၂၁၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အစိရဝတမည်သော သာမဏေသည် ကမ္မဋ္ဌာန်းအား ထုတ်သော ရဟန်းတို့နေရန် ပြုထားသော ကျောင်း၌ နေ၏။ ထိုအခါ ဇယသေနမည်သော ဗိမ္ဗိသာရမင်း၏သားသည် အညောင်းပြေ လမ်းလျှောက်လှည့်လည်ယင်း အစိရဝတသာမဏေရှိရာသို့ ချဉ်းကပ်ပြီးလျှင် အစိရဝတ သာမဏေနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် အစိရဝတသာမဏေအား ဤစကားကို ပြောဆို၏-
အချင်းအဂ္ဂိဝေဿန ”ဤသာသနာတော်၌ မမေ့မလျော့ လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့စေလွှတ်အပ် သော စိတ်ရှိလျက်နေသော ရဟန်းသည် စိတ်၏တည်ကြည်ခြင်း ဈာန်သမာပတ်ကို ရရာ၏” ဟူသော ဤစကားကို အကျန်ုပ် ကြားဖူးပါသည်ဟု ပြောဆို၏။ မင်းသား ဤအတိုင်းပင် မှန်ပေ၏၊ မင်းသား ဤအတိုင်းပင် မှန်ပေ၏၊ ဤသာသနာတော်၌ မမေ့မလျော့ လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ် သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းသည် စိတ်၏ တည်ကြည်ခြင်း ဈာန်သမာပတ်ကို ရရာ၏ဟု (ပြောဆို၏)။ တောင်းပန်ပါ၏၊ အသျှင်အဂ္ဂိဝေဿနသည် ကြားနာဖူးသည့်အတိုင်း သင်ကြားဖူးသည့် အတိုင်း အကျွန်ုပ်အား တရားဟောပါလော့ဟု (လျှောက်၏)။ မင်းသား ငါသည် ကြားနာဖူးသည့်အတိုင်း သင်ကြားဖူးသည့်အတိုင်း သင့်အား တရားဟောခြင်းငှါ မစွမ်းနိုင်၊ မင်းသား ငါသည် အကယ်၍ ကြားနာ ဖူးသည့်အတိုင်း သင်ကြားဖူးသည့်အတိုင်း သင့်အား တရားဟောငြားအံ့၊ သင်သည်လည်း ငါဟောသော တရားအဓိပ္ပါယ်ကို မသိနိုင်ငြားအံ့၊ ငါ့အား ကိုယ်ပင်ပန်းခြင်းသည် ဖြစ်ရာ၏၊ ငါ့အား စိတ်ဆင်းရဲခြင်းသည် ဖြစ်ရာ၏ဟု (ပြောဆို၏)။
အသျှင်အဂ္ဂိဝေဿနသည် ကြားနာဖူးသည့်အတိုင်း သင်ကြားဖူးသည့်အတိုင်း အကျွန်ုပ်အား တရား ဟောပါလော့၊ အကျွန်ုပ်သည် အသျှင်အဂ္ဂိဝေဿန ဟောသော တရား၏အဓိပ္ပါယ်ကို သိကောင်း သိနိုင်ရာ ပါ၏ဟု (လျှောက်၏)။ မင်းသား ငါသည် ကြားနာဖူးသည့်အတိုင်း သင်ကြားဖူးသည့်အတိုင်း သင့်အား တရား ဟောရာ၏၊ သင်သည် ငါဟောသော တရား၏ အဓိပ္ပါယ်ကို အကယ်၍ သိငြားအံ့၊ ဤသို့ သိခြင်း သည် ကောင်း၏၊ သင်သည် ငါဟောသော တရား၏ အဓိပ္ပါယ်ကို အကယ်၍ မသိပါမူ မသိသည့်အတိုင်း သာလျှင် တည်လော့၊ ထိုမသိသည့်အရာ၌ ငါ့ကို ထပ်၍ မမေးလင့်ဟု (ပြောဆို၏)။ အသျှင်အဂ္ဂိဝေဿန သည် ကြားနာဖူးသည့်အတိုင်း သင်ကြားဖူးသည့်အတိုင်း အကျွန်ုပ်အား တရားဟောပါလော့၊ အကျွန်ုပ် သည် အသျှင်အဂ္ဂိဝေဿန ဟောသော တရား၏ အဓိပ္ပါယ်ကို အကယ်၍ သိပါမူ ကောင်း၏၊ အကျွန်ုပ် သည် အသျှင်အဂ္ဂိဝေဿန ဟောသော တရား၏ အဓိပ္ပါယ်ကို အကယ်၍ မသိပါမူ မသိသည့်အတိုင်းသာ လျှင် တည်ပါအံ့၊ အကျွန်ုပ်သည် အသျှင်အဂ္ဂိဝေဿနကို ထပ်၍ မမေးပါဟု (လျှောက်၏)။
၂၁၄။ ထိုအခါ အစိရဝတသာမဏေသည် ဇယသေနမင်းသားအား ကြားနာဖူးသည့်အတိုင်း သင်ကြားဖူးသည့်အတိုင်း တရားကို ဟော၏။ ဤသို့ ဟောသည်ရှိသော် ဇယသေနမင်းသားသည် အစိရဝတသာမဏေကို ”အချင်းအဂ္ဂိဝေဿန မမေ့မလျော့ လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိလျက်နေသော ရဟန်းသည် စိတ်၏တည်ကြည်ခြင်း ဈာန်သမာပတ်ကို ရရာ၏၊ ဤအကြောင်းသည် အကြောင်းမဟုတ် အခွင့်မဟုတ်”ဟု ဤစကားကို ပြောဆို၏။ ထို့နောက် ဇယသေနမင်းသားသည် အစိရဝတသာမဏေအား အကြောင်းမဟုတ်ခြင်းကိုလည်းကောင်း၊ အခွင့်မဟုတ်ခြင်းကိုလည်းကောင်း ပြော ကြားပြီးလျှင် နေရာမှ ထကာ ဖဲသွား၏။
