သန ၅.၃: ကိသာဂေါတမီသုတ်

၁၆၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ကိသာဂေါတမီဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်လေ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံဝင်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ပြီးလျှင် အန္ဓဝန်တောသို့ နေ့သန့်စင်ခြင်းငှါ ချဉ်းကပ်၍ အမှတ်မရှိ သော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ကိသာဂေါတမီဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်း သမာဓိမှ ရွေ့လျောစေလို၍လည်းကောင်း ကိသာဂေါတမီဘိက္ခုနီမထံသို့ ချဉ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏-

”အသျှင်မ သင်သည် သားသေသော သူကဲ့သို့ ငိုသော မျက်နှာရှိသည် ဖြစ်၍ အဘယ့်ကြောင့် တစ်ယောက်တည်း နေရသနည်း၊ တစ်ယောက်တည်း တောကြီး အလယ်သို့ ရောက်လာသည်ကား ယောက်ျားကို ရှာသလော”ဟု ရွတ်ဆို၏။

ထိုအခါ၌ ကိသာဂေါတမီဘိက္ခုနီမအား ”ဂါထာကို ရွတ်ဆိုသူသည် အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဉ်းစား၏၊ ”ဤသူသည် ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ် လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျောစေ လို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏”ဟု အကြံ ဖြစ်၏၊ ထိုအခါ ကိသာဂေါတမီဘိက္ခုနီမသည် ”ဤသူ ကား မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ပြန်ပြော၏-

”အချင်းမာရ်နတ် ငါသည် သေခြင်းမှလည်း လွန်မြောက်ပြီ၊ ယောက်ျားကို ရှာခြင်းမှလည်း ဤအတူ လွန်မြောက်ပြီ၊ ငါသည်မူကား မစိုးရိမ်၊ မငိုကြွေး၊ သင့်ကို မကြောက်။

အလုံးစုံသော ခန္ဓာစသည်တို့၌ နှစ်သက်မှု ကင်းပြီ၊ (အဝိဇ္ဇာတည်းဟူသော) အမိုက်တိုက်ကို ဖျက်ဆီးအပ်ပြီ၊ သေမင်း၏ စစ်သည်ကို အောင်ပြီး၍ အာသဝေါ ကင်းလျက် ငါ နေ၏”ဟု (ပြန်ပြော၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် ”ကိသာဂေါတမီဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။