၁. ရဟန်းတို့ ဤအပိတ်အပင် ‘နီဝရဏ‘ ငါးမျိုးတို့ကိုပယ်ရန် သတိပဋ္ဌာန် လေးပါးတို့ကို ပွါးများအပ်ကုန်၏။
အဘယ်လေးပါးတို့နည်းဟူမူ -ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုကာ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’, အောက်မေ့မှု ‘သတိ’ ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် နေ၏။
ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’, အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’, အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။
ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’, အောက်မေ့မှု ‘သတိ’ ရှိသည်ဖြစ်၍လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ ရှိသည် ဖြစ်၍ နေ၏။ (အန ၉.၆၄)
၂. ရဟန်းတို့ အဝိဇ္ဇာကိုလည်း အကြောင်းနှင့် တကွ ဖြစ်၏ဟု ငါဆို၏။ အကြောင်းမရှိဟု ငါမဆို။ အဝိဇ္ဇာ၏ အကြောင်းကား အဘယ်နည်း၊
”နီဝရဏငါးပါးတို့တည်း”ဟု ဆိုအပ်ရာ၏။
၃. ရဟန်းတို့ နီဝရဏငါးပါးတို့ကိုလည်း အကြောင်းနှင့်တကွ ဖြစ်ကုန်၏ဟု ငါဆို၏၊ အကြောင်းမရှိကုန်ဟု ငါမဆို။ နီဝရဏငါးပါးတို့၏ အကြောင်းကား အဘယ်နည်း၊
”ဒုစရိုက်သုံးပါးတို့တည်း”ဟု ဆိုအပ်ရာ၏။ (အန ၁၀.၆၁)
၁. ရဟန်းတို့ မိမိခန္ဓာကို စွဲ၍ ဖြစ်သော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်း နီဝရဏတည်း၊ ပြင်ပခန္ဓာကို စွဲ၍ ဖြစ်သော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုကာမစ္ဆန္ဒ နီဝရဏသည် ဤအကြောင်း ပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။ (သန ၄၆.၅၂)
၂. ရဟန်းတို့ မဖြစ်သေးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့ တင့်တယ်သော သုဘနိမိတ် အာရုံမျိုးသည် ရှိ၏၊ ထိုသုဘနိမိတ်အာရုံ၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’ ကို အတိုင်းထက်အလွန်ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (သန ၄၆.၅၁)
၁. ရဟန်းတို့ မိမိခန္ဓာကို စွဲ၍ဖြစ်သော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း နီဝရဏတည်း၊ ပြင်ပခန္ဓာကို စွဲ၍ ဖြစ်သော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုဗျာပါဒနီဝရဏသည် ဤအကြောင်း ပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။ (သန ၄၆.၅၂)
၂. ရဟန်းတို့ မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု’ဗျာပါဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့ ထိပါးမှု ‘ပဋိဃ’ နိမိတ်အာရုံသည် ရှိ၏၊ ထိုပဋိဃနိမိတ်အာရုံ၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကိုဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (သန ၄၆.၅၁)
၁. ရဟန်းတို့ စိတ်၏ ထိုင်းမှိုင်းမှု ‘ထိန’ သည်လည်း နီဝရဏတည်း၊စေတသိက်၏ ထိုင်းမှိုင်းမှု ‘မိဒ္ဓ’ သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုထိနမိဒနီဝရဏသည် ဤအကြောင်း ပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။ (သန ၄၆.၅၂)
၂. ရဟန်းတို့ မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့ မမွေ့လျော်ခြင်း၊ ပျင်းရိခြင်း၊ ကိုယ်လက် ဆန့်ငင်ဖြစ်ခြင်း၊ ထမင်းဆီယစ်ခြင်း၊ စိတ်၏ဆုတ်နစ်ခြင်းသည် ရှိ၏။ ထို (မမွေ့လျော်ခြင်းစသည်)၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကိုကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကိုဖြစ်စေရန်၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (သန ၄၆.၅၁)
၁. ရဟန်းတို့ စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’ သည်လည်းနီဝရဏတည်း၊ နောင်တတစ်ဖန် ပူပန်မှု ‘ ကုက္ကုစ္စ’ သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုဥဒ္ဓစ္စကုက္ကုစ္စနီဝရဏသည် ဤအကြောင်း ပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။ (သန ၄၆.၅၂)
၂. ရဟန်းတို့ မဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’, နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ ကို ဖြစ်စေရန်၊ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’, နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန်
ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့ စိတ်မအေးငြိမ်းမှုသည် ရှိ၏၊ ထိုစိတ်မအေးငြိမ်းမှု၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’, နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ို ဖြစ်စေရန်၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’, နောင်တတစ်ဖန် ပူပန်မှု ‘ကုက္ကုစ္စ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ (သန ၄၆.၅၁)
၁. ရဟန်းတို့ မိမိခန္ဓာတရားတို့၌ မေ၀ခွဲနိုင်မှု ‘ ဝိစိကိစ္ဆာ’ သည်လည်း နီဝရဏတည်း၊ ပြင်ပခန္ဓာတရားတို့၌ မဆုံးဖြတ်နိုင်မှု ‘ ဝိစိကိစ္ဆာ’သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထို ဝိစိကိစ္ဆာနီဝရဏသည် ဤအကြောင်း ရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။ (သန ၄၆.၅၂)
၂. ရဟန်းတို့ မဖြစ်သေးသော မေ၀ခွဲနိုင်မှု ‘ ဝိစိကိစ္ဆာ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မေ၀ခွဲနိုင်မှု ‘ ဝိစိကိစ္ဆာ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့မေ၀ခွဲနိုင်မှု ‘ ဝိစိကိစ္ဆာ’ ၏ တည်ရာ အာရုံတရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော မေ၀ခွဲနိုင်မှု ‘ ဝိစိကိစ္ဆာ’ ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မေ၀ခွဲနိုင်မှု ‘ ဝိစိကိစ္ဆာ’ ကို အတိုင်းထက်အလွန် ဖြစ်စေရန်ပြန့်ပြောစေရန် အကြောင်းတည်း။ (သန ၄၆.၅၁)