ထိုအခါ အစိရဝတသာမဏေသည် ဇယသေနမင်းသား ဖဲသွား၍ မကြာမီ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်ကာ ဇယသေနမင်းသားနှင့်အတူ ပြောဆိုခဲ့သမျှ့စကားအလုံးစုံကို မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ ဤသို့ လျှောက်ထားသည်ရှိသော် မြတ်စွာဘုရားသည် အစိရဝတသာမဏေအား ဤစကားကို မိန့်တော်မူ၏-အဂ္ဂိဝေဿန ဤကာမမှ ထွက်မြောက်ခြင်း ‘နေက္ခမ္မ’ ဖြင့် သိသင့်သော မြင်သင့်သော ရောက်သင့်သော မျက်မှောက်ပြုသင့်သော စိတ်တည်ကြည်မှုကို ဇယသေနမင်းသားသည် ကာမဂုဏ်တို့၏ အလယ်၌နေလျက်, ကာမဂုဏ်တို့ကို သုံး ဆောင်လျက်, ကာမဝိတက်တို့ ထိုးကျင့်ကိုက်ခဲခံနေရလျက်, ကိလေသာ ကာမဟူသော ပူလောင်ခြင်းဖြင့် ပူလောင်လျက်, ကာမဂုဏ်တို့ကို ရှာမှီးခြင်းငှါ အားထုတ်လျက် သိမူလည်း သိလတ္တံ့, မြင်မူလည်း မြင်လတ္တံ့, မျက်မှောက်ပြုမူလည်း ပြုလတ္တံ့ဟူသော အကြောင်းကို အဘယ်မှာ ရမည်နည်း၊ ဤ အကြောင်းမျိုးသည် မရှိ။
၂၁၅။ အဂ္ဂိဝေဿန ဥပမာအားဖြင့် ကောင်းစွာ ယဉ်ကျေးပြီးသော ကောင်းစွာ ဆုံးမပြီးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည် ရှိကုန်ရာ၏။ မယဉ်ကျေး သေး, မဆုံးမရသေးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည် ရှိကုန်ရာ၏။ အဂ္ဂိဝေဿန ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ကောင်းစွာ ယဉ်ကျေးပြီးသော ကောင်းစွာ ဆုံးမပြီးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည် စင်စစ်အားဖြင့် ယဉ်ကျေးကုန်သည် ဖြစ်၍သာလျှင် ယဉ်ကျေးသော အပြုအမူသို့ ရောက်ကုန်ရာသည် မဟုတ်လော၊ ယဉ်ကျေးကုန်သည် ဖြစ်၍သာလျှင် ယဉ်ကျေးသော အရာဌာနသို့ ရောက်ကုန်ရာသည် မဟုတ်လောဟု (မေးတော်မူ၏)။ မြတ်စွာဘုရား ရောက်ကုန်ရာပါ၏ဟု (လျှောက်၏)။
မယဉ်ကျေးသေး, မဆုံးမရသေးသော ဆင်နှစ်ကောင်၊ သို့မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့သည် ကောင်းစွာ ယဉ်ကျေးပြီးသော ကောင်းစွာ ဆုံးမပြီးသော ဆင်နှစ်ကောင်၊ သို့ မဟုတ် မြင်းနှစ်ကောင်၊ သို့မဟုတ် နွားနှစ်ကောင်တို့ကဲ့သို့ မယဉ်ကျေးကုန်ဘဲသာလျှင် ယဉ်ကျေးသော အပြုအမူသို့ ရောက်အပ်သောအရာသို့ ရောက်ကုန်ရာသလော၊ မယဉ်ကျေးကုန်ဘဲသာလျှင် ယဉ်ကျေးသော အရာဌာနသို့ ရောက်နိုင်ကုန်ရာသလောဟု (မေးတော်မူ၏)။ မြတ်စွာဘုရား ဤရောက်နိုင်ခြင်းသည် မသင့် ပါဟု (လျှောက်၏)။
အဂ္ဂိဝေဿန ဤဥပမာအတူသာလျှင် ကာမမှ ထွက်မြောက်ခြင်းဖြင့် သိသင့်သော မြင်သင့်သော ရောက်သင့်သော မျက်မှောက်ပြုသင့်သော စိတ်တည်ကြည်မှုကို စင်စစ် ဇယသေနမင်းသားသည် ကာမဂုဏ် တို့၏ အလယ်၌ နေလျက်, ကာမဂုဏ်တို့ကို သုံးဆောင်လျက်, ကာမဝိတက်တို့ ထိုးကျင့်ကိုက်ခဲခံနေရ လျက်, ကိလေသာ ကာမဟူသော ပူလောင်ခြင်းဖြင့် ပူလောင်လျက်, ကာမဂုဏ်တို့ကို ရှာခြင်းငှာ အားထုတ် လျက် သိမူလည်း သိလတ္တံ့, မြင်မူလည်း မြင်လတ္တံ့, မျက်မှောက်ပြုမူလည်း ပြုလတ္တံ့ဟူသော အကြောင်းသည် မရှိ။
၂၁၆။ အဂ္ဂိဝေဿန ဥပမာအားဖြင့် ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း မဝေးလွန်းသော အရပ်၌ တောင်ကြီးသည် ရှိရာ၏၊ သူငယ်ချင်းနှစ်ယောက်တို့သည် ထိုရွာမှလည်းကောင်း ထိုနိဂုံးမှလည်း ကောင်း ထွက်ခဲ့၍ တစ်ယောက်လက် တစ်ယောက်ဆက်သဖြင့် ထိုတောင်ကြီးရှိရာ အရပ်သို့ ချဉ်းကပ် ကုန်ပြီးလျှင် သူငယ်ချင်း တစ်ယောက်သည် တောင်ခြေရင်းအောက်၌ တည်ရာ၏၊ သူငယ်ချင်းတစ်ယောက် သည် တောင်အထက်သို့ တက်ရာ၏၊ အောက်တောင်ခြေရင်း၌ တည်ရစ်သော သူငယ်ချင်းသည် တောင် ထက်၌ တည်သော ထိုသူငယ်ချင်းကို ”သူငယ်ချင်း တောင်ထက်၌ တည်သော အသင်သည် ဘာကို မြင်ရ သနည်း”ဟု ပြောဆိုရာ၏။ ထိုတောင်ထက်က သူငယ်ချင်းသည် ”သူငယ်ချင်း တောင်ထက်၌ တည်သော ငါသည် နှစ်သက်ဖွယ်ကောင်းသော အရံကိုလည်းကောင်း၊ နှစ်သက်ဖွယ်ကောင်းသော တောကိုလည်း ကောင်း၊ နှစ်သက်ဖွယ်ကောင်းသော မြေအရပ်ကိုလည်းကောင်း၊ နှစ်သက်ဖွယ်ကောင်းသော ရေကန်ကိုလည်းကောင်း မြင်ရသည်သာတည်း”ဟု ပြောဆိုရာ၏။
