အန ၁၀.၁၇၆: စုန္ဒသုတ်

၁၇၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပါဝါပြည့်ပန်းထိမ်သည်၏သား စုန္ဒ၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ပန်းထိမ်သည်၏သား စုန္ဒသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော ပန်းထိမ်သည်၏သား စုန္ဒအား မြတ်စွာဘုရားသည် ”စုန္ဒ သင်သည် အဘယ်သူ၏ စင်ကြယ်မှုတို့ကို နှစ်သက်သနည်း”ဟု မေးတော်မူ၏။ အသျှင်ဘုရား ရေကရားကို ဆောင်ကုန်သော မှော်ပန်းကို ဆောင်ကုန်သော မီးကို လုပ်ကျွေးကုန်သော ရေသို့ သက်ဆင်းကုန်သော ပစ္ဆာဘူမိအရပ်သား ပုဏ္ဏားတို့သည် စင်ကြယ်မှုကို ပညတ်ပါကုန်၏၊ အကျွန်ုပ်သည် ထိုသူတို့၏ စင်ကြယ်မှုတို့ကို နှစ်သက်ပါ၏ဟု (လျှောက်၏)။

စုန္ဒ အဘယ်သို့လျှင် ရေကရားကို ဆောင်ကုန်သော မှော်ပန်းကို ဆောင်ကုန်သော မီးကို လုပ်ကျွေးကုန်သော ရေသို့ သက်ဆင်းကုန်သော ပစ္ဆာဘူမိအရပ်သား ပုဏ္ဏားတို့သည် စင်ကြယ်မှုတို့ကို ပညတ်ကုန် သနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဤလောက၌ ရေကရားကို ဆောင်ကုန်သော မှော်ပန်းကို ဆောင်ကုန်သော မီးကို လုပ်ကျွေးကုန်သော ရေသို့ သက်ဆင်းကုန်သော ပစ္ဆာဘူမိအရပ်သား ပုဏ္ဏားတို့သည် တပည့်ကို ဤသို့ ဆောက်တည်စေကုန်၏၊ ”အိုယောက်ျား သင်သည် လာလော့၊ အိပ်ရာမှစောစောထ၍ မြေကို သုံးသပ်လော့၊ အကယ်၍ မြေကို မသုံးသပ်လျှင် နွားချေးအစိုတို့ကို သုံးသပ်လော့။ အကယ်၍ နွားချေးအစိုတို့ကို မသုံးသပ်လျှင် မြက်စိမ်းတို့ကို သုံးသပ်လော့။ အကယ်၍ မြက်စိမ်းတို့ကို မသုံးသပ်လျှင် မီးကို လုပ်ကျွေးလော့။ အကယ်၍ မီးကို မလုပ်ကျွေးလျှင် လက်အုပ်ချီကာ နေကို ရှိခိုး လော့။ အကယ်၍ လက်အုပ်ချီကာ နေကို ရှိမခိုးလျှင် ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်း လော့”ဟု (ဆောက်တည်စေကုန်၏)။ အသျှင်ဘုရား ရေကရားကို ဆောင်ကုန်သော မှော်ပန်းကို ဆောင်ကုန်သော မီးကို လုပ်ကျွေးကုန်သော ရေသို့ သက်ဆင်းကုန်သော ပစ္ဆာဘူမိအရပ်သားပုဏ္ဏားတို့ သည် ဤသို့ စင်ကြယ်မှုတို့ကို ပညတ်ပါကုန်၏၊ အကျွန်ုပ်သည် ထိုသူတို့၏ စင်ကြယ်မှုတို့ကို နှစ်သက် ပါ၏ဟု (လျှောက်၏)။

စုန္ဒ ရေကရားကို ဆောင်ကုန်သော မှော်ပန်းကို ဆောင်ကုန်သော မီးကို လုပ်ကျွေးကုန်သော ရေသို့ သက်ဆင်းကုန်သော ပစ္ဆာဘူမိအရပ်သား ပုဏ္ဏားတို့၏ စင်ကြယ်မှုသည် တစ်မျိုးတည်း၊ အရိယာ၏ ဝိနည်း၌ စင်ကြယ်မှုသည် တစ်မျိုးတည်းဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား အရိယာ၏ ဝိနည်း၌ စင်ကြယ်မှုကား အဘယ်သို့ ဖြစ်ပါသနည်း၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အရိယာ၏ ဝိနည်း၌ စင်ကြယ်မှုဖြစ်ပုံကို အကျွန်ုပ်အား ဟောတော်မူပါဟု (လျှောက်၏ )။

