အန ၇.၆၄: ကောဓနသုတ်

၆၄။ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်ကုန်၍ ရန်သူတို့၏ အကျိုးကို ပြုတတ်ကုန်သော ဤတရားခုနစ်မျိုးတို့သည် အမျက်ထွက်သော မိန်းမသို့လည်းကောင်း၊ ယောက်ျားသို့လည်းကောင်း ရောက်လာကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤလောက၌ ရန်သူသည် ရန်ဘက်ဖြစ်သူအား ”ဤသူသည် အဆင်းမလှပါမူကားကောင်းလေရာ၏”ဟု အလိုရှိ၏။ ထိုသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ရန်သူသည်ရန်ဘက်ဖြစ်သူ၏ အဆင်းလှခြင်း၌ မနှစ်သက်။ ရဟန်းတို့ အမျက်ထွက်လေ့ရှိသော ဤယောက်ျားပုဂ္ဂိုလ်ကို အမျက်ဒေါသသည် နှိပ်စက်အပ်၏၊ အမျက်ဒေါသသည် အစဉ်လိုက်အပ်၏၊ ထိုအမျက်ထွက်သောပုဂ္ဂိုလ်သည် အကယ်၍ ကောင်းစွာ ရေချိုးအပ် ကောင်းစွာ လိမ်းကျံအပ်သည်ဖြစ်၍ ဆံမုတ်ဆိတ်ကိုရိတ်ပြီးလျှင် ကောင်းမွန် ဖြူစင်သော အဝတ်ကို ဝတ်ဆင်ရစေကာမူ၊ ထိုသူသည် အမျက်ဒေါသ နှိပ်စက်အပ်သည်ဖြစ်၍ အဆင်းမလှသည်သာလျှင် ဖြစ်၏။ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏အကျိုးကို ပြုတတ်သော ဤပဌမသဘောသည် အမျက်ထွက်သော မိန်းမသို့လည်းကောင်း၊ ယောက်ျားသို့လည်းကောင်း ရောက်လာ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ”ဤသူသည် ဆင်းရဲစွာ အိပ်နေရ ပါမူကောင်းလေရာ၏”ဟု အလိုရှိ၏၊ ထိုသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ရန်သူသည်ရန်ဘက်ဖြစ်သူ၏ ချမ်းသာစွာ အိပ်နေရခြင်း၌ မနှစ်သက်။ ရဟန်းတို့ အမျက်ထွက်လေ့ ရှိသောဤယောက်ျား ပုဂ္ဂိုလ်ကို အမျက်ဒေါသသည် နှိပ်စက်အပ်၏၊ အမျက်ဒေါသသည် အစဉ်လိုက် အပ်၏၊ ထိုအမျက်ထွက်သော ပုဂ္ဂိုလ်သည် အကယ်၍ ပလ္လင်၊ မွေးရှည်ကောဇောကြီး၊ ပန်းပြောက်ခြယ်သားမွေးအခင်း၊ ဝံပိုင့်ရေအခင်းမြတ်၊ (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာတို့၌ အိပ်၍ နေရစေကာမူ၊ ထိုသူသည် အမျက်ဒေါသ နှိပ်စက်အပ်သည်ဖြစ်၍ ဆင်းရဲစွာသာလျှင် အိပ်နေရ၏။ ရဟန်းတို့ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏အကျိုးစီးပွါးကို ပြုတတ်သော ဤဒုတိယသဘောသည် အမျက်ထွက်သော မိန်းမသို့လည်းကောင်း၊ ယောက်ျားသို့လည်းကောင်း ရောက်လာ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ”ဤသူသည် အကျိုးစီးပွါး များပြားစွာဖြစ်ထွန်းမှုရှိသူ မဖြစ်ပါမူကား ကောင်းလေရာ၏”ဟု အလိုရှိ၏၊ ထိုသို့ အလိုရှိခြင်းသည့်အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ရန်သူသည် ရန်ဘက်ဖြစ်သူ၏ အကျိုးစီးပွါးရှိမှု၌ မနှစ်သက်။ ရဟန်းတို့အမျက်ထွက်လေ့ရှိသော ဤယောက်ျားပုဂ္ဂိုလ်ကို အမျက်ဒေါသသည် နှိပ်စက်အပ်၏၊ အမျက်ဒေါသသည်အစဉ်လိုက်အပ်၏၊ အကျိုးစီးပွါးမရှိသည်ကို ယူ၍မူ၍လည်း ”ငါသည် အကျိုးစီးပွါးရှိသည်ကို