အန ၄.၁၇၃: မဟာကောဋ္ဌိကသုတ်

၁၇၃။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင် သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကား ကို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်လျက် အသျှင်သာရိပုတြာအား ဤစကားကို ဆို၏-

ငါ့သျှင် တွေ့ထိခြင်း၏တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့၏ အကြွင်းမဲ့ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် ရှိလေသလောဟု လျှောက်၏။ ငါ့သျှင် ဤသို့ မဆိုသင့်ပါ။ ငါ့သျှင် တွေ့ထိခြင်း၏ တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် မရှိလေသလောဟု (လျှောက်၏)။ ငါ့သျှင် ဤသို့ မဆိုသင့်ပါ။ ငါ့သျှင် တွေ့ထိခြင်း၏ တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် ရှိလည်းရှိ မရှိလည်းမရှိသလောဟု (လျှောက်၏)။ ငါ့သျှင် ဤသို့ မဆို သင့်ပါ။ ငါ့သျှင် တွေ့ထိခြင်း၏ တည်ရာ ‘ဖဿာ ယတန’ ခြောက်ပါးတို့၏ အကြွင်းမဲ့ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် ရှိသည်လည်းမဟုတ် မရှိသည်လည်း မဟုတ်သလောဟု (လျှောက်၏)၊ ငါ့သျှင် ဤသို့ မဆိုသင့်ပါ။

”ငါ့သျှင် တွေ့ထိခြင်း၏ တည်ရာ ‘ဖဿာ ယတန’ ခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် ရှိလေသလော”ဟု (ငါ) မေးအပ်သော် ”ငါ့သျှင် ဤသို့ မဆိုသင့်ပါ”ဟု (သင်) ဆိုဘိ၏။ ”ငါ့သျှင် တွေ့ထိခြင်း၏ တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် မရှိလေသလော”ဟု (ငါ) မေးအပ်သော် ”ငါ့သျှင် ဤသို့ မဆိုသင့်ပါ”ဟု (သင်) ဆိုဘိ၏။ ”ငါ့သျှင် တွေ့ထိခြင်း၏ တည်ရာ ‘ဖဿာ ယတန’ ခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် ရှိလည်းရှိ မရှိလည်းမရှိလေသလော”ဟု (ငါ) မေးအပ်သော် ”ငါ့သျှင် ဤသို့ မဆိုသင့်ပါ”ဟု (သင်) ဆိုဘိ၏။ ”ငါ့သျှင် တွေ့ထိခြင်း၏ တည်ရာ ‘ဖဿာ ယတန’ ခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် မရှိသည်လည်းမဟုတ် ရှိသည်လည်း မဟုတ်လေ သလော”ဟု (ငါ) မေးအပ်သော် ”ငါ့သျှင် ဤသို့ မဆိုသင့်ပါ”ဟု (သင်) ဆိုဘိ၏။ ငါ့သျှင် ဟောဆို တော်မူသော ဤတရား၏ အနက်ကို အဘယ်သို့လျှင် မှတ်ရပါအံ့နည်းဟု လျှောက်၏။

ငါ့သျှင် တွေ့ထိခြင်း၏တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် ရှိ၏”ဟု ဆိုသော သူသည် မချဲ့သင့်သော အရာကို ချဲ့၏။ ”ငါ့သျှင် တွေ့ထိခြင်း၏တည်ရာ ‘ဖဿာယတန’ ခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် မရှိ”ဟု ဆိုသော သူသည် မချဲ့သင့်သော အရာကို ချဲ့၏။ ”ငါ့သျှင် တွေ့ထိခြင်း၏တည်ရာ ‘ဖဿာ ယတန’ ခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် ရှိလည်း ရှိ၏၊ မရှိလည်းမရှိ”ဟု ဆိုသော သူသည် မချဲ့သင့် သော အရာကို ချဲ့၏။ ”ငါ့သျှင် တွေ့ထိခြင်း၏ တည်ရာ ‘ဖဿာယတန’ခြောက်ပါးတို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းကြောင့် အခြား (ကိလေသာ) တစ်စုံတစ်ခုသည် ရှိသည်လည်းမဟုတ် မရှိသည်လည်း မဟုတ်”ဟု ဆိုသော သူသည် မချဲ့သင့်သော အရာကို ချဲ့၏။ ငါ့သျှင် တွေ့ထိခြင်း၏ တည်ရာ ‘ဖဿာ ယတန’ ခြောက်ပါးတို့၏ ဖြစ်ခြင်းနှင့်အမျှ (သံသရာကို ချဲ့တတ်သော တဏှာ မာန ဒိဋ္ဌိဟု ဆိုအပ်သော) ပပဉ္စတရား၏ ဖြစ်ခြင်းသည် ရှိ၏၊ ပပဉ္စတရား၏ ဖြစ်ခြင်းနှင့်အမျှ တွေ့ထိခြင်း၏ တည်ရာ ‘ဖဿာ ယတန’ ခြောက်ပါးတို့၏ ဖြစ်ခြင်းသည် ရှိ၏၊ ငါ့သျှင် တွေ့ထိခြင်း၏ တည်ရာ ‘ဖဿာယတန’ ခြောက်ပါး တို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းကြောင့် (သံသရာကို ချဲ့တတ်သော တဏှာ မာန ဒိဋ္ဌိဟုဆိုအပ်သော) ပပဉ္စတရားတို့၏ ချုပ်ခြင်းသည် ဖြစ်၏၊ ပပဉ္စတရားတို့၏ ငြိမ်းခြင်းသည် ဖြစ်၏ဟု (မိန့်ဆို၏)။

တတိယသုတ်။