အန ၈.၄၃: ဝိသာခါသုတ်

၄၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေသော မိဂါရမာတာဝိသာခါအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ – ဝိသာခါ အင်္ဂါရှစ်မျိုးနှင့်ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်း ရှိ၏။ ဝိသာခါ အဘယ်သို့ ကျင့်သုံးအပ်သော အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ် သည် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း၊ တန်ခိုးကြီးသနည်း၊ ကြီးသော ပျံ့နှံ့ခြင်းရှိသနည်း။ ဝိသာခါ ဤသာသနာတော်၌ အရိယာတပည့်သည် ဤသို့ ဆင်ခြင်၏ -”ရဟန္တာတို့သည် အသက်ထက်ဆုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ တုတ်ကို ချထားပြီး ဖြစ်ကုန်၏၊ လက်နက်ကို ချထားပြီး ဖြစ်ကုန်၏၊ ရှက်တတ်ကုန်၏၊ သနားတတ်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး အသက်သတ်ခြင်း ကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်လျက် တုတ်ကို ချထားသူ လက်နက်ကို ချထားသူ ရှက်ခြင်းရှိသူ သနားခြင်းသို့ ရောက်သူ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားသူဖြစ်၍ နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးအပ်သည်လည်းဖြစ်ပေလိမ့်မည်”ဟု (ဆင်ခြင်၏)၊ ဤပဌမအင်္ဂါနှင့် ပြည့်စုံ၏။ပ။ ”ရဟန္တာတို့သည် အသက်ထက်ဆုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းကို ပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ညောင်စောင်းငယ်၌ဖြစ်စေ မြက်အခင်း၌ဖြစ်စေ နိမ့်သောနေရာ၌ နေကုန်၏၊ ငါသည် လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းကို ပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်လျက် ညောင်စောင်းငယ်၌ဖြစ်စေ မြက်အခင်း၌ဖြစ်စေ နိမ့်သောနေရာ၌ နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်”ဟု (ဆင်ခြင်၏)၊ ဤအဋ္ဌမအင်္ဂါနှင့် ပြည့်စုံ၏။ ဝိသာခါ ဤသို့ကျင့်သုံးအပ်သော အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏။ အဘယ်မျှလောက် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း၊ တန်ခိုးကြီးသနည်း၊ ကြီးသော ပျံ့နှံ့ခြင်းရှိသနည်းဟူမူ-ဝိသာခါ ဥပမာသော်ကား အကြင်သူသည် များစွာ တပ်နှစ်သက်ဖွယ် ရတနာတို့နှင့် ပြည့်စုံသော အင်္ဂတိုင်း၊ မဂဓတိုင်း၊ ကာသိတိုင်း၊ ကောသလတိုင်း၊ ဝဇ္ဇီတိုင်း၊ မလ္လတိုင်း၊စေတီ တိုင်း၊ ဝင်္ဂတိုင်း၊ ကုရုတိုင်း၊ ပဉ္စာလတိုင်း၊ မစ္ဆတိုင်း၊ သူရသေနတိုင်း၊ အဿကတိုင်း၊ အဝန္တိတိုင်း၊ ဂန္ဓာရတိုင်း၊ ကမ္ဗောဇတိုင်း ဤတစ်ဆယ့်ခြောက်တိုင်းတို့၌ စိုးပိုင်ကြီးမှူးသူဟူသော မင်းအဖြစ်ကို ပြုရာ၏၊ ထိုတစ်ဆယ့်ခြောက်တိုင်းတို့၌ မင်းအဖြစ်ကို ပြုစေခြင်းသည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်မျှ ဖြစ်သော အကျိုးကို မမှီနိုင်။ ထိုသို့ မမှီနိုင်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်း။ ဝိသာခါ နတ်ချမ်းသာကို ထောက်ဆသော် လူမင်း၏ အဖြစ်သည် အထီးကျန်သောသူ၏ ချမ်းသာနှင့် တူ၏။ ဝိသာခါ လူ၌ဖြစ်သော အနှစ်ငါးဆယ်တို့သည် စာတုမဟာရာဇ်နတ်တို့၏ တစ်နေ့တစ်ညဥ့် မည်၏၊ ထိုညဥ့်ဖြင့် ညဥ့်ပေါင်းသုံးဆယ်တို့သည် လမည်၏၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် နှစ်မည်၏၊ ထိုနှစ်ဖြင့် နတ်၌ ဖြစ်သော နှစ်ပေါင်းငါးရာတို့သည် စာတုမဟာရာဇ် နတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ မည်သူမဆို အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးခြင်းကြောင့် ကိုယ်ခန္ဓာ ပျက်ကြွေသေသည်မှနောက်၌ စာတုမဟာရာဇ်နတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်နိုင်ရာသော ဤအကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ ”နတ်ချမ်းသာကို ထောက်ဆသော် လူမင်း၏အဖြစ်သည် အထီးကျန်သောသူ၏ ချမ်းသာနှင့် တူ၏”ဟု ငါဆို၏။ ဝိသာခါ လူ၌ဖြစ်သော အနှစ်တစ်ရာတို့သည် တာဝတိံသာနတ်တို့၏ တစ်နေ့တစ်ညဥ့် မည်၏၊ ထို ညဥ့်ဖြင့် ညဥ့်ပေါင်းသုံးဆယ်တို့သည် လမည်၏၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် နှစ်မည်၏၊ ထိုနှစ်ဖြင့် နတ်၌ဖြစ်သော နှစ်ပေါင်းတစ်ထောင်သည် တာဝတိံသာနတ်တို့၏ အသက်အတိုင်းအရှည် ဖြစ်၏။ ဝိသာခါ ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ မည်သူမဆို အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးခြင်းကြောင့် ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ တာဝတိံသာနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်နိုင်ရာသော ဤအကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ နတ် ချမ်းသာကို ထောက်ဆသော် လူမင်း၏အဖြစ်သည် အထီးကျန်သောသူ၏ ချမ်းသာနှင့် တူ၏ဟု ငါဆို၏။ ဝိသာခါ လူ၌ဖြစ်သော အနှစ်နှစ်ရာတို့သည်။ပ။ အနှစ်လေးရာတို့သည်။ပ။ အနှစ်ရှစ်ရာတို့သည်။ပ။ အနှစ်တစ်ထောင်ခြောက်ရာတို့သည် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ တစ်နေ့တစ်ညဥ့် မည်၏၊ ထိုညဥ့်ဖြင့် ညဥ့်ပေါင်းသုံးဆယ်တို့သည် လမည်၏၊ ထိုလဖြင့် တစ်ဆယ့်နှစ်လတို့သည် နှစ်မည်၏၊ ထိုနှစ်ဖြင့် နတ်၌ဖြစ်သော နှစ်ပေါင်းတစ်သောင်းခြောက်ထောင်တို့သည် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ အသက်အတိုင်း အရှည် ဖြစ်၏။ ဝိသာခါ ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ မည်သူမဆို အင်္ဂါရှစ်မျိုးနှင့်ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးခြင်းကြောင့် ကိုယ်ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ ပရနိမ္မိတဝသ ဝတ္တီနတ်တို့၏ အပေါင်းအဖော်အဖြစ်သို့ ကပ်ရောက်နိုင်ရာသော ဤအကြောင်းမျိုးသည် ရှိ၏။ ဝိသာခါ ဤအကြောင်းမျိုးကို ရည်ရွယ်၍ ”နတ်၌ ဖြစ်သော ချမ်းသာကို ထောက်ဆသော် လူမင်း၏ အဖြစ်သည် အထီးကျန်သောသူ၏ ချမ်းသာနှင့် တူ၏”ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

