၁၂၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဗာရာဏသီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ မြတ်စွာဘုရားသည် နွားအရောင်းအဝယ်ပြုရာ ညောင်ကြတ်ပင်အနီး၌ ဆွမ်းခံလှည့်လည်တော်မူစဉ် သာယာဖွယ် (ဈာန်ချမ်းသာ) ဆိတ်သုဉ်းသော ပြင်ပ (ကာမဂုဏ်) ကို သာယာသော သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိသည့်ပြင် မတည်ကြည် လည်သောစိတ်ရှိလျက် ပေါ်လွင်သော ဣနြေ္ဒရှိသည့် ရဟန်းတစ်ပါးကို မြင်တော်မူ၍-
”ရဟန်း သင်သည် မိမိကိုယ်ကို ထွေးအံဖတ် မပြုလင့်၊ ရဟန်း မိမိကိုယ်ကို ထွေးအံဖတ်ပြုသည်ဖြစ်၍ သားစိမ်းနံ့ဖြင့် စိုစွတ်သော သင့်ကို ယင်ကောင်တို့သည် မကျရောက် မနှိပ်စက်ရာသော အကြောင်းမရှိချေ”ဟု မိန့်တော်မူ၏၊ ထိုအခါ ထိုရဟန်းသည် ဤဆုံးမသြဝါဒဖြင့် မြတ်စွာဘုရား ဆုံးမအပ်သည်ရှိသော် ထိတ်လန့်ခြင်း ‘သံဝေဂ’ သို့ ရောက်လေ၏။ ထို့နောက် မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် ဆွမ်းခံရာမှ ဖဲလတ်သော် ရဟန်းတို့ကို ရဟန်းတို့ ငါသည် နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဗာရာဏသီပြည်၌ ဆွမ်းခံဝင်၏၊ ရဟန်းတို့ ငါသည် နွားအရောင်းအဝယ်ပြုရာ ညောင်ကြတ်ပင်အနီး၌ ဆွမ်းခံလှည့်လည်စဉ် သာယာဖွယ် (ဈာန်ချမ်းသာ) ဆိတ်သုဉ်းသော ပြင်ပ (ကာမဂုဏ်) ကို သာယာသော သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိသည့်ပြင် မတည်ကြည် လည်သောစိတ်ရှိလျက် ပေါ်လွင်သော ဣနြေ္ဒရှိသည့် ရဟန်းတစ်ပါးကို မြင်၍ ဤစကားကို ဆိုခဲ့၏-
‘ရဟန်း သင်သည် မိမိကိုယ်ကို ထွေးအံဖတ် မပြုလင့်၊ ရဟန်း မိမိကိုယ်ကို ထွေးအံဖတ်ပြုသည် ဖြစ်၍ သားစိမ်းနံ့ဖြင့် စိုစွတ်သော သင့်ကို ယင်ကောင်တို့သည် မကျရောက် မနှိပ်စက်ရာသော အကြောင်းမရှိချေ’ဟု (ဆိုခဲ့၏)။ ရဟန်းတို့ ထိုအခါ၌ ထိုရဟန်းသည် ဤဆုံးမသြဝါဒဖြင့် ငါဆုံးမအပ်သည်ရှိသော် ထိတ်လန့်ခြင်း ‘သံဝေဂ’ သို့ ရောက်လေ၏ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်း တစ်ပါးသည် မြတ်စွာဘုရားအား ”အသျှင်ဘုရား ထွေးအံဖတ်ဟူသည် အဘယ်ပါနည်း၊ သားစိမ်းနံ့ဟူသည် အဘယ်ပါနည်း၊ ယင်ကောင်တို့ဟူသည် အဘယ်တို့ပါနည်း”ဟု (လျှောက်၏)။
ရဟန်း ထွေးအံဖတ်ဟူသည် အဘိဇ္ဈာပင်တည်း၊ သားစိမ်းနံ့ဟူသည် ဗျာပါဒပင်တည်း၊ ယင်ကောင် တို့ဟူသည် ယုတ်ညံ့သော အကုသိုလ်ဝိတက်တို့ပင်တည်း။ ရဟန်း မိမိကိုယ်ကို ထွေးအံဖတ်ပြုသည်ဖြစ်၍ သားစိမ်းနံ့ဖြင့် စွတ်စိုသူကို ယင်ကောင်တို့သည် မကျရောက် မနှိပ်စက်ရာသော အကြောင်း မရှိချေဟု (မိန့်တော်မူ၏)။
စက္ခုဒွါရ သောတဒွါရ၌ မလုံခြုံသည်ဖြစ်၍ ဣနြေ္ဒတို့၌ မစောင့်စည်းသူအား ရာဂကို မှီသော မိစ္ဆာဝိတက်ယင်ကောင်တို့သည် ကျရောက်ကုန်လတ္တံ့။ ထွေးအံဖတ်ဖြစ်၍ သားစိမ်းနံ့ဖြင့် စိုစွတ်နေသော ရဟန်းသည် နိဗ္ဗာန်မှ ဝေး၏၊ ပင်ပန်းခြင်းအဖို့သာ ရှိ၏။ ပညာမဲ့သော လူမိုက်သည် ရွာ၌သော်လည်းကောင်း၊ သို့မဟုတ် တော၌သော်လည်းကောင်း မိမိ၏ စိတ်ငြိမ်းချမ်းမှုကို မရမူ၍ ယင်ကောင်တို့ ဝိုင်းရံလျက် လှည့်လည်ရ၏။ သီလနှင့် ပြည့်စုံ၍ ပညာဖြင့် ငြိမ်းအေးခြင်း၌ မွေ့လျော်သူတို့သည် ယင်ကောင်တို့ကို ဖျက်ဆီး၍ ငြိမ်းအေးကုန်သည်ဖြစ်၍ ချမ်းသာစွာ အိပ်ရကုန်၏။
ဆဋ္ဌသုတ်။