ထိုတောင်အောက်က သူငယ်ချင်းသည် ”တောင်ထက်၌ တည်သော အသင်သည် နှစ်သက်ဖွယ် ကောင်းသော အရံကိုလည်းကောင်း၊ နှစ်သက်ဖွယ်ကောင်းသော တောကိုလည်းကောင်း၊ နှစ်သက်ဖွယ် ကောင်းသော မြေအရပ်ကိုလည်းကောင်း၊ နှစ်သက်ဖွယ်ကောင်းသော ရေကန်ကိုလည်းကောင်း မြင်ရခြင်း သည် အကြောင်းမဟုတ် အရာမဟုတ်”ဟု ပြောဆိုရာ၏။ ထိုတောင်ထက်၌ တည်သော သူငယ်ချင်းသည် အောက်တောင်ခြေရင်းသို့ သက်ဆင်းလျက် ထိုသူငယ်ချင်း၏ လက်မောင်းကို ကိုင်၍ တောင်ထက်သို့ တင်ပြီးလျှင် တစ်ခဏမျှ သက်သာရာကို ရစေလျက် ထိုသူငယ်ချင်းကို ”သူငယ်ချင်း တောင်ထက်၌ တည်သော အသင်သည် ဘာကိုမြင်ရသနည်း”ဟု ပြောဆိုရာ၏။
ထိုတောင်ပေါ်သို့ ရောက်သောသူသည် ”သူငယ်ချင်း တောင်ထက်၌ တည်သော ငါသည် နှစ်သက် ဖွယ်ကောင်းသော အရံကိုလည်းကောင်း၊ နှစ်သက်ဖွယ်ကောင်းသော တောကိုလည်းကောင်း၊ နှစ်သက်ဖွယ် ကောင်းသော မြေအရပ်ကိုလည်းကောင်း၊ နှစ်သက်ဖွယ်ကောင်းသော ရေကန်ကိုလည်းကောင်း မြင်ရသည် သာတည်း”ဟု ပြောဆိုရာ၏။ ထိုတောင်ထက်၌ တည်ပြီးသူသည် ”သူငယ်ချင်း တောင်ထက်၌ တည်သော အသင်သည် နှစ်သက်ဖွယ်ကောင်းသော အရံကိုလည်းကောင်း၊ နှစ်သက်ဖွယ်ကောင်းသော တောကိုလည်း ကောင်း၊ နှစ်သက်ဖွယ်ကောင်းသော မြေအရပ်ကိုလည်းကောင်း၊ နှစ်သက်ဖွယ်ကောင်းသော ရေကန်ကိုလည်းကောင်း မြင်ရခြင်းသည် အကြောင်းမဟုတ် အရာမဟုတ်ဟူ၍ သင်သည် ပြောဆိုထားသော စကား ကို ငါတို့သည် ယခုအခါ၌သာလျှင် သိရကုန်၏။ သူငယ်ချင်း တောင်ထက်၌ တည်သော ငါသည် နှစ်သက် ဖွယ်ကောင်းသော အရံကိုလည်းကောင်း၊ နှစ်သက်ဖွယ်ကောင်းသော တောကိုလည်းကောင်း၊ နှစ်သက်ဖွယ် ကောင်းသော မြေအရပ်ကိုလည်းကောင်း၊ နှစ်သက်ဖွယ်ကောင်းသော ရေကန်ကိုလည်းကောင်း မြင်ရ၏ဟူ၍ သင်ပြောဆိုထားသော စကားကို ငါတို့သည် ယခုအခါ၌သာလျှင် သိရကုန်၏”ဟု ပြောဆိုရာ၏။ ထိုတောင် ထက်သို့ တက်ရောက်လာသောသူသည် ”သူငယ်ချင်း သင်ပြောတိုင်း မှန်၏၊ စင်စစ်မှာ ငါသည် ကြီးစွာ သော ဤတောင်ကြီးဖြင့် ဆီးတားပိတ်ပင်အပ်သည်ဖြစ်၍ မြင်ထိုက်သော အရံတောမြေ ရေကန်တို့ကို မမြင်ရသည်သာတည်း”ဟု ပြောဆိုရာ၏။
အဂ္ဂိဝေဿန ထိုတောင်ကြီးထက် ပို၍ ကြီးသော အဝိဇ္ဇာဟူသော အစုအပုံဖြင့် တားမြစ်အပ်သော ပိတ်ပင်အပ်သော မြှေးယှက်အပ်သော ထက်ဝန်းကျင် မြှေးယှက်အပ်သော ဇယသေနမင်းသားသည် ကာမဂုဏ်မှ ထွက်မြောက်ခြင်းဖြင့် သိသင့်သော မြင်သင့်သော ရောက်သင့်သော မျက်မှောက်ပြုသင့်သော စိတ်တည်ကြည်မှု ဈာန်သမာပတ်ကို စင်စစ် ကာမဂုဏ်တို့၏ အလယ်၌ နေလျက်, ကာမဂုဏ်တို့ကို သုံးဆောင်လျက်, ကာမဝိတက်တို့ ထိုးကျင့်ကိုက်ခဲခံနေရလျက်, ကိလေသာကာမဟူသော ပူလောင်ခြင်းဖြင့် ပူလောင်လျက်, ကာမဂုဏ်တို့ကို ရှာမှီးခြင်းငှါ အားထုတ်လျက် သိမူလည်း သိလတ္တံ, မြင်မူလည်း မြင် လတ္တံ့, မျက်မှောက်ပြုမူလည်း ပြုလတ္တံ့ ဟူသော အကြောင်းသည် မရှိ။
အဂ္ဂိဝေဿန ဇယသေနမင်းသားအား ဤနှစ်ခုသော ဥပမာတို့ကို အကယ်၍ ထင်စေငြားအံ့၊ ဤသို့ ထင်စေနိုင်သည်ရှိသော် သင့်အား ဇယသေနမင်းသားသည် ကြည်ညိုငြားအံ့၊ ကြည်ညိုသည်ဖြစ်၍ သင့်အား ကြည်ညိုသော အခြင်းအရာကို ပြုငြားအံ့၊ အံ့သြဖွယ် မရှိချေဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရား ဇယသေနမင်းသားအား အဖန်တလဲလဲ အံ့သြဖွယ်ဖြစ်ကုန်သော ရှေးက မကြားဖူးကုန်သော ဤနှစ်ပါး သော ဥပမာတို့သည် မြတ်စွာဘုရားဉာဏ်တော်၌ ထင်သကဲ့သို့ အကျွန်ုပ်ဉာဏ်၌ အဘယ်မှာလျှင် ထင် လာပါကုန်အံ့နည်းဟု (လျှောက်၏)။