သတ္တဝါကို မသတ်ရာ၊ မပေးအပ်သော ဥစ္စာကို မခိုးယူရာ၊ မဟုတ်မမှန်သော စကားကို မပြောဆိုရာ၊ မူးယစ်ခြင်းကိုဖြစ်စေတတ်သော သေအရက်ကို မသောက် ရာ၊ မေထုန်ဟု ဆိုအပ်သော မမြတ်သော အကျင့်မှ ရှောင်ကြဉ်ရာ၏၊ နေလွဲညစာ မစားရာ။ ပန်းမပန်ရာ၊ နံ့သာမှုန့်ကို မလိမ်းရာ။ ညောင်စောင်းငယ်၌လည်းကောင်း၊ မြေ၌ ခင်းအပ်သောနေရာ၌လည်းကောင်း အိပ်ရာ၏။ အင်္ဂါရှစ်မျိုးရှိသော ထိုဥပုသ်ကို ဒုက္ခ၏ အဆုံးသို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားသည် ပြတော်မူအပ်၏။ လနေနှစ်ပါးစုံတို့သည် (ရူပါရုံကို) ကောင်းစွာ ပြတတ်ကုန်၏၊ အကြင်မျှလောက်သော အရပ်သို့ ထွန်းလင်းတောက်ပကုန်သည်ဖြစ်၍ အစဉ်လှည့်လည်ကုန်၏၊ အမိုက်တိုက်ကို ပယ်ဖျောက်တတ်ကုန်သော ကောင်းကင်အပြင်၌ သွားကုန်သော ထိုလနေတို့သည် အရပ်မျက်နှာတို့ကို တင့်တယ်စေကုန်သည်ဖြစ်၍ ကောင်းကင် အပြင်၌ ထွန်းလင်း တောက်ပကုန်၏။ ထိုလနေတို့ လှည့်လည်ရာ အရပ်အတွင်း၌ ပုလဲ ပတ္တမြား ကောင်းသော ကြောင် မျက်ရွဲ သိင်္ဂီရွှေ ထိုမှတစ်ပါးလည်း ပကတိရွှေဟူသော ဥစ္စာတို့သည် ရှိကုန်၏၊ ယင်းသိင်္ဂီရွှေ ပကတိရွှေကို ဇာတရူပဟူ၍လည်းကောင်း၊ ဟဋကဟူ၍လည်းကောင်း ဆိုအပ်၏။ ထိုပုလဲ ပတ္တမြားစသော ရတနာတို့သည်လည်းကောင်း၊ အလုံးစုံသော လရောင်တို့ သည်လည်းကောင်း၊ ကြယ်အပေါင်းတို့သည်လည်းကောင်း အင်္ဂါရှစ်မျိုးရှိသော ဥပုသ်စောင့်သုံးခြင်း၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်မျှ မမှီနိုင်ကုန်။ ထို့ကြောင့်သာလျှင် သီလရှိသော မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အင်္ဂါရှစ်မျိုး ရှိသော ဥပုသ်ကို ကျင့်သုံးရာ၏။ (ထိုမိန်းမယောက်ျားတို့သည်) ချမ်းသာသော အကျိုးကိုဖြစ်စေတတ်ကုန်သော ကုသိုလ်ကောင်းမှုတို့ကို ပြုကုန်သောကြောင့် မကဲ့ရဲ့အပ်ကုန်သည်ဖြစ်၍ နတ်ပြည်သို့ ကပ်ရောက်ရကုန်၏။

တတိယသုတ်။