အန ၁၀.၁၀၄: ဗီဇသုတ်

၁ဝ၄။ ရဟန်းတို့ မှားယွင်းသော အမြင်ရှိသူ မှားယွင်းသော အကြံအစည်ရှိသူ မှားယွင်းသော စကားရှိသူ မှားယွင်းသော အလုပ်ရှိသူ မှားယွင်းသော အသက်မွေးမှုရှိသူ မှားယွင်းသော လုံ့လရှိသူ မှားယွင်းသော သတိရှိသူ မှားယွင်းသော သမာဓိရှိသူ မှားယွင်းသော ဉာဏ်ရှိသူ မှားယွင်းသော လွတ်မြောက်မှုရှိသူ ယောက်ျားပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကာယကံ၊ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ဝစီကံ၊ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော မနောကံ၊စေ့ဆော်မှု ‘စေတနာ’၊ ဆုတောင်းမှု ‘ပတ္ထနာ’၊ တောင့်တမှု ‘ပဏိဓိ’၊ ပြုပြင်မှု ‘သင်္ခါရ’ဟူကုန်သော တရားအားလုံးတို့သည် မလိုလားရန် မနှစ်သက်ရန် နှလုံးကို မပွါးစေရန် စီးပွါးမဲ့ရန် ဆင်းရဲရန်အလို့ငှါ ဖြစ်ကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ ထိုသူ၏ အယူသည် မကောင်း ယုတ်မာသောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား စိုစွတ်သော မြေ၌ချထားအပ်သော တမာစေ့သည်လည်းကောင်း၊ သဗွတ်ခါးစေ့သည်လည်းကောင်း၊ ဘူးခါးစေ့သည်လည်းကောင်း မြေအရသာကိုလည်း စုတ်ယူ၏၊ ရေ အရသာကိုလည်း စုတ်ယူ၏၊ ထိုအရသာအားလုံးသည် ခါးရန် စပ်ရန် မသာယာရန် အလို့ငှါ ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ မျိုးစေ့သည် မကောင်းသောကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် မှားယွင်းသော အမြင်ရှိသူ မှားယွင်းသော အကြံအစည်ရှိသူ မှားယွင်းသော စကားရှိသူ မှားယွင်းသော အလုပ်ရှိသူ မှားယွင်းသော အသက်မွေးမှုရှိသူ မှားယွင်းသော လုံ့လရှိသူ မှားယွင်းသော သတိရှိသူ မှားယွင်းသော သမာဓိရှိသူ မှားယွင်းသော ဉာဏ်ရှိသူ မှားယွင်းသော လွတ်မြောက်မှုရှိသူ ယောက်ျားပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကာယကံ၊ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ဝစီကံ၊ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော မနောကံ၊စေ့ဆော်မှု ‘စေတနာ’၊ ဆုတောင်းမှု ‘ပတ္ထနာ’၊ တောင့်တမှု ‘ပဏိဓိ’၊ ပြုပြင်မှု ‘သင်္ခါရ’ဟူကုန်သော တရားအားလုံးတို့သည် မလိုလားရန် မနှစ်သက်ရန် နှလုံးကို မပွါးစေရန် စီးပွါးမဲ့ရန် ဆင်းရဲရန် အလို့ငှါ ဖြစ်ကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ ထိုသူ၏ အယူသည် မကောင်း ယုတ်မာသောကြောင့်တည်း။

ရဟန်းတို့ မှန်ကန်သော အမြင်ရှိသူ မှန်ကန်သော အကြံအစည်ရှိသူ မှန်ကန်သော စကားရှိသူ မှန်ကန်သော အလုပ်ရှိသူ မှန်ကန်သော အသက်မွေးမှုရှိသူ မှန်ကန်သော လုံ့လရှိသူ မှန်ကန်သော သတိရှိသူ မှန်ကန်သော သမာဓိရှိသူ မှန်ကန်သော ဉာဏ်ရှိသူ မှန်ကန်သော လွတ်မြောက်မှုရှိသူ ယောက်ျားပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကာယကံ၊ အယူ အားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ဝစီကံ၊ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည် အပ်သော မနောကံ၊စေ့ဆော်မှု ‘စေတနာ’၊ ဆုတောင်းမှု ‘ပတ္ထနာ’၊ တောင့်တမှု ‘ပဏိဓိ’၊ ပြုပြင်မှု ‘သင်္ခါရ’ဟူကုန်သော တရားအားလုံးတို့သည် လိုလားရန် နှစ်သက်ရန် နှလုံးကို ပွါးစေရန် ပွါးစီးရန် ချမ်းသာရန် အလို့ငှါ ဖြစ်ကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ ထိုသူ၏ အယူသည် ကောင်းမွန်သောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား စိုစွတ်သော မြေ၌ ချထားအပ်သော ကြံမျိုးစေ့သည်လည်းကောင်း၊ သလေးမျိုးစေ့သည်လည်းကောင်း၊ မုဒရက် (သပျစ်) မျိုးစေ့သည်လည်းကောင်း မြေအရသာကိုလည်း စုတ်ယူ၏၊ ရေအရသာကိုလည်း စုတ်ယူ၏၊ ထိုအရသာအားလုံးသည် သာယာရန် ချိုမြိန်ရန် (အခြား) သွန်းလောင်းဖွယ် မရှိရန် အလို့ငှါ ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ မျိုးစေ့သည် ကောင်းမွန်သောကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် မှန်ကန်သော အယူရှိသူ။ပ။ မှန်ကန်သော လွတ်မြောက်မှုရှိသူ ယောက်ျားပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကာယကံ၊ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ဝစီကံ၊ အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော မနောကံ၊စေ့ဆော်မှု ‘စေတနာ’၊ ဆုတောင်းမှု ‘ပတ္ထနာ’၊ တောင့်တမှု ‘ပဏိဓိ’၊ ပြုပြင်မှု ‘သင်္ခါရ’ဟူကုန်သော တရားအားလုံးတို့သည် လိုလားရန် နှစ်သက်ရန် နှလုံးကို ပွါးစေရန် ပွါးစီးရန် ချမ်းသာရန် အလို့ငှါ ဖြစ်ကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ ထိုသူ၏ အယူသည် ကောင်းမွန်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။