အန ၇.၅၁: သံယောဂသုတ်

၅၁။ ရဟန်းတို့ (မေထုန်နှင့်) ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာကို သင်တို့အားဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်။ပ။

ရဟန်းတို့ ထို (မေထုန်နှင့်) ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာဟူသည် အဘယ် နည်း။

ရဟန်းတို့ မိန်းမသည် မိမိသန္တာန်၌ မိန်းမဣနြေ္ဒကို နှလုံးသွင်း၏၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမ၏ မာန်၊ မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏ အသံ၊ မိန်းမ၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊ ထိုမိန်းမသည် ဣတ္ထိနြေ္ဒစသော တရားခုနစ်မျိုး တို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ ရှိသော ပုရိသိနြေ္ဒကို နှလုံးသွင်း၏၊ ယောက်ျား အမူအရာ၊ ယောက်ျား အသွင်အပြင်၊ ယောက်ျား၏မာန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏ အသံ၊ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊ ထိုမိန်းမသည် ပုရိသိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ (မေထုန်နှင့်) ယှဉ်မှုကို အလိုရှိ၏၊ ထိုမိန်းမအား (မေထုန်နှင့်) ယှဉ်မှုဟူသော အကြောင့်းကြောင့် ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုရှိ၏၊ ရဟန်းတို့ မိန်းမအဖြစ်၌ မွေ့လျော်ကုန်သော သတ္တဝါတို့သည် ယောက်ျားတို့၌ (မေထုန်နှင့်) ယှဉ်မှုသို့ ရောက်၏၊ ရဟန်းတို့ ဤသို့လျှင်မိန်းမသည် မိန်းမ၏အဖြစ်ကို မလွန်မြောက်နိုင်။

ရဟန်းတို့ ယောက်ျားသည် မိမိသန္တာန်၌ ယောက်ျားဣနြေ္ဒကို နှလုံးသွင်း၏၊ ယောက်ျားအမူအရာ၊ ယောက်ျားအသွင်အပြင်၊ ယောက်ျား၏ မာန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏ အသံ၊ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊ ထိုယောက်ျားသည် ပုရိသိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုယောက်ျားသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ ရှိသော ဣတ္ထိနြေ္ဒကို နှလုံးသွင်း၏၊ မိန်းမ၏ အမူအရာ၊ မိန်းမ၏ အသွင်အပြင်၊ မိန်းမ၏ မာန်၊ မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏ အသံ၊ မိန်းမ၏ အဝတ်တန်ဆာကိုနှလုံးသွင်း၏၊ ထိုယောက်ျားသည် ဣတ္ထိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးကုန်သောတရားတို့၌ မွေ့လျော်၏၊ ထိုယောက်ျားသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ (မေထုန်နှင့်) ယှဉ်မှုကို အလိုရှိ၏၊ ထိုယောက်ျားအား (မေထုန်နှင့်) ယှဉ်မှုဟူသောအကြောင်းကြောင့်ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုရှိ၏၊ ရဟန်းတို့ ယောက်ျားအဖြစ်၌ မွေ့လျော်ကုန်သော သတ္တဝါတို့သည် မိန်းမတို့၌ (မေထုန်နှင့်) ယှဉ်မှုသို့ ရောက်၏၊ ရဟန်းတို့ ဤသို့လျှင် ယောက်ျားသည် ယောက်ျား၏ အဖြစ်ကို မလွန်မြောက်နိုင်။

ရဟန်းတို့ ဤသို့လျှင် (မေထုန်နှင့်) ယှဉ်မှု ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် (မေထုန်နှင့်) မယှဉ်မှု ဖြစ်သနည်း။

ရဟန်းတို့ မိန်းမသည် မိမိသန္တာန်၌ မိန်းမဣနြေ္ဒကို နှလုံးမသွင်း၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမ၏ မာန်၊ မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏ အသံ၊ မိန်းမ၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊ ထိုမိန်းမသည် ဣတ္ထိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊ ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊ ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့၌ မတပ်မက် မမွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ ရှိသောပုရိသိနြေ္ဒကို နှလုံးမသွင်း၊ ယောက်ျား အမူအရာ၊ ယောက်ျား အသွင်အပြင်၊ ယောက်ျား၏ မာန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏ အသံ၊ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊ ထိုမိန်းမသည် ပုရိသိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊ ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊ ထိုခုနစ်မျိုးသော တရားတို့၌ မတပ်မက် မမွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ (မေထုန်နှင့်) ယှဉ်မှုကို အလိုမရှိ၊ ထိုမိန်းမအား (မေထုန်နှင့်) ယှဉ်မှုဟူသော အကြောင်းကြောင့်ဖြစ်သော ချမ်းသာမှုဝမ်းမြောက်မှုကိုလည်း အလိုမရှိ၊ ရဟန်းတို့ မိန်းမ၏အဖြစ်၌ မမွေ့လျော်ကုန်သော သတ္တဝါတို့သည်ယောက်ျားတို့၌ (မေထုန်နှင့်) ယှဉ်မှုသို့ မရောက်၊ ရဟန်းတို့ ဤသို့လျှင် မိန်းမသည် မိန်းမ၏ အဖြစ်ကိုလွန်မြောက်၏။

ရဟန်းတို့ ယောက်ျားသည် မိမိသန္တာန်၌ ယောက်ျားဣနြေ္ဒကို နှလုံးမသွင်း၊ ယောက်ျား အမူ အရာ၊ ယောက်ျား အသွင်အပြင်၊ ယောက်ျား၏ မာန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏ အသံ၊ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊ ထိုယောက်ျားသည် ပုရိသိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊ ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊ ထိုယောက်ျားသည် ထိုတရားခုနစ်မျိုးတို့၌ မတပ်မက် မမွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ ရှိသော ဣတ္ထိနြေ္ဒကို နှလုံးမသွင်း၊ မိန်းမ အမူအရာ၊ မိန်းမ အသွင်အပြင်၊ မိန်းမ၏ မာန်၊ မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏ အသံ၊ မိန်းမ၏ အဝတ်တန်ဆာကိုနှလုံးမသွင်း၊ ထိုယောက်ျားသည် ဣတ္ထိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊ ထိုခုနစ်မျိုးသောတရားတို့၌ မမွေ့လျော်၊ ထိုခုနစ်မျိုးသောတရားတို့၌ မတပ်မက် မမွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ (မေထုန်နှင့်) ယှဉ်မှုကို အလိုမရှိ၊ ထိုယောက်ျားအား (မေထုန်နှင့်) ယှဉ်ခြင်းဟူသော အကြောင်းကြောင့်ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုမရှိ၊ ရဟန်းတို့ ယောက်ျား၏အဖြစ်၌ မမွေ့လျော်ကုန်သော သတ္တဝါတို့သည် မိန်းမတို့၌ (မေထုန်နှင့်) ယှဉ်မှုသို့ မရောက်၊ ရဟန်းတို့ ဤသို့လျှင် ယောက်ျားသည် ယောက်ျား၏ အဖြစ်ကို လွန်မြောက်၏

ရဟန်းတို့ ဤသည်ကား (မေထုန်နှင့်) ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာပင်တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။