အန ၈.၄၀: ဒုစ္စရိတဝိပါကသုတ်

၎ဝ။ ရဟန်းတို့ မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာပြုအပ်သောသူ၏ အသက်ကို သတ်ခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်၏၊ သူ၏ အသက်ကို သတ်ခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား အသက်တိုခြင်းကိုဖြစ်စေတတ်၏။ ရဟန်းတို့ မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာပြုအပ်သော ပိုင်ရှင်မပေးသော သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်၏၊ ပိုင်ရှင် မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား စည်းစိမ်ဥစ္စာ ပျက်စီးခြင်းကိုဖြစ်စေတတ်၏။ ရဟန်းတို့ မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကာမဂုဏ်တို့၌ မှားယွင်းသောအားဖြင့် ကျင့်ခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်၏၊ သူ့သား အိမ်ရာဟူသော ကာမဂုဏ်တို့၌ မှားယွင်းသောအားဖြင့် ကျင့်ခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား ရန်သူတို့နှင့်တကွ ရန်ဖြစ်စေတတ်၏။ ရဟန်းတို့ မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော မဟုတ်မမှန် စကားကို ပြောခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်၏၊ မဟုတ်မမှန်သော စကားကို ပြောခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သောသူအား မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲခံရခြင်းကိုဖြစ်စေတတ်၏။ ရဟန်းတို့ မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကုန်းတိုက်စကားပြောခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်၏၊ ကုန်းတိုက်စကား ပြောကြားခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား အဆွေခင်ပွန်းတို့နှင့် ကွဲပြားခြင်းကိုဖြစ်စေတတ်၏။ ရဟန်းတို့ မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်၏၊ ကြမ်း တမ်းသော စကားကို ပြောဆိုခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား မနှစ်သက်ဖွယ်သော အသံကိုဖြစ်စေတတ်၏။ ရဟန်းတို့ မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ပြိန်ဖျင်းသော စကားကို ပြောခြင်း သည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား သူတစ်ပါးတို့ မနာယူအပ်သော စကားရှိသည်ကိုဖြစ်စေ တတ်၏။ ရဟန်းတို့ မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာပြုအပ်သော သေအရက်ကို သောက်ခြင်းသည် ငရဲ၌့ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ဖြစ်စေတတ်၏၊ သေအရက်ကို သောက်ခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား ရူးသွပ်ခြင်းကိုဖြစ်စေတတ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။