍ မကြား၊ ဆင်းရဲခြင်းသို့ ရောက်နေသော၊ သို့မဟုတ် သေနေသော မိန်းမကို ဖြစ်စေ ယောက်ျားကို ဖြစ်စေ ကိုယ်တိုင်လည်း မမြင်၊ ထိုသူ၏ ဆွေမျိုးဖြစ်စေ သားချင်းဖြစ်စေ ဆင်းရဲခြင်းသို့ မရောက်၊ သို့မဟုတ် မသေ၊ စင်စစ်သော်ကား ကိုယ်တိုင်ပင်လျှင် ကိုယ်၌ ဖြစ်သော ပြင်းထန် ကြမ်းကြုတ် စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက် သော ဆင်းရဲဝေဒနာတို့ကို တွေ့ထိခံစားရ၏။ ထိုသူသည် ထို အကြောင်းကြောင့် ထိတ်လန့်၏၊ တုန်လှုပ်ခြင်းသို့ ရောက်၏၊ ထိတ်လန့်၍ အသင့်အားဖြင့် အားထုတ်၏၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည် ဖြစ်၍ နာမကာယဖြင့် မဖောက်မပြန်မြတ်သော အမှန်တရား (နိဗ္ဗာန်) ကို မျက်မှောက်ပြု၏၊ ပညာ ဖြင့်လည်း ထိုးထွင်း၍မြင်၏။ ရဟန်းတို့ ထို အာဇာနည်မြင်းကောင်းသည် နှင်တံဖြင့် အရိုးကို ထိုးသည် ရှိသော် ထိတ်လန့်သကဲ့သို့ တုန်လှုပ်ခြင်းသို့ရောက်သကဲ့သို့ ရဟန်းတို့ ဤအာဇာနည် ယောက်ျားကောင်း ကိုလည်း ထို အာဇာနည်မြင်းကောင်းနှင့် တူ၏ဟု ငါဆို၏။ ရဟန်းတို့ လောက၌ ဤသို့ သဘောရှိသော အချို့သော အာဇာနည် ယောက်ျားကောင်းလည်း ရှိတတ်၏။ ရဟန်းတို့ ဤစတုတ္ထ အာဇာနည် ယောက်ျားကောင်းမျိုးသည် လောက၌ ထင်ရှားရှိ၏။ ရဟန်းတို့ ဤအာဇာနည်ယောက်ျားကောင်း လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။