အန ၈.၄၁: သံခိတ္တူပေါသထသုတ်

၄၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ”ရဟန်းတို့”ဟု မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် ”အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏။ ရဟန်းတို့ အဘယ်သို့ ကျင့်သုံးအပ်သော အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်သည် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း၊ တန်ခိုးကြီးသနည်း၊ ကြီးသော ပျံ့နှံ့ခြင်းရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ဤသို့ ဆင်ခြင်၏။ ”ရဟန္တာတို့သည် အသက်ထက်ဆုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ တုတ်ကို ချထားပြီးဖြစ်ကုန်၏၊ လက်နက်ကို ချထားပြီးဖြစ်ကုန်၏၊ ရှက်တတ်ကုန်၏၊ သနား တတ်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ပတ်လုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ တုတ်ကို ချထားသူ လက်နက်ကို ချထားသူ ရှက်ခြင်းရှိသူ သနားခြင်းသို့ရောက်သူ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားသူဖြစ်၍ နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်”ဟု (ဆင်ခြင်၏)၊ ဤပဌမအင်္ဂါနှင့် ပြည့်စုံ၏။ ”ရဟန္တာတို့သည် အသက်ထက်ဆုံး မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ပေးသည်ကိုသာ ယူကုန်၏၊ ပေးသည်ကိုသာ အလိုရှိကုန်၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်လျက် ပေးသည်ကိုသာ ယူလေ့ရှိသည် ပေးသည်ကိုသာ အလိုရှိသည် ဖြစ်၍ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတု လိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်”ဟု (ဆင်ခြင်၏)၊ ဤဒုတိယ အင်္ဂါနှင့် ပြည့်စုံ၏။ ”ရဟန္တာတို့သည် အသက်ထက်ဆုံး မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်ကုန်၏၊ (မမြတ်သော အကျင့်မှ) ဝေးစွာ ရှောင်ကြဉ်ကုန်၏၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန် အကျင့်မှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး မမြတ်သောအကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်လေ့ရှိသည်ဖြစ်၍ (မမြတ်သော အကျင့်မှ) ဝေးစွာရှောင်ကြဉ်လျက် ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတု လိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်”ဟု (ဆင်ခြင်၏)၊ ဤတတိယ အင်္ဂါနှင့် ပြည့်စုံ၏။ ”ရဟန္တာတို့သည် အသက်ထက်ဆုံး မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ အမှန်ကိုသာ ဆိုလေ့ရှိကုန်၏၊ မှန်သောစကားချင်း ဆက်စပ်စေကုန်၏၊ တည်သော စကားရှိကုန်၏၊ ယုံကြည်ထိုက်သော စကားရှိကုန်၏၊ လောကကို လှည့်စားတတ်သူ မဟုတ်ကုန်၊ ငါသည် လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး မဟုတ်မမှန်ပြောခြင်းကို ပယ်၍ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ် လျက် အမှန်ကိုသာ ဆိုသူ မှန်သောစကားချင်း ဆက်စပ်စေသူ တည်သော စကားရှိသူ ယုံကြည်ထိုက်သော စကားရှိသူဖြစ်၍ လောကကို မလှည့်စားပဲ (နေပါအံ့)၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်”ဟု (ဆင်ခြင်၏)၊ ဤစတုတ္ထအင်္ဂါနှင့် ပြည့်စုံ၏။ ”ရဟန္တာတို့သည် အသက်ထက်ဆုံး ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းကို ပယ်၍ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေ အရက်သောက်ခြင်းကို ပယ်၍ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးခြင်းသည်လည်း ဖြစ်ပေလိမ့်မည်”ဟု (ဆင်ခြင်၏)၊ ဤပဉ္စမအင်္ဂါနှင့် ပြည့်စုံ၏။ ”ရဟန္တာတို့သည် အသက်ထက်ဆုံး တစ်ထပ်သာ စားကုန်၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်ကုန်၏၊ နေလွဲသောအခါ၌ စားခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး တစ်ထပ် သာ စားပါအံ့၊ ညစာစားခြင်းမှ ရှောင်ကြဉ်ပါအံ့၊ နေလွဲသောအခါ၌ စားခြင်းမှ ရှောင်ကြဉ်ပါအံ့၊ ဤ အကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးခြင်းသည်လည်း ဖြစ်ပေလိမ့်မည်”ဟု (ဆင်ခြင်၏)၊ ဤဆဋ္ဌအင်္ဂါနှင့် ပြည့်စုံ၏။ ”ရဟန္တာတို့သည် အသက်ထက်ဆုံး ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း ပန်းပန်ခြင်း နံ့သာမှုန့်ခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းကို ပယ်၍ ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း ပန်းပန်ခြင်း နံ့သာမှုန့်ခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ ပတ်လုံး ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း ပန်းပန်ခြင်း နံ့သာမှုန့်ခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးခြင်းသည်လည်း ဖြစ်ပေလိမ့်မည်”ဟု (ဆင်ခြင်၏)၊ ဤသတ္တမအင်္ဂါနှင့် ပြည့်စုံ၏။ ”ရဟန္တာတို့သည် အသက်ထက်ဆုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းကို ပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ညောင်စောင်းငယ်၌ဖြစ်စေ မြက်အခင်း၌ဖြစ်စေ နိမ့်သောနေရာ၌ နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့်တစ်နေ့ပတ်လုံး မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းကိုပယ်၍ မြင့်သောနေရာ မြတ်သောနေရာ၌ နေခြင်းမှ ရှောင်ကြဉ်လျက် ညောင်စောင်းငယ်၌ဖြစ်စေ မြက်အခင်း၌ဖြစ်စေ နိမ့်သောနေရာ၌ နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံးခြင်းသည်လည်း ဖြစ်ပေလိမ့်မည်”ဟု (ဆင်ခြင်၏)၊ ဤအဋ္ဌမအင်္ဂါနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့ ကျင့်သုံးအပ်သော အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။