၂၁၇။ အဂ္ဂိဝေဿန မင်းမျိုး၌ဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းအပ်သော မင်းသည် ဆင်ဖမ်း သမားကို ”အမောင်ဆင်ဖမ်းသမား လာလော့၊ သင်သည် မင်း၏ ဆင်ယဉ်ကို တက်စီးလျက် ဆင်တောသို့ ဝင်၍ တောနေဆင်ရိုင်းကို မြင်သည်ရှိသော် မင်းဆင်၏ လည်၌ တွဲကပ်ချည်လော့”ဟု့ပြောဆို၏။ အဂ္ဂိဝေဿန ”အရှင်မင်းကြီး ကောင်းပါပြီ”ဟု ဝန်ခံ၍ ဆင်ဖမ်းသမားသည် မင်းမျိုး၌ဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းအပ်သော မင်း၏ စကားကို ရှေးရှုနားထောင်ပြီးလျှင် မင်း၏ ဆင်ယဉ်ကို တက်စီးလျက် ဆင်တောသို့ ဝင်၍ တောဆင်ရိုင်းကို မြင်သည်ရှိသော် မင်းဆင်၏ လည်၌ တွဲကပ်ချည်လေ၏၊ ထိုတော ဆင်ရိုင်းကို မင်း၏ ဆင်ယဉ်သည် လွင်ပြင်သို့ ထုတ်ဆောင်၏၊ အဂ္ဂိဝေဿန ဤမျှလောက်ဖြင့် တောဆင် ရိုင်းသည် လွင်ပြင်သို့ ရောက်၏။ အဂ္ဂိဝေဿန တောဆင်ရိုင်းတို့သည် ဤဆင်တော၌ နှစ်သက်ပျော်မွေ့ ကုန်၏၊ ထိုတောဆင်ရိုင်းကို ဆင်ဖမ်းသမားသည် မင်းမျိုး၌ဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းအပ်သော မင်းအား ”အသျှင်မင်းမြတ် တောဆင်ရိုင်းသည် လွင်ပြင်၌ ရောက်နေပါ ပြီ”ဟု သံတော်ဦးတင်၏။
အဂ္ဂိဝေဿန ထို့နောက် မင်းမျိုး၌ဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းအပ်သော မင်းသည် ထို ဆင်ဆရာကို ”အမောင်ဆင်ဆရာ သင်လာလော့၊ တောဆင်ရိုင်းကို တော၌ဖြစ်ကုန်သော အလေ့တို့ကို နှိပ် နင်းခြင်းအကျိုးငှါလည်းကောင်း တော၌ဖြစ်ကုန်သော ညှဉ်းဆဲခြင်း အကြံအစည်တို့ကို နှိပ်နင်းခြင်းအကျိုး ငှါလည်းကောင်း တော၌ဖြစ်ကုန်သော ပူပန်ခြင်း ပင်ပန်းခြင်း ပူလောင်ခြင်းတို့ကို နှိပ်နင်းခြင်းအကျိုးငှါလည်းကောင်း၊ ရွာနီး၌ အလွန်မွေ့လျော်ခြင်းငှါလည်းကောင်း၊ လူတို့နှစ်သက်သော အလေ့အကျင့်တို့၌ ဆောက်တည်စေခြင်းငှါလည်းကောင်း ဆုံးမလေလော့”ဟု ပြောဆို၏။
အဂ္ဂိဝေဿန ”အသျှင်မင်းမြတ် ကောင်းပါပြီ”ဟု ဆင်ဆရာသည် မင်းမျိုး၌ဖြစ်သော ဦးထိပ်၌ ဘိသိက်သွန်းအပ်သော မင်း၏ စကားကို ရှေးရှုနားထောင်၍ ကြီးစွာသော တိုင်ကို မြေ၌ တူးစိုက်လျက် တော၌ဖြစ်ကုန်သော အလေ့တို့ကို နှိပ်နင်းခြင်း အကျိုးငှါလည်းကောင်း တော၌ဖြစ်ကုန်သော ညှဉ်းဆဲခြင်း အကြံအစည်တို့ကို နှိပ်နင်းခြင်းအကျိုးငှါလည်းကောင်း တော၌ဖြစ်ကုန်သော ပူပန်ခြင်း ပင်ပန်းခြင်း ပူလောင်ခြင်းတို့ကို နှိပ်နင်းခြင်းအကျိုးငှါလည်းကောင်း၊ ရွာနီး၌ အလွန်မွေ့လျော်ခြင်းငှါလည်းကောင်း၊ လူတို့နှစ်သက်သော အလေ့အကျင့်တို့၌ ဆောက်တည်စေခြင်းငှါလည်းကောင်း တောဆင်ရိုင်း၏ လည်၌ တွဲကပ်၍ ချည်လေ၏။
ဆင်ဆရာသည် ထိုတောဆင်ရိုင်းကို အပြစ်ကင်းသောစကား နားချမ်းသာသောစကား နှစ်လိုဖွယ် သောစကား နှလုံးသို့ သက်ဝင်သောစကား ယဉ်ကျေးသောစကား လူအများ နှစ်သက်သောစကား လူ အများ နှစ်ခြိုက်သောစကား ဤသို့ သဘောရှိကုန်သော စကားတို့ဖြင့် ပြောဆို၏။ အဂ္ဂိဝေဿန အကြင် အခါ၌ တောဆင်ရိုင်းသည် အပြစ်ကင်းသောစကား နားချမ်းသာသောစကား နှစ်လိုဖွယ်သောစကား နှလုံး သို့ သက်ဝင်သောစကား ယဉ်ကျေးသောစကား လူအများ နှစ်သက်သောစကား လူအများ နှစ်ခြိုက်သော စကား ဤသို့ သဘောရှိကုန်သော စကားတို့ဖြင့် ဆင်ဆရာပြောဆိုသည်ရှိသော် ကြားနာလို၏၊ နား ထောင်၏၊ သိအောင် စိတ်စိုက်၏၊ ထိုတောဆင်ရိုင်းကို ဆင်ဆရာသည် တစ်ဆင့်တက်၍ မြက် အစာရေစာ ကို အစဉ်မပြတ် ကျွေးမွေး၏။