စုန္ဒ ထိုသို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။

”အသျှင်ဘုရား ကောင်းပါပြီ”ဟု ပန်းထိမ်သည်၏သား စုန္ဒသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက် ထား၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

 

အကုသိုလ်ကမ္မပထ ဆယ်မျိုး

ကိုယ်ဖြင့် မစင်ကြယ်မှု သုံးမျိုး

စုန္ဒ ကိုယ်ဖြင့် မစင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။ နှုတ်ဖြင့် မစင်ကြယ်မှုသည် လေးမျိုးဖြစ်၏။ စိတ်ဖြင့် မစင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။ စုန္ဒ အဘယ်သို့လျှင် ကိုယ်ဖြင့် မစင်ကြယ်မှုသည် သုံးမျိုး ဖြစ်ပါသနည်း။
၁. စုန္ဒ ဤလောက၌ အချို့သော သူသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ ကြမ်းကြုတ်၏၊ လက်၌ သွေးစွန်း၏၊ သတ်ခြင်း၌ စိတ်ဝင်စား၏၊ သတ္တဝါတို့၌ သနားခြင်း မရှိ။
၂. မပေးသည်ကို ယူလေ့ရှိ၏၊ ရွာ၌ဖြစ်စေ တော၌ဖြစ်စေ တည်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာ အသုံးအဆောင်ကို ခိုးလိုစိတ်ဖြင့် မပေးဘဲ ယူတတ်၏။
၃. ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ အကြင်မိန်းမတို့ကို အမိစောင့်၏၊ အဖစောင့်၏၊ အမိအဖစောင့်၏၊ မောင်ကြီးမောင်ငယ်စောင့်၏၊ အစ်မညီမစောင့်၏၊ ဆွေမျိုးစောင့်၏၊ အနွယ်စောင့်၏၊ တရားကျင့် ဖော်စောင့်၏၊ အရှင် ‘လင်’ ရှိ၏၊ ဒဏ်ထား၏၊ အယုတ်သဖြင့် ပန်းခွေဖြင့်သော်လည်း ကာရံ ထား၏၊ ထိုကဲ့သို့သော မိန်းမတို့၌ သွားလာခြင်းသို့ ရောက်၏။ စုန္ဒ ဤသို့လျှင် ကိုယ်ဖြင့် မစင်ကြယ်မှု့သည် သုံးမျိုးဖြစ်၏။

 

