၃၇။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဆုတ်ယုတ်ခြင်းငှါ မထိုက် နိဗ္ဗာန်၏ အနီး၌သာ ဖြစ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ဣနြေ္ဒတို့၌ ပိတ်ထားသော တံခါးရှိ၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိ၏၊ နိုးကြားခြင်း၌ ယှဉ်၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်း၍ နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှု လေ့ရှိသည်ဖြစ်၍ သိက္ခာ ပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဣနြေ္ဒတို့၌ ပိတ်ထားသော တံခါးရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောက်ျား မိန်းမစသော) သဏ္ဌာန် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုနြေ္ဒကို မစောင့်စည်းဘဲ နေလျှင် ယင်း (စက္ခုနြေ္ဒကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထို စက္ခုနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုနြေ္ဒကို စောင့်ရှောက်၏၊ စက္ခုနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကို လျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောက်ျား မိန်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိနြေ္ဒကို မစောင့်စည်းဘဲ နေလျှင် ယင်း (မနိနြေ္ဒကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထို မနိနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိနြေ္ဒကို စောင့်ရှောက်၏၊ မနိနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဣနြေ္ဒတို့၌ ပိတ်ထားသော တံခါး ရှိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်းအရှည်ကို သိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အစာအာဟာရကို စားမျို၏၊ မြူးထူးရန် မာန်ယစ်ရန် တန်ဆာဆင်ရန် မစား၊ (အရေအဆင်း) ဖွံ့ဖြိုးတိုးပွါးရန် မစား၊ ဤခန္ဓာကိုယ်ကြာမြင့်စွာ တည်တံ့ရန်မျှသာ မျှတရန်မျှသာ ဆာလောင်မွတ်သိပ်၍ ပင်ပန်းခြင်းကို ပယ်ဖျောက် ရန်မျှသာ မြတ်သော အကျင့်ကို ချီးမြှောက်ရန်မျှသာ အစာ ‘အာဟာရ’ ကို စားမျို၏၊ ဤသို့ စားမျိုခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်းသည်လည်းကောင်း ဖြစ်ပေလိမ့်မည်ဟု (ဆင်ခြင်၍) အစာ (အာဟာရ) ကို စားမျို၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်း အရှည်ကို သိ၏။
ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နိုးကြားခြင်း၌ ယှဉ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် နေ့အခါ စင်္ကြံသွားခြင်းဖြင့်, ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင် တတ်သော ‘နီဝရဏ’တရားတို့မှ စိတ်ကို သုတ်သင်၏၊ ညဥ့်ဦးယံ၌ စင်္ကြံသွားခြင်းဖြင့် ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင်တတ်ကုန်သော ‘နီဝရဏ’တရားတို့မှ စိတ်ကို သုတ်သင်၏၊ သန်းခေါင်ယံ၌ ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိ,ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟူသော အမှတ်သညာကို နှလုံးသွင်းလျက် လက်ျာနံတောင်းဖြင့် မြတ်သော အိပ်ခြင်းကို ပြု၏။ မိုးသောက်ယံ၌ စောစောထ၍ စင်္ကြံသွားခြင်း, ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင်တတ်သော ‘နီဝရဏ’တရားတို့မှ စိတ်ကို သုတ်သင်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နိုးကြားခြင်းနှင့် ယှဉ်၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာ ဖြစ်၏ဟု (မိန့်တော်မူ၏)။
သီလ၌ တည်သော၊ ဣနြေ္ဒတို့၌လည်း စောင့်စည်းသော၊ အစားအစာ၌လည်း အတိုင်းအရှည်ကို သိသော ရဟန်းသည် နိုးကြားခြင်း၌ အားထုတ်၏။
ဤသို့ နေလေ့ရှိသော (ကိလေသာကို) ပူပန်စေတတ်သော လုံ့လရှိသော နေ့ညဥ့် ပတ်လုံး ပျင်းရိခြင်းမရှိမူ၍ ယောဂလေးပါးကြောင့် ဘေးမရှိရာ (နိဗ္ဗာန်) သို့ ရောက်ခြင်းငှါ ကုသိုလ်တရားကို ပွါးစေသော မမေ့မလျော့ခြင်း၌ မွေ့လျော်၍ မေ့လျော့ခြင်း၌ ဘေးအားဖြင့် ရှုလေ့ရှိသော ရဟန်းသည် ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာ ဖြစ်လေသတည်း။
သတ္တမသုတ်။