ယူအပ်ပြီ”ဟု မှတ်ထင်၏၊ အကျိုးစီးပွါးရှိသည်ကို ယူ၍မူလည်း ”ငါသည် အကျိုးစီးပွါး မရှိသည်ကို ယူအပ်ပြီ”ဟုမှတ်ထင်၏၊ အမျက်ဒေါသ နှိပ်စက်အပ်သော ထိုသူအား အချင်းချင်း ဆန့်ကျင်ဘက်ဖြစ်ကုန်၍ ယူအပ်ကုန်သော ဤတရားတို့သည် ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်ကုန်၏။ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏ အကျိုးကို ပြုတတ်သော ဤတတိယသဘောသည်အမျက်ထွက်သော မိန်းမသို့လည်းကောင်း၊ ယောက်ျားသို့လည်းကောင်း ရောက်လာ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ”ဤသူသည် စည်းစိမ်ဥစ္စာရှိသူမဖြစ်ပါမူ ကောင်းလေရာ၏”ဟု အလိုရှိ၏၊ ထိုသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ ရန်သူသည်ရန်ဘက်ဖြစ်သော သူ၏ စည်းစိမ်ဥစ္စာရှိမှု၌ မနှစ်သက်။ ရဟန်းတို့ အမျက်ထွက်လေ့ရှိသော အမျက်ဒေါသသည် နှိပ်စက်အပ်သော အမျက်ထွက်ခြင်းဖြင့် အစဉ်လိုက်သော ထိုယောက်ျား၏ ထကြွလုံ့လဖြင့်ရအပ်ကုန်သော လက်ရုံးအားကိုး ဆည်းပူးအပ်ကုန်သော ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော တရားနှင့်ယှဉ်ကုန် တရားသဖြင့် ရအပ်ကုန်သော စည်းစိမ်ဥစ္စာတို့ကိုလည်း မင်းတို့သည် မင်း၏ ဘဏ္ဍာတိုက်၌ သွင်းကုန်၏။ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏ အကျိုးကို ပြုတတ်သော ဤစတုတ္ထသဘောသည် အမျက်ထွက်သော မိန်းမသို့လည်းကောင်း၊ ယောက်ျားသို့လည်းကောင်း ရောက်လာ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ”ဤသူသည် အခြံအရံရှိသူ မဖြစ်ပါမူကောင်းလေရာ၏”ဟု အလိုရှိ၏၊ ထိုသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ ရန်သူသည်ရန်ဘက်ဖြစ်သော သူ၏ အခြံအရံရှိမှု၌ မနှစ်သက်။ ရဟန်းတို့ အမျက်ထွက်လေ့ရှိသော ဤယောက်ျားပုဂ္ဂိုလ်ကို အမျက်ဒေါသသည် နှိပ်စက်အပ်၏၊ အမျက်ဒေါသသည် အစဉ်လိုက်အပ်၏၊ ထိုပုဂ္ဂိုလ်အားမမေ့လျော့ခြင်းဖြင့် ရအပ်သော အခြံအရံမှလည်း အမျက်ထွက်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ပျက်စီး၏၊ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏ အကျိုးကို ပြုတတ်သော ဤပဉ္စမသဘောသည် အမျက်ထွက်သော မိန်းမသို့လည်းကောင်း၊ ယောက်ျားသို့လည်းကောင်း ရောက်လာ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ”ဤသူသည် အဆွေခင်ပွန်းရှိသူမဖြစ်ပါမူ ကောင်းလေရာ၏”ဟု အလိုရှိ၏၊ ဤသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ရန်သူသည် ရန်ဘက်ဖြစ်သူ၏ အဆွေခင်ပွန်းရှိမှု၌ မနှစ်သက်။ ရဟန်းတို့ အမျက်ထွက်လေ့ရှိသော အမျက်ထွက်ခြင်းဖြင့် နှိပ်စက်အပ်သော အမျက်ထွက်ခြင်းဖြင့် အစဉ်လိုက်သော ဤယောက်ျားပုဂ္ဂိုလ်ကို အဆွေခင်ပွန်း အကျွမ်းဝင်သူ ဆွေမျိုးသားချင်းတို့သည်လည်း