အဂ္ဂိဝေဿန အကြင်အခါ၌ တောဆင်ရိုင်းသည် ဆင်ဆရာ၏ မြက် အစာရေစာကို လှမ်းယူ၏၊ ထိုအခါ ဆင်ဆရာအား ”ယခုအခါ၌ တောဆင်ရိုင်းသည် အသက်ရှင်လတ္တံ့လော”ဟု ဤသို့ အကြံဖြစ်၏။ ထိုတော ဆင်ရိုင်းကို ဆင်ဆရာသည် ”အိုဆင်မင်း ယူလော့၊ အိုဆင်မင်း ချထားလော့”ဟု တစ်ဆင့်တက်၍ အတတ်ကို သင်စေ၏။ အဂ္ဂိဝေဿန အကြင်အခါ၌ တောဆင်ရိုင်းသည် ဆင်ဆရာ၏ ယူလော့၊ ချထား လော့ဟူသော စကားကို လိုက်နာ၏၊ ဆုံးမတိုင်း လိုက်နာ၍ ပြု၏၊ ထိုအခါ ထိုတောဆင်ရိုင်းကို ဆင်ဆရာ သည် ”အိုဆင်မင်း ရှေ့သို့ တက်လော့၊ အို ဆင်မင်း နောက်သို့ ဆုတ်လော့”ဟု တစ်ဆင့်တက်၍ အတတ် ကို သင်စေ၏။ အဂ္ဂိဝေဿန အကြင်အခါ၌ တောဆင်ရိုင်းသည် ဆင်ဆရာ၏ ရှေ့သို့ တက်လော့၊ နောက် သို့ ဆုတ်လော့ဟူသော စကားကို လိုက်နာ၏၊ ဆုံးမတိုင်း လိုက်နာ၍ပြု၏၊ ထိုအခါ ထိုတောဆင်ရိုင်းကို ဆင်ဆရာသည် ”အိုဆင်မင့်းထလော့၊ အိုဆင်မင်း ထိုင်လော့”ဟု တစ်ဆင့်တက်၍ အတတ်ကို သင်စေ၏။
အဂ္ဂိဝေဿန အကြင်အခါ၌ တောဆင်ရိုင်းသည် ဆင်ဆရာ၏ ထလော့၊ ထိုင်လော့ဟူသော စကားကို လိုက်နာ၏၊ ဆုံးမတိုင်း လိုက်နာ၍ ပြု၏၊ ထိုအခါ၌ ထိုတောဆင်ရိုင်းကို ဆင်ဆရာသည် တစ်ဆင့်တက်၍ မတုန်မလှုပ်သည်၏ အဖြစ်မည်သော အတတ်ကို သင်ကြား၏၊ ထိုတောဆင်ရိုင်း၏ နှာမောင်း၌ ကြီးစွာ သော ပျဉ်ချပ်ကို ဖွဲ့ချည်လေ၏။ ချွန်းကိုင်သော ယောက်ျားသည်လည်း လည်ကုပ်ထက်၌ ထိုင်၏။ ထက်ဝန်းကျင်မှလည်း ချွန်းကိုင်ကုန်သော ယောက်ျားတို့သည် ခြံရံ၍ တည်ကုန်၏။ ဆင်ဆရာသည် ရှည်စွာသော အရိုးတပ်သော ချွန်းကိုကိုင်ပြီးလျှင် ရှေ့တည့်တည့်၌ တည်၏။ ထိုတောဆင်ရိုင်းသည် မတုန်လှုပ်သည်၏ အဖြစ်ဟူသော အတတ်ကို သင်ကြားသည်ရှိသော် ရှေ့ခြေတို့ကို မလှုပ်စေ၊ နောက်ခြေ တို့ကို မလှုပ်စေ၊ ရှေ့ပိုင်းကိုယ်ကို မလှုပ်စေ၊ နောက်ပိုင်းကိုယ်ကို မလှုပ်စေ၊ ဦးခေါင်းကို မလှုပ်စေ၊ နားတို့ကို မလှုပ်စေ၊ အစွယ်တို့ကို မလှုပ်စေ၊ အမြီးကို မလှုပ်စေ၊ နှာမောင်းကို မလှုပ်စေ၊ ထိုတော ဆင်ရိုင်းသည် လှံဖြင့်ထိုးခြင်းတို့ကိုလည်းကောင်း၊ သန်လျက်ဖြင့် ခုတ်ခြင်းတို့ကိုလည်းကောင်း၊ မြားမှန်ခြင်း တို့ကိုလည်းကောင်း၊ သလွဲတံ (အတောင်တပ်သောမြား) မှန်ခြင်းတို့ကိုလည်းကောင်း စည်ကြီးသံ ထက်စည်သံ ပြွေနှဲသံ ခရုသင်းသံ စည်ပုတ်သံ ပဲ့တင်သံတို့ကိုလည်းကောင်း သည်းခံနိုင်၏၊ အလုံးစုံသော ကောက်ကျစ်စဉ်းလဲခြင်းဟူသော အပြစ်မှ ကင်းခြင်း ခြုတ်ခြယ်ခြင်းဟူသော အပြစ်ကို ပယ်ခြင်းရှိ၍ မင်းအား ထိုက်တန်သည် မင်းသုံးဆောင်ထိုက်သည် ဖြစ်၍ မင်း၏ အသုံးအဆောင် အင်္ဂါဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
၂၁၈။ အဂ္ဂိဝေဿန ဤဥပမာအတူသာလျှင် လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော ကောင်းသောစကားကို ဆိုတော်မူတတ်သော လောကသုံးပါးကို သိတော်မူသော ဆုံးမ ထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော နတ်လူတို့၏ ဆရာဖြစ်တော်မူသော (သစ္စာ လေးပါးတရားတို့ကို) သိစေတော်မူသော ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွ မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤလောကကိုလည်း ကောင်း (သာသနာအတွင်းအပဖြစ်သော) သမဏ ဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့် တကွသော သတ္တဝါအပေါင်းကိုလည်းကောင်း ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော် မူ၏။
ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက် နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကြားတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း သူကြွယ်သား သည်လည်းကောင်း၊ အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သော သူသည်လည်းကောင်း ကြားနာရ၏၊ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍ မြတ်စွာဘုရား၌ ယုံကြည်မှု ‘သဒ္ဓါ’ ကို ရ၏၊ ထိုသူသည် ယုံကြည်မှု ‘သဒ္ဓါ’ ကို ရခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏ ”လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်းဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေသော သူသည် ဤမြတ်သောအကျင့်ကို စင်စစ် ပြည့်စုံစွာ စင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့် တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်းသို့ ဝင်ရောက်ရမူ ကောင်းလေစွ”ဟု (ဆင်ခြင်၏)။
ထိုသူသည် နောက်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ များသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ နည်းသော ဆွေမျိုးစုကို စွန့် ၍ဖြစ်စေ၊ များသောဆွေမျိုးစုကို စွန့်၍ဖြစ်စေ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်းသို့ ဝင်ရောက်၏၊ အဂ္ဂိဝေဿန့ဤမျှ အတိုင်းအရှည်ဖြင့် အရိယာဖြစ်သော တပည့်သည် လွင်တီးပြင်သို့ ရောက်၏။
အဂ္ဂိဝေဿန ဤကာမဂုဏ်ငါးပါးတို့၌ နတ်လူတို့သည် တပ်မက်တွယ်တာကုန်၏၊ ထိုပုဂ္ဂိုလ်ကို မြတ်စွာဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏-”ရဟန်း လာလော့၊ သင်သည် သီလရှိလော့၊ ပါတိမောက္ခ သံဝရသီလကို စောင့်ထိန်းလျက် နေလော့၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့်ပြည့်စုံ၍ နေလော့၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ နေလော့၊ သိက္ခာပုဒ် တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်လော့”ဟု (ဆုံးမ၏)။
အဂ္ဂိဝေဿန အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက်နေ၏၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့်ပြည့်စုံ၍ နေ၏၊ အနည်းငယ်မျှ သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ထိုပုဂ္ဂိုလ်ကို မြတ်စွာဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ ”ရဟန်း လာလော့၊ သင်သည် ဣနြေ္ဒတို့၌ ပိတ်ထားသော တံခါးရှိလော့၊ မျက်စိဖြင့် အဆင်း ‘ရှုပါရုံ’ ကို မြင်သော် ယောက်ျား မိန်းမဟူသော အာရုံ တို့ကို မယူလင့်။ပ။ [ဂဏက မောဂ္ဂလ္လာနသုတ်နှင့်အတူ ချဲ့လေ]။
၂၁၉။ ထိုပုဂ္ဂိုလ်သည် စိတ်၏ ညစ်နွမ်းကြောင်း ဖြစ်ကုန်သော ပညာ၏ အားနည်းခြင်းကို ပြု တတ်ကုန်သော ဤငါးပါးသော နီဝရဏတို့ကို ပယ်၍ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည် ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာ ဟူသော လောက၌ လိုချင်တပ်မက်ခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှု လေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ကိလေသာကို ပူပန်စေတက်သော လုံ့လရှိသည် ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည် ဖြစ်၍ သတိရှိသည် ဖြစ်၍ ဥပါဒါနက္ခန္ဓာ ဟူသော လောက၌ လိုချင်တပ်မက် ခြင်း ‘အဘိဇ္ဈာ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
အဂ္ဂိဝေဿန ဥပမာအားဖြင့် ဆင်ဆုံးမတတ်သော ဆရာသည် ကြီးစွာသောတိုင်ကို မြေ၌ တူးစိုက်၍ တော၌ဖြစ်ကုန်သော အလေ့တို့ကို နှိပ်နင်းခြင်းအကျိုးငှါလည်းကောင်း၊ တော၌ဖြစ်ကုန်သော ညှဉ်းဆဲခြင်း အကြံအစည်တို့ကို နှိပ်နင်းခြင်းအကျိုးငှါလည်းကောင်း၊ တော၌ဖြစ်ကုန်သော ပူပန်ခြင်း ပင်ပန်းခြင်း ပူလောင်ခြင်းတို့ကို နှိပ်နင်းခြင်းအကျိုး ငှါလည်းကောင်း၊ ရွာနီး၌ အလွန်မွေ့လျော်ခြင်းငှါလည်းကောင်း၊ လူတို့နှစ်သက်အပ်ကုန်သော အလေ့အကျင့်တို့၌ ဆောက်တည်စေခြင်းငှါလည်းကောင်း တောဆင်ရိုင်း၏ လည်၌ တွဲကပ်၍ချည်သကဲ့သို့ အဂ္ဂိဝေဿန