နှုတ်ဖြင့် မစင်ကြယ်မှု  လေးမျိုး

စုန္ဒ အဘယ်သို့လျှင် နှုတ်ဖြင့် မစင်ကြယ်မှုသည် လေးမျိုးဖြစ်သနည်း။
၁. စုန္ဒ ဤလောက၌ အချို့သော သူသည် မဟုတ်မမှန် ပြောလေ့ရှိ၏၊ သဘင်သို့ ရောက်သော်လည်းကောင်း၊ ပရိသတ်သို့ ရောက်သော် လည်းကောင်း၊ ဆွေမျိုးတို့အလယ်သို့ ရောက်သော်လည်းကောင်း၊ အသင်းအလယ်သို့ ရောက်သော် လည်းကောင်း၊ မင်းမျိုးအလယ်သို့ ရောက်သော်လည်းကောင်း ”အိုယောကျာ်း လာလော့၊ သင် သိသမျှကို ပြောလော့”ဟု သက်သေခေါ်ဆောင် အမေးခံရလျှင် ထိုသူသည် မသိသည်ကို ”ငါသိ၏”ဟု လည်းကောင်း၊ သိသည်ကို ”ငါမသိ”ဟုလည်းကောင်း၊ မမြင်သည်ကို ”ငါမြင်၏”ဟုလည်းကောင်း၊ မြင်သည်ကို ”ငါမမြင်”ဟုလည်းကောင်း၊ ဤသို့ မိမိအကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါး အကြောင်းကြောင့်သော်လည်းကောင်း၊ လာဘ် ‘အာမိသ’ တံစိုးလက်ဆောင်ဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက် မဟုတ်မမှန် ပြော၏။
၂. ကုန်းစကားကို ပြောကြားတတ်၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားရန် ထိုသူတို့ထံ၌ ပြောတတ်၏၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ ကွဲပြားရန် ဤသူတို့ထံ၌ ပြောတတ်၏၊ ဤသို့ ညီညွတ်သူတို့ကိုလည်း ကွဲအောင် ခွဲတတ်၏၊ ကွဲပြားသူတို့ကိုလည်း အားပေး တတ်၏၊ ကွဲပြားမှုအစု ‘ဝဂ္ဂ’ ၌ မွေ့လျော်တတ်၏၊ ကွဲပြားမှုအစု’ဝဂ္ဂ’ ၌ ပျော်ပိုက်တတ်၏၊ ကွဲပြားမှု အစု ‘ဝဂ္ဂ’ ကို နှစ်သက်တတ်၏၊ ကွဲပြားမှုအစု ‘ဝဂ္ဂ’ ကို ပြုသော စကားကို ဆိုတတ်၏။
၃. ရုန့်ရင်းကြမ်းတမ်းသော စကားရှိ၏၊ အကြင်စကားသည် အပြစ်ရှိ၏၊ ကြမ်းတမ်း၏၊ သူတစ်ပါး နားကို စပ်ခါးစေတတ်၏၊ သူတစ်ပါးကို ထိခိုက်၏၊ အမျက်ထွက်ဖွယ် ကောင်း၏၊ သမာဓိကို မဖြစ်စေ တတ်၊ ထိုသို့သောသဘောရှိသော စကားကို ဆိုတတ်၏။
၎. ပြိန်ဖျင်းသော စကားရှိ၏၊ အခါမဟုတ်သည်၌ ဆိုလေ့ရှိ၏၊ မဟုတ်သည်ကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ ကို ဆိုလေ့ရှိ၏၊ တရားမဲ့ကို ဆိုလေ့ရှိ၏၊ ဆုံးမစကား မဟုတ်သည်ကို ဆိုလေ့ရှိ၏၊ အခါမဟုတ်သည်၌ အကြောင်းမဲ့ အပိုင်းအခြားမရှိဘဲ အစီးအပွါးမဲ့နှင့် စပ်သော မှတ်သားဖွယ်မရှိသော စကားကို ဆိုတတ်၏။ စုန္ဒ ဤသို့လျှင် နှုတ်ဖြင့် မစင်ကြယ်မှုသည် လေးမျိုးဖြစ်၏။

 

 စိတ်ဖြင့် မစင်ကြယ်မှု သုံးမျိုး

စုန္ဒ အဘယ်သို့လျှင် စိတ်ဖြင့် မစင်ကြယ်မှုသည် သုံးမျိုးဖြစ်သနည်း။
၁. စုန္ဒ ဤလောက၌ အချို့သော သူသည် အဘိဇ္ဈာများ၏၊ ”သူတစ်ပါး၏ စည်းစိမ်ဥစ္စာအဆောက်အဦသည် ငါ့ဥစ္စာ ဖြစ်မူ ကောင်း လေစွ”ဟု သူတစ်ပါး၏ စည်းစိမ်ဥစ္စာအဆောက်အဦကို ရှေးရှုကြံစည်တတ်သူ ဖြစ်၏။
၂. ဖျက်ဆီးလိုသော စိတ်ရှိ၏၊ ”ဤသတ္တဝါတို့ကို သတ်စေကုန် ဖမ်းစေကုန် ဖြတ်စေကုန် (ဤသတ္တဝါတို့သည်) ပျောက်ပျက်ကြစေကုန်၊ မရှိကြစေကုန်လင့်”ဟု ဖျက်ဆီးလိုသော စိတ်အကြံ ရှိ၏။
၃. မှားယွင်းသော အယူရှိ၏၊ ”လှူရကျိုး မရှိ၊ ပူဇော်ရကျိုး မရှိ၊ ဧည့်ဝတ်ပြုရကျိုး မရှိ၊ ကောင်းစွာ ပြုအပ် မကောင်းသဖြင့် ပြုအပ်သော ကံတို့၏ အကျိုးဝိပါက် မရှိ၊ ဤလောကဟူသည် မရှိ၊ တစ်ပါးသော လောကဟူသည် မရှိ၊ အမိ၌ ကောင်းမကောင်းပြုမှု အကျိုးဟူသည် မရှိ၊ အဖ၌ ကောင်း မကောင်းပြုမှု အကျိုးဟူသည် မရှိ၊ ဥပပါတ်သတ္တဝါတို့ဟူသည် မရှိကြ၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြား နိုင်ကုန်သော၊ ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကြကုန် ကောင်းစွာ ကျင့်ကြကုန်သော သမဏ ဗြာဟ္မဏတို့ဟူသည် လောက၌ မရှိကုန်”ဟု ဖောက်ပြန်သော အမြင်ရှိ၏။ စုန္ဒ ဤသို့လျှင် စိတ်ဖြင့် မစင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။

