၁၈၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာ ဝေဠုဝန် ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မဂဓမင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြော ဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-
အသျှင်ဂေါတမ ”မည်သူမဆို မြင်သည်ကို ‘ဤသို့ ငါမြင်၏’ဟု ပြောဆိုခဲ့မူ ထို ပြောဆိုရာ၌ အပြစ်မရှိ၊ မည်သူမဆို ကြားသည်ကို ‘ဤသို့ ငါကြား၏’ဟု ပြောဆိုခဲ့မူ ထို ပြောဆိုရာ၌ အပြစ်မရှိ။ မည်သူမဆို တွေ့သည်ကို ‘ဤသို့ ငါတွေ့၏’ဟု ပြောဆိုခဲ့မူ ထိုသို့ ပြောဆိုရာ၌ အပြစ်မရှိ။ မည်သူမဆို သိသည်ကို ‘ဤသို့ ငါသိ၏’ဟု ပြောဆိုခဲ့မူ၊ ထို ပြောဆိုရာ၌ အပြစ်မရှိ”ဟု အကျွန်ုပ် ဤသို့ ဝါဒရှိပါသည်၊ ဤသို့ အယူရှိပါသည်ဟု (လျှောက်၏)။
ပုဏ္ဏား မြင်ရသမျှကို ”ပြောဆိုအပ်၏”ဟူ၍ ငါမဆို၊ ပုဏ္ဏား မြင်ရသမျှကို ”မပြောဆိုအပ်”ဟူ၍လည်း ငါမဆို၊ ပုဏ္ဏား ကြားရသမျှကို ”ပြောဆိုအပ်၏”ဟူ၍ ငါမဆို၊ ပုဏ္ဏား ကြားရသမျှကို ”မပြောဆိုအပ်”ဟူ၍လည်း ငါမဆို။ ပုဏ္ဏား တွေ့ရသမျှကို ”ပြောဆိုအပ်၏”ဟူ၍ ငါမဆို၊ ပုဏ္ဏာ့းတွေ့ရသမျှကို ”မပြောဆိုအပ်”ဟူ၍လည်း ငါမဆို၊ ပုဏ္ဏား သိရသမျှကို ”ပြောဆိုအပ်၏”ဟူ၍ ငါမဆို၊ ပုဏ္ဏား သိရသမျှကို ”မပြောဆိုအပ်”ဟူ၍လည်း ငါမဆို။
ပုဏ္ဏား အကြောင်းမူကား မြင်ရသည်ကို ပြောဆိုသောသူအား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်မူ ဤသို့သော မြင်ခြင်းကို ”မပြောဆိုအပ်”ဟု ငါဆို၏။ ပုဏ္ဏား မြင်ရသည်ကို မပြောဆိုသောသူအား ကုသိုလ်တရားတို့ ဆုတ်ယုတ်၍ အကုသိုလ်တရားတို့ တိုးပွါးကုန်မူ ဤသို့သော မြင်ခြင်းကို ”ပြောဆိုအပ်၏”ဟု ငါဆို၏။
ပုဏ္ဏား ကြားရသည်ကို ပြောဆိုသောသူအား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်မူ ဤသို့သော ကြားခြင်းကို ”မပြောဆိုအပ်”ဟု ငါဆို၏။ ပုဏ္ဏား ကြားရသည်ကို မပြောဆိုသော သူအား ကုသိုလ်တရားတို့ ဆုတ်ယုတ်၍ အကုသိုလ်တရားတို့ တိုးပွါးကုန်မူ ဤသို့သော ကြားခြင်းကို ”ပြောဆိုအပ်၏”ဟု ငါဆို၏။
ပုဏ္ဏား တွေ့သည်ကို ပြောဆိုသောသူအား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်မူ ဤသို့သော တွေ့ခြင်းကို ”မပြောဆိုအပ်”ဟု ငါဆို၏။ ပုဏ္ဏား တွေ့ရသည်ကို မပြောဆို သော သူအား ကုသိုလ်တရားတို့ ဆုတ်ယုတ်၍ အကုသိုလ်တရားတို့ တိုးပွါးကုန်မူ ဤသို့သောတွေ့ခြင်းကို ”ပြောဆိုအပ်၏”ဟု ငါဆို၏။
ပုဏ္ဏား သိရသည်ကို ပြောဆိုသောသူအား အကုသိုလ်တရားတို့ တိုးပွါး၍ ကုသိုလ်တရားတို့ ဆုတ်ယုတ်ကုန်မူ ဤသို့သော သိခြင်းကို ”မပြောဆိုအပ်”ဟု ငါဆို၏။ ပုဏ္ဏား သိရသည်ကို မပြောဆို သော သူအား ကုသိုလ်တရားတို့ ဆုတ်ယုတ်၍ အကုသိုလ်တရားတို့ တိုးပွါးကုန်မူ ဤသို့သော သိခြင်းကို ”ပြောဆိုအပ်၏”ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မဂဓမင်း၏ အမတ်ကြီးဖြစ်သော ဝဿကာရ ပုဏ္ဏားသည် မြတ်စွာဘုရား ဟောတော်မူသော တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်လျက် နေရာမှ ထကာ ဖဲသွားလေသတည်း။
တတိယသုတ်။