ဝေးစွာ ရှောင်ကြဉ်ကုန်၏၊ ရဟန်းတို့ ရန်သူတို့နှစ်သက်အပ်၍ ရန်သူတို့၏ အစီးအပွါးကို ပြုတတ်သော ဤဆဋ္ဌသဘောသည် အမျက်ထွက်သောမိန်းမသို့လည်းကောင်း၊ ယောက်ျားသို့လည်းကောင်း ရောက်လာ၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ”ဤသူသည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ပါမူကား ကောင်းလေရာ၏”ဟု အလိုရှိ၏၊ ထိုသို့အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ရန်သူသည် ရန်ဘက်ဖြစ်သော သူ၏ သုဂတိဘုံသို့ ရောက်မှု၌ မနှစ်သက်။ ရဟန်းတို့ အမျက်ထွက်လေ့ရှိသော အမျက်ထွက်ခြင်းဖြင့် နှိပ်စက်အပ်သော အမျက်ထွက်ခြင်းဖြင့် အစဉ်လိုက်သော ဤယောက်ျားပုဂ္ဂိုလ်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၏၊ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၏၊ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၏၊ ထိုအမျက်ထွက်သူသည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၍ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ စိတ်ဖြင့် ဒုစရိုက်ကိုကျင့်၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ့ပျက်စီး၍ ကျရောက်ရာ ငရဲသို့ အမျက်ထွက်ခြင်းသည် နှိပ်စက်အပ်သည် ဖြစ်၍ ရောက်ရ၏။ ရဟန်းတို့ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏ အကျိုးကို ပြုတတ်သော ဤသတ္တမသဘောသည်အမျက်ထွက်သော မိန်းမသို့လည်းကောင်း၊ ယောက်ျားသို့လည်းကောင်း ရောက်လာ၏။

ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်ကုန်၍ ရန်သူတို့၏ အကျိုးစီးပွါးကို ပြုတတ်ကုန်သော ဤတရားခုနစ်မျိုးတို့သည် အမျက်ထွက်သော မိန်းမသို့လည်းကောင်း၊ ယောက်ျားသို့လည်းကောင်း ရောက်လာကုန်၏ဟု (ဟောတော်မူ၏)။

အမျက်ထွက်လေ့ရှိသူသည် အဆင်းမလှ၊ ထိုသူသည် ဆင်းရဲစွာလည်း အိပ်ရ နေရ၏၊ ထိုမှတစ်ပါးအကျိုးစီးပွါးရှိ၏ဟု မှတ်ယူ၍ အကျိုးစီးပွါးမဲ့သည့် အဖြစ်သို့ ရောက်၏။ အမျက်ထွက်တတ်သော အမျက်ဒေါသ နှိပ်စက်အပ်သော ယောက်ျားသည် ထိုအမျက်ထွက်မှုကြောင့်ကိုယ် နှုတ်ဖြင့် သတ်ပုတ်ညှဉ်းဆဲမှုကို ပြု၍ ဥစ္စာ၏ ဆုံးရှုံးခြင်းသို့ ရောက်၏။ အမျက်ဒေါသတည်းဟူသော ယစ်ခြင်းဖြင့် ယစ်သော ယောက်ျားသည် အခြံအရံ အကျော်အစောမရှိသည့်အဖြစ်သို့ ရောက်၏၊ ဆွေမျိုးမိတ်သင်္ဂဟတို့သည်လည်း ကောင်း၊ ချစ်ကျွမ်းဝင်ကုန်သောသူတို့သည်လည်းကောင်း အမျက်ထွက်သူကို ရှောင်ကြဉ်ကုန်၏။ အမျက်ဒေါသသည် အကျိုးစီးပွါးမဲ့ကို ဖြစ်စေတတ်၏၊ အမျက်ဒေါသသည် စိတ်ကို ဖျက်ဆီးတတ်၏၊ စိတ်၏အတွင်း၌ ဘေးကို ဖြစ်စေတတ်၏၊ ထိုသို့သော အကြောင်းကို ပညာနုံ့သူ လူအပေါင်းသည်မသိချေ။ အမျက်ထွက်သူသည် အကျိုးစီးပွါးကို မသိနိုင်၊ အမျက်ထွက်သူသည် အကြောင်း