စုန္ဒ ဤသည်တို့ကား အကုသိုလ်ကမ္မပထ ဆယ်မျိုးတို့တည်း။ စုန္ဒ ဤအကုသိုလ်ကမ္မပထ ဆယ်မျိုးတို့နှင့် ပြည့်စုံသူသည်စောစောအိပ်ရာမှ ထ၍သာလျှင် မြေကို သုံးသပ်သော်လည်းကောင်း၊ မသုံးသပ်သော်လည်းကောင်း မစင်ကြယ်သည်သာ ဖြစ်၏။ နွားချေးအစိုတို့ကို သုံးသပ်သော်လည်းကောင်း၊ မသုံးသပ်သော်လည်းကောင်း မစင်ကြယ်သည်သာ ဖြစ်၏။ မြက်စိမ်းတို့ကို သုံးသပ်သော်လည်းကောင်း၊ မသုံးသပ်သော်လည်းကောင်း မစင်ကြယ်သည်သာ ဖြစ်၏။ မီးကို လုပ်ကျွေးသော်လည်းကောင်း၊ မလုပ် ကျွေးသော်လည်းကောင်း မစင်ကြယ်သည်သာ ဖြစ်၏။ လက်အုပ်ချီလျက် နေကို ရှိခိုးသော်လည်းကောင်း၊ ရှိမခိုးသော်လည်းကောင်း မစင်ကြယ်သည်သာ ဖြစ်၏။ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းသော်လည်းကောင်း၊ မသက်ဆင်းသော်လည်းကောင်း မစင်ကြယ်သည်သာ ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ စုန္ဒ ဤအကုသိုလ်ကမ္မပထ ဆယ်မျိုးတို့သည် မစင်ကြယ်သည်သာ ဖြစ်ကုန်၏၊ မစင်ကြယ်မှုကို ပြုတတ်ကုန်၏။ စုန္ဒ ဤအကုသိုလ်ကမ္မပထ ဆယ်မျိုးတို့၏ ပြည့်စုံမှုဟူသော အကြောင်းကြောင့် ငရဲသည် ထင်၏၊ တိရ စ္ဆာန်ဘဝသည် ထင်၏၊ ပြိတ္တာဘုံသည် ထင်၏၊ အခြားသော မည်သည့် ဒုဂ္ဂတိဘုံဘဝတို့မဆို ထင်ကုန်၏။

 

ကုသိုလ်ကမ္မပထ ဆယ်မျိုး

ကိုယ်ဖြင့် စင်ကြယ်မှု သုံးမျိုး

စုန္ဒ ကိုယ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။ နှုတ်ဖြင့် စင်ကြယ်မှုသည် လေးမျိုးဖြစ်၏။ စိတ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။ စုန္ဒ အဘယ်သို့လျှင် ကိုယ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်သနည်း။
၁. စုန္ဒ ဤလောက၌ အချို့သော သူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏။
၂. မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ရွာ၌ဖြစ်စေ တော၌ဖြစ်စေ တည်သော သူတစ်ပါး၏ ပစ္စည်းဥစ္စာအသုံးအဆောင်ကို မပေးဘဲ မယူတတ်သူ ဖြစ်၏။
၃. ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းကို ပယ်၍ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ အကြင်မိန်းမတို့ကို အမိစောင့်၏၊ အဖေ စာင့်၏၊ အမိအဖစောင့်၏၊ မောင်ကြီး မောင်ငယ်စောင့်၏၊ အစ်မညီမစောင့်၏၊ ဆွေမျိုးစောင့်၏၊ အနွယ်စောင့်၏၊ တရားကျင့်ဖော်စောင့်၏၊ အရှင် ‘လင်’ ရှိ၏၊ ဒဏ်ထား၏၊ အယုတ်သဖြင့် ပန်းခွေဖြင့်သော်လည်း ကာရံထား၏၊ ထိုကဲ့သို့သော မိန်းမတို့၌ သွားလာခြင်းသို့ မရောက်တတ်သူ ဖြစ်၏။ စုန္ဒ ဤသို့လျှင် ကိုယ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။