ဤဥပမာအတူသာလျှင် အရိယာဖြစ်သော တပည့်အား ကာမဂုဏ်ဟူသောအိမ်၌ မှီကုန်သော အလေ့တို့ကို နှိပ်နင်းခြင်း အကျိုးငှါလည်းကောင်း၊ ကာမဂုဏ်ဟူ သော အိမ်၌ မှီကုန်သော ညှဉ်းဆဲခြင်း အကြံအစည်တို့ကို နှိပ်နင်းခြင်းအကျိုးငှါလည်းကောင်း၊ ကာမဂုဏ် ဟူသော အိမ်၌ မှီကုန်သော ပူပန်ခြင်း ပင်ပန်းခြင်း ပူလောင်ခြင်းတို့ကို နှိပ်နင်းခြင်းအကျိုးငှါလည်း ကောင်း၊ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ရခြင်းအကျိုးငှါလည်းကောင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း အကျိုးငှါလည်းကောင်း ဤသတိပဋ္ဌာန်လေးပါးတို့ကို စိတ်၌ ဖွဲ့ချည်ထားအပ်ကုန်၏။
၂၂ဝ။ ထိုပုဂ္ဂိုလ်ကို မြတ်စွာဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ ”ရဟန်း လာလော့၊ သင်သည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေလော့၊ ကာမဂုဏ်နှင့်စပ်သော ကြံစည် ခြင်း ‘ဝိတက်’ကို မကြံစည်လင့်။ ဝေဒနာတို့၌။ စိတ်၌။ သဘောတရားတို့၌ သဘောတရားဟု အကြိမ် ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေလော့၊ ကာမဂုဏ်နှင့် စပ်သော ကြံစည်ခြင်း ‘ဝိတက်’ ကို မကြံစည်လင့်”ဟု (ဆုံးမ၏)။ ထိုပုဂ္ဂိုလ်သည် ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’ တို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း ‘သမာဓိ’ ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’မရှိသော တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သက်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့။ တတိယဈာန်သို့။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။
ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၍သိသော ‘ပုဗ္ဗေနိဝါသာ နုဿတိ’ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှု ညွတ်စေ၏၊ ထိုရဟန်းသည် များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာ အစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့် တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။
၂၂၁။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ် ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော ‘စုတူပပါတ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိ ထက် သာလွန်သော နတ်တို့၏ မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။
ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုရဟန်းသည် အာသဝေါတရားတို့ကို ကုန်စေတတ်သော ‘အာသဝက္ခယ’ ဉာဏ်အလို့ ငှါ စိတ်ကို ရှေးရှု ညွတ်စေ၏၊ ထိုရဟန်းသည် ‘ဤကား ဆင်းရဲ’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ‘ဤကား ဆင်းရဲဖြစ်ပေါ် ခြင်း၏အကြောင်း’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ‘ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ‘ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း အကျင့်’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ‘ဤသည်တို့ကား အာသဝေါတရားတို့’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ‘ဤကား အာသဝေါတရားတို့ ဖြစ်ပေါ်ခြင်းအကြောင်း’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ‘ဤကား အာသဝေါတရားတို့၏ ချုပ်ရာ (နိဗ္ဗာန်)’ဟုဟုတ်မှန်သော အတိုင်း သိ၏။ ‘ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်း အကျင့်’ဟုဟုတ်မှန်သော အတိုင်းသိ၏၊ ဤသို့ သိသော ဤသို့ မြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးလတ်သော် ”လွတ်မြောက်လေပြီ”ဟု အသိဉာဏ်ဖြစ် ပေါ်၏၊ ”ပဋိသန္ဓေနေမူကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ”ဟု သိ၏။