တရားကို မမြင်နိုင်၊ အမျက်ဒေါသသည် သတ္တဝါကို နှိပ်စက်သောအခါ အလွန် မိုက်မဲမှုသည် ဖြစ်၏။ အမျက်ထွက်သော သူသည် ပြုနိုင်ခဲသော အမှုကို ပြုလွယ်သော အမှုကဲ့သို့ ချွတ် ယွင်းစေ၏၊ ထိုသူသည် နောက်အခါ၌ အမျက်ဒေါသ ပြေပျောက်သည်ရှိသော် မီးလောင်သကဲ့သို့ ပူပန်ရ၏။ အကြင် အမျက်ဒေါသကြောင့် သတ္တဝါတို့သည် အမျက်ထွက်ကုန်၏၊ ထိုအမျက် ဒေါသသည်အကြင်အခါ၌ ဖြစ်ပေါ်၏၊ ထိုအခါ၌ မီးသည် တထောင်းထောင်း ထသော အခိုးကို ပြဘိသကဲ့သို့အရှိန်အစော်ကင်းမဲ့သော မျက်နှာရှိသည့် အဖြစ်ကို ပြ၏။ ထိုအမျက်ထွက်သူအား ရှက်မှု ထိတ်လန့်မှု မရှိ၊ ထိုအမျက်ထွက်သူသည် (ဆုံးမအပ်သော) စကားကိုရိုသေမှု မရှိ၊ အမျက်ဒေါသ နှိပ်စက်သော သူအား မှီခိုရာ တစ်စုံတစ်ရာမျှ မဖြစ်နိုင်ချေ။ ပူပန်သောက ရောက်စေတတ်ကုန်သော အကြင် (အဖသတ်ခြင်းစသော) ကံတို့ သည် သမထဝိပဿနာတရားတို့မှ ဝေးကွာကုန်၏။ ထိုအကြောင်းကံတို့ကိုဟုတ်တိုင်းမှန်စွာ ပြောကြားပေအံ့၊ ထိုစကားကိုနာကြကုန်လော့။ အမျက်ထွက်သူသည် အဖကိုသတ် တတ်၏၊ အမျက်ထွက်သူသည် အမိကို သတ် တတ်၏၊ အမျက်ထွက်သူသည် ရဟန္တာကို သတ်တတ်၏၊ အမျက်ထွက်သူသည် ပုထုဇဉ်ကို သတ်တတ်၏။ အမိမွေးမြူအပ်သော သားသည် ဤလောကကို တွေ့မြင်ရ၏၊ အသက်ကို ပေးတတ်သည့်ငြိမ်းအေးသော ထိုအမိကိုသော်လည်း အမျက်ထွက်သူ ပုထုဇဉ်သည် သတ်တတ်၏။ ထိုသတ္တဝါတို့သည် ကိုယ်ချင်းစာ တရားရှိကြကုန်၏၊ မိမိကိုယ်ကိုသာလျှင် လွန်စွာ ချစ်အပ်၏၊ အမျက်ထွက်သူသည် အမျိုးမျိုးသော အာရုံတို့၌ တွေဝေသည် ဖြစ်၍ အကြောင်းအမျိုးမျိုးတို့ကြောင့်မိမိကိုယ်ကို သတ်တတ်၏။ မိမိကိုယ်ကို သန်လျက်ဖြင့် သတ်ကုန်၏၊ တွေဝေကုန်သည် ဖြစ်၍ အဆိပ်ကို စားကုန်၏၊ ကြိုးဖြင့်နှောင်ဖွဲ့၍ (ဆွဲကြိုးချ၍) သေကုန်၏၊ တောင်ပေါ်မှသော်လည်းကောင်း၊ ချောက်ထဲသို့သော်လည်းကောင်း (ခုန်ချ၍) သေကုန်၏။

စီးပွါးချမ်းသာကို ဖျက်ဆီးတတ် မိမိကိုယ်ကို သေစေတတ်သည့် အမှုတို့ကို ပြုကုန်သော်လည်းမသိရှိကြကုန်၊ အမျက်ထွက်ခြင်းသဘောသည် ပျက်စီးကြောင်း ဖြစ်၏၊ ဤဒေါသသည် ကောဓအသွင်ဖြင့်ဖြစ်၏၊ (နှလုံးအိမ်) ဂူ၌ ကိန်း၏၊ သေမင်း၏ ကျော့ကွင်းသဖွယ် ဖြစ်၏။ တိုဒေါသကို ပညာ ဝီရိယသမ္မာဒိဋ္ဌိ (ပညာ)ဟူသော ဆုံးမခြင်းဖြင့် ပယ်ဖြတ်ရာ၏။ ပညာရှိသည် ထိုအကုသိုလ်ကို အကြွင်းမဲ့ ပယ်ဖြတ်သကဲသို့ ထို့အတူသာလျှင် ငါတို့အား နှလုံးမသာယာမျက်နှာမရွှင်သော အဖြစ်သည် မဖြစ်စေလင့်ဟု နှလုံး ပြုပြီးလျှင် ကုသိုလ်တရားတို့ကို ကျင့်ကုန်ရာ၏။ ဒေါသကင်းကွာ၍ ပင်ပန်းခြင်းမရှိကုန်သော လောဘကင်းကွာ၍ ငြူစူမှု မရှိကုန် သောယဉ်ကျေးကုန်သော ပုဂ္ဂိုလ်တို့သည် အမျက်ဒေါသကို ပယ်ဖျောက်လျက် အာသဝေါတရား မရှိကုန်မူ၍ကိလေသာ ငြိမ်းအေးကြလေကုန်သတည်း။

ဧကာဒသမသုတ်။

ခြောက်ခုမြောက် အဗျာကတဝဂ် ပြီး၏။