 

နှုတ်ဖြင့် စင်ကြယ်မှု  လေးမျိုး

စုန္ဒ အဘယ်သို့လျှင် နှုတ်ဖြင့် စင်ကြယ်မှုသည် လေးမျိုးဖြစ်သနည်း။
၁. စုန္ဒ ဤလောက၌ အချို့သော သူသည် မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ သဘင်သို့ ရောက်သော်လည်းကောင်း၊ ပရိသတ်သို့ ရောက်သော်လည်းကောင်း၊ ဆွေမျိုးတို့အလယ်သို့ ရောက်သော် လည်းကောင်း၊ အသင်းအလယ်သို့ ရောက်သော်လည်းကောင်း၊ မင်းမျိုးအလယ်သို့ ရောက်သော် လည်းကောင်း ”အိုယောက်ျား လာလော့၊ သင်သိသမျှကို ပြောလော့”ဟု သက်သေခေါ်ဆောင် အမေးခံရလျှင် ထိုသူသည် မသိသည်ကို ”ငါမသိ”ဟုလည်းကောင်း၊ သိသည်ကို ”ငါသိ၏”ဟုလည်းကောင်း၊ မမြင်သည်ကို ”ငါမမြင်”ဟုလည်းကောင်း၊ မြင်သည်ကို ”ငါမြင်၏”ဟုလည်းကောင်း၊ ဤသို့ မိမိအကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါးအကြောင်းကြောင့်သော်လည်းကောင်း၊ လာဘ် ‘အာမိသ’ တံစိုးဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက် အမှားမပြောတတ်သူ ဖြစ်၏။
၂. ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်သူ ဖြစ်၏။ ဤသူ့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားရန် ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ ကွဲပြားရန် ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်းစေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်တတ်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက် တတ်၏၊ ညီညွတ်ခြင်းကို နှစ်သက်တတ်၏။
၃. ရုန့်ရင်းကြမ်းတမ်းသော စကားကို ပယ်၍ ရုန့်ရင်း ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်တတ်သူ ဖြစ်၏၊ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်ဝင်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများနှစ်ခြိုက်၏၊ ထိုသို့သော သဘောရှိသော စကားကိုသာ ဆိုတတ်သူ ဖြစ်၏။
၎. ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်တတ်သူဖြစ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ ရှိ၏၊ အကျိုး (နှင့်စပ်သောစကား) ကိုသာ ဆိုလေ့ရှိ၏၊ တရား (နှင့်စပ်သော စကား) ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမ (နှင့်စပ်သောစကား) ကိုသာ ဆိုလေ့ရှိ၏၊ (သင့်လျော်သော) အခါ၌ အကြောင်းနှင့်တကွ အပိုင်း အခြားရှိ၍ အနက်နှင့် ပြည့်စုံသဖြင့် မှတ်သားလောက်သော စကားကိုသာ ဆိုတတ်သူ ဖြစ်၏။ စုန္ဒ ဤသို့လျှင် နှုတ်ဖြင့် စင်ကြယ်မှုသည် လေးမျိုးဖြစ်၏။

 