ထိုရဟန်းသည် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် ယင် နေပူ မြွေ ကင်း သန်း အတွေ့တို့ကို သည်းခံနိုင်၏၊ မကောင်းသဖြင့် ဆိုအပ်ကုန်သော မကောင်းသဖြင့် ရောက်လာ ကုန်သော စကားတို့ကိုလည်း သည်းခံနိုင်၏၊ ကိုယ်၌ ဖြစ်ဆဲဖြစ်ကုန်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်မြို့ဖွယ်ဖြစ်သော အသက်ကို ဆောင်နိုင်သော ဆင်းရဲဝေဒနာတို့ကိုလည်း သည်းခံနိုင် ခြင်းသဘော ရှိ၏၊ အလုံးစုံသော ရာဂ ဒေါသ မောဟမှ ကင်းခြင်း, ညှဉ်းဆဲခြင်း ဟူသော အပြစ်ကို ပယ်စွန့်ခြင်း ရှိ၏၊ အဝေးမှ ဆောင်ယူသော အလှူကို ခံထိုက်၏၊ ဧည့်သည်အတွက် ရည်မှန်းထားသော အလှူကို ခံထိုက်၏၊ မြတ်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီမိုး ရှိခိုးထိုက်၏၊ လူအပေါင်း၏့အတုမရှိ မြတ်သော ကောင်းမူတည်းဟူသော မျိုးစေ့တို့ စိုက်ပျိုးရာ လယ်မြေနှင့် တူ၏။
၂၂၂။ အဂ္ဂိဝေဿန မင်း၏ ဆင်ကြီးသည် မယဉ်ကျေးဘဲ မဆုံးမအပ်ဘဲ အကယ်၍ သေအံ့၊ ဤသို့ သေသော် မင်း၏ ဆင်ကြီးသည် မယဉ်ကျေးဘဲ စုတေသေလွန်သည်သာတည်းဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ အဂ္ဂိဝေဿန မင်း၏ ဆင်လတ်သည်။ အဂ္ဂိဝေဿန မင်း၏ ဆင်ငယ်သည် မယဉ်ကျေးဘဲ မဆုံးမအပ်ဘဲ အကယ်၍ သေအံ့၊ ဤသို့သေသော် မင်း၏ ဆင်ငယ်သည် မယဉ်ကျေးဘဲ စုတေသေလွန် သည်သာတည်းဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
အဂ္ဂိဝေဿန ဤဥပမာ အတူသာလျှင် မထေရ်ကြီးဖြစ်သော ရဟန်းသည် အာသဝေါမကုန်ခန်းဘဲ အကယ်၍ သေအံ့၊ ဤသို့သေသည်ရှိသော် မထေရ်ကြီးဖြစ်သော ရဟန်းသည် မယဉ်ကျေးဘဲ သေခြင်းဖြင့် သေသည်သာတည်းဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ အဂ္ဂိဝေဿန အလတ်ဖြစ်သော ရဟန်းသည်။ အဂ္ဂိဝေဿန သီတင်းငယ်ဖြစ်သော ရဟန်းသည် အာသဝေါမကုန်ခန်းဘဲ အကယ်၍ သေအံ့၊ ဤသို့ သေသည်ရှိသော် သီတင်းငယ်ဖြစ်သော ရဟန်းသည် မယဉ်ကျေးဘဲ သေခြင်းဖြင့် သေသည်သာတည်းဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
အဂ္ဂိဝေဿန မင်း၏ ဆင်ကြီးသည် ကောင်းစွာ ယဉ်ကျေးသည်ဖြစ်၍ ကောင်းစွာ ဆုံးမအပ်သည် ဖြစ်၍ အကယ်၍ သေအံ့၊ ဤသို့ သေသော် မင်း၏ ဆင်ကြီးသည် ယဉ်ကျေးစွာ သေခြင်းဖြင့် စုတေ သေလွန်သည်သာတည်းဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ အဂ္ဂိဝေဿန မင်း၏ ဆင်လတ်သည်။ အဂ္ဂိဝေဿန မင်း၏ ဆင်ငယ်သည် ကောင်းစွာ ယဉ်ကျေးသည်ဖြစ်၍ ကောင်းစွာ ဆုံးမအပ်သည်ဖြစ်၍ အကယ်၍ သေအံ့၊ ဤသို့ သေသော် မင်း၏ ဆင်ငယ်သည် ယဉ်ကျေးစွာ သေခြင်းဖြင့် စုတေသေလွန် သည်သာတည်းဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။
အဂ္ဂိဝေဿန ဤဥပမာအတူသာလျှင် မထေရ်ကြီးဖြစ်သော ရဟန်းသည် အာသဝေါကုန်ခန်းသည် ဖြစ်၍ အကယ်၍ သေအံ့၊ ဤသို့ သေသော် မထေရ်ကြီးဖြစ်သော ရဟန်းသည် ယဉ်ကျေးစွာ သေခြင်းဖြင့် သေသည်သာတည်းဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ အဂ္ဂိဝေဿန အလတ်ဖြစ်သော ရဟန်းသည်။ အဂ္ဂိဝေဿန သီတင်းငယ်ဖြစ်သော ရဟန်းသည် အာသဝေါကုန်ခန်းသည်ဖြစ်၍ အကယ်၍ သေအံ့၊ ဤသို့ သေသော် သီတင်းငယ်ဖြစ်သော ရဟန်းသည် ယဉ်ကျေးစွာ သေခြင်းဖြင့် သေသည်သာတည်းဟု ခေါ်ဝေါ် ခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၏၊ အစိရဝတ သာမဏေသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။
ငါးခုမြောက် ဒန္တဘူမိသုတ် ပြီ၏။