အန ၄.၉၉: သိက္ခာပဒသုတ်

၉၉။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- မိမိအကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူတစ်ပါး အကျိုးစီးပွါးအလို့ငှါ မကျင့်သော ပုဂ္ဂိုလ်၊ သူတစ်ပါးအကျိုးစီးပွါး အလို့ငှါ ကျင့်၍ မိမိအကျိုးစီးပွါးအလို့ငှါ မကျင့်သော ပုဂ္ဂိုလ်၊ မိမိအကျိုးစီးပွါး အလို့ငှါလည်း မကျင့်, သူတစ်ပါး အကျိုးစီးပွါးအလို့ငှါလည်း မကျင့်သော ပုဂ္ဂိုလ်၊ မိမိအကျိုးစီးပွါး အလို့ငှါလည်း ကျင့်, သူတစ်ပါး အကျိုးစီးပွါးအလို့ငှါလည်း ကျင့်သော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူတစ်ပါး အကျိုးစီးပွါး အလို့ငှါ မကျင့်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးအား သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ရန် မဆောက်တည်စေ။ မိမိကိုယ်တိုင် မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးအား မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ် ရန် မဆောက်တည်စေ။ မိမိကိုယ်တိုင် ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏။ သူတစ်ပါးအား ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ရန် မဆောက်တည်စေ။ မိမိကိုယ်တိုင် မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးအား မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ရန် မဆောက်တည်စေ။ မိမိကိုယ်တိုင် ယစ်ခြင်းမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးအား ယစ်ခြင်းမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ရန် မဆောက်တည်စေ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူတစ်ပါး အကျိုးစီးပွါးအလို့ငှါ မကျင့်။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် သူတစ်ပါး အကျိုးစီးပွါးအလို့ငှါ ကျင့်၍ မိမိအကျိုးစီးပွါး အလို့ငှါ မကျင့်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင် သူ့အသက်ကို သတ်ခြင်းမှ မရှောင်ကြဉ်၊ သူတစ်ပါးအား သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ရန် ဆောက်တည်စေ၏။ မိမိကိုယ်တိုင် မပေးသည်ကို ယူခြင်းမှ မရှောင်ကြဉ်၊ သူတစ်ပါးအား မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ် ရန် ဆောက်တည်စေ၏။ မိမိကိုယ်တိုင် ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ မရှောင်ကြဉ်၊ သူတစ်ပါးအား ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်ရန် ဆောက်တည်စေ၏။ မိမိကိုယ်တိုင် မဟုတ်မမှန်သော စကားကို ပြောခြင်းမှ မရှောင်ကြဉ်၊ သူတစ်ပါးအား မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ရန် ဆောက်တည်စေ၏။ မိမိကိုယ်တိုင် ယစ်ခြင်းမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ မရှောင်ကြဉ်၊ သူတစ်ပါးအား ယစ်ခြင်းမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်ရန် ဆောက်တည်စေ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် သူတစ်ပါး အကျိုးစီးပွါးအလို့ငှါ ကျင့်၍ မိမိအကျိုးစီးပွါးအလို့ငှါ မကျင့်။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါလည်း မကျင့်, သူတစ်ပါးအကျိုး စီးပွါးအလို့ငှါလည်း မကျင့်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်လည်း သူ့အသက်သတ်ခြင်းမှ မရှောင်ကြဉ်၊ သူတစ်ပါးအားလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ရန် မဆောက်တည်စေ။ပ။ မိမိကိုယ်တိုင်လည်း ယစ်ခြင်းမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ မရှောင်ကြဉ်၊ သူတစ်ပါးအားလည်း ယစ်ခြင်းမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေ အရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ရန် မဆောက်တည်စေ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါလည်း မကျင့်, သူတစ်ပါးအကျိုးစီးပွါးအလို့ငှါလည်း မကျင့်။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါလည်း ကျင့်, သူတစ်ပါး အကျိုး စီးပွါးအလို့ငှါလည်း ကျင့်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်လည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးအားလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ရန် ဆောက်တည်စေ၏။ပ။ မိမိကိုယ်တိုင်လည်း ယစ်ခြင်းမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးအားလည်း ယစ်ခြင်းမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေ အရက် သောက်ခြင်းမှ ရှောင်ကြဉ်ရန် ဆောက်တည်စေ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိ အကျိုးစီးပွါးအလို့ငှါလည်း ကျင့်၏၊ သူတစ်ပါးအကျိုးစီးပွါးအလို့ငှါလည်း ကျင့်၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။