စိတ်ဖြင့် စင်ကြယ်မှု သုံးမျိုး

စုန္ဒ အဘယ်သို့လျှင် စိတ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်သနည်း။
၁. စုန္ဒ ဤလောက၌ အချို့သော သူသည် အဘိဇ္ဈာမများသူဖြစ်၏၊ ”သူတစ်ပါး၏ စည်းစိမ်ဥစ္စာအဆောက်အဦသည် ငါ့ဥစ္စာဖြစ်မူ ကောင်းလေစွ”ဟု သူတစ်ပါး၏ စည်းစိမ်ဥစ္စာအဆောက်အဦကို ရှေးရှုမကြံတတ်သူ ဖြစ်၏။
၂. မဖျက်ဆီးလိုသော စိတ်ရှိ၏၊ ”ဤသတ္တဝါတို့သည် ရန်ကင်းသူတို့ ဖြစ်ကြပါစေ၊ ကြောင့်ကြ ကင်းသူတို့ ဆင်းရဲကင်းသူတို့ ဖြစ်ကြပါစေ၊ မိမိကိုယ်ကို ချမ်းသာစွာ ဆောင်ရွက်နိုင်ကြပါစေ”ဟု မဖျက်ဆီးလိုသော စိတ်အကြံရှိသူ ဖြစ်၏။
၃. မှန်ကန်သော အယူရှိ၏၊ ”လှူရကျိုး ရှိ၏၊ ပူဇော်ရကျိုး ရှိ၏၊ ဧည့်ဝတ်ပြုရကျိုး ရှိ၏၊ ကောင်းစွာပြုအပ် မကောင်းသဖြင့် ပြုအပ်သော ကံတရား၏ အကျိုးဝိပါက်သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိ၌ ကောင်းမကောင်းပြုမှု အကျိုးဟူသည် ရှိ၏၊ အဖ၌ ကောင်းမကောင်း ပြုမှု အကျိုးဟူသည် ရှိ၏၊ ဥပပါတ်သတ္တဝါတို့သည် ရှိကြကုန်၏၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော၊ ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကြကုန် ကောင်းစွာ ကျင့်ကြကုန်သော သမဏဗြာဟ္မဏတို့ဟူသည် လောက၌ ရှိကုန်၏”ဟု မဖောက်ပြန်သော အမြင်ရှိသူ ဖြစ်၏။ စုန္ဒ ဤသို့လျှင် စိတ်ဖြင့် စင်ကြယ်မှုသည် သုံးမျိုးဖြစ်၏။

စုန္ဒ ဤသည်တို့ကား ကုသိုလ်ကမ္မပထ ဆယ်မျိုးတို့တည်း။ ဤကုသိုလ်ကမ္မပထဆယ်မျိုးတို့နှင့် ပြည့်စုံသူသည်စောစောအိပ်ရာမှ ထ၍သာလျှင် မြေကို သုံးသပ်သော်လည်းကောင်း၊ မသုံးသပ်သော် လည်းကောင်း စင်ကြယ်သည်သာ ဖြစ်၏။ နွားချေးအစိုတို့ကို သုံးသပ်သော်လည်းကောင်း၊ မသုံးသပ်သော် လည်းကောင်း စင်ကြယ်သည်သာ ဖြစ်၏။ မြက်စိမ်းတို့ကို သုံးသပ်သော်လည်းကောင်း၊ မသုံးသပ်သော်လည်းကောင်း စင်ကြယ်သည်သာ ဖြစ်၏။ မီးကို လုပ်ကျွေးသော်လည်းကောင်း၊ မလုပ်ကျွေးသော် လည်းကောင်း စင်ကြယ်သည်သာ ဖြစ်၏။ လက်အုပ်ချီလျက် နေကို ရှိခိုးသော်လည်း ရှိမခိုးသော်လည်း စင်ကြယ်သည်သာ ဖြစ်၏။ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းသော်လည်းကောင်း၊ မသက်ဆင်းသော်လည်းကောင်း စင်ကြယ်သည်သာ ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း။ စုန္ဒ ဤကုသိုလ်ကမ္မပထဆယ်မျိုးတို့သည် စင်ကြယ်သည်သာ ဖြစ်ကုန်၏၊ စင်ကြယ်မှုကို ပြုတတ်ကုန်၏။ စုန္ဒ ဤကုသိုလ်ကမ္မပထဆယ်မျိုးတို့၏ ပြည့်စုံမှုဟူသော အကြောင်းကြောင့် နတ်ဘဝတို့သည် ထင်ကုန်၏၊ လူ့ဘဝတို့သည် ထင်ကုန်၏၊ အခြားသော မည်သည့် သုဂတိဘုံဘဝတို့မဆို ထင်ကုန်၏။ ဤသို့ မိန့်တော်မူလတ်သော် ပန်းထိမ်သည်၏သား စုန္ဒသည် မြတ်စွာဘုရားအား ”အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ”ဟု လျှောက်၏။

ဒသမသုတ်။