၁. အသျှင်မ ”သက္ကာယ သက္ကာယ ဟု ဆို၏၊ အသျှင်မ အဘယ်ကို သက္ကာယဟု မြတ်စွာဘုရားဟောထားပါသနည်း” ဟု (လျှောက်၏)။
ဒါယကာဝိသာခ ဤဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ် ခန္ဓာ) ငါးပါးတို့ကို သက္ကာယဟု မြတ်စွာဘုရားဟောတော်မူ၏။
အဘယ်ငါးပါးတို့နည်း ဟူမူ- ရူပုပါဒါနက္ခန္ဓာ (ရုပ်ဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ ဝေဒနုပါဒါနက္ခန္ဓာ (ခံစားမှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ သညုပါဒါနက္ခန္ဓာ (မှတ်သားမှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ သင်္ခါရုပါဒါနက္ခန္ဓာ (ပြုစီရင်မှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)၊ ဝိညာဏုပါဒါနက္ခန္ဓာ (အထူးသိမှုဟူသော စွဲလမ်းဖွယ်ခန္ဓာ)တို့တည်း။ ဒါယကာဝိသာခ ဤဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ်ခန္ဓာ) ငါးပါးတို့ကို သက္ကာယဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။
၂. ”အသျှင်မ သက္ကာယဖြစ်ပေါ်ကြောင်း သက္ကာယဖြစ်ပေါ်ကြောင်းဟု ဆို၏၊ အသျှင်မ အဘယ်ကိုသက္ကာယ ဖြစ်ပေါ်ကြောင်းဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။
ဒါယကာဝိသာခ တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်စွန်းမှု ‘နန္ဒီရာဂ’ နှင့် တစ်ကွဖြစ်သော ထိုထိုဘုံဘဝ၌ အလွန်နှစ်သက်တတ်သော ကာမဂုဏ်ကို တပ်မက်မှု ‘ကာမတဏှာ’၊ ဘုံဘဝကိုတပ်မက်မှု ‘ဘဝ တဏှာ’၊ ဘုံဘဝကင်းပြတ်မှုကို တပ်မက်မှု ‘ဝိဘဝတဏှာ’၊ ဤတပ်မက်မှု ‘တဏှာ’ကိုသက္ကာယဖြစ်ပေါ်ကြောင်းဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။
၃. ”အသျှင်မ သက္ကာယချုပ်ရာ, သက္ကာယချုပ်ရာဟု ဆို၏၊ အသျှင်မ အဘယ်ကို သက္ကာယချုပ်ရာဟုမြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။
ဒါယကာဝိသာခ ထိုတပ်မက်မှု ‘တဏှာ’၏သာလျှင် အကြွင်းမဲ့ တပ်စွန်းခြင်းကင်းသောအားဖြင့် ချူပ်ရာ,စွန့်လွှတ်ရာ, တစ်ဖန်စွန့်လွှတ်ရာ, လွတ်မြောက်ရာ, တွယ်တာကပ်ငြိမှုမရှိရာ (နိဗ္ဗာန်) ကို သက္ကာယချုပ်ရာဟု မြတ်စွာဘုရား ဟောတော်မူ၏ဟု (မိန့်ဆို၏)။
၎. ”အသျှင်မ သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်, သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဟု ဆို၏။ အသျှင်မ အဘယ်ကို သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း” ဟု (လျှောက်၏)။
ဒါယကာဝိသာခ ဤမြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကိုပင်လျှင် သက္ကာယချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ဟု မြတ်စွာဘုရား ဟောတော်မူ၏။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’၊ မှန်သောအကြံအစည် ‘သမ္မာသင်္ကပ္ပ’၊ မှန်သောစကား ‘သမ္မာဝါစာ’၊ မှန်သောအမှု ‘သမ္မာကမ္မန္တ’၊ မှန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ပေတည်းဟု (မိန့်ဆို၏)။
၅. ”အသျှင်မ အဘယ်သို့ သက္ကာယဒိဋ္ဌိ ဖြစ်သနည်း” ဟု (လျှောက်၏)။
ဒါယကာဝိသာခ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင် သော,အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်း တရား၌မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော, အကြားအမြင်မရှိသော ပုထုဇဉ် သည်…
ရုပ်ကို အတ္တဟု ရှု၏၊ ရုပ်ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ရုပ်ဟုလည်း ကောင်း၊ ရုပ်၌ အတ္တဟုလည်းကောင်း ရှု၏။
ခံစားမူ ‘ဝေဒနာ’ကို အတ္တဟု ရှု၏၊ ခံစားမူ ‘ဝေဒနာ’ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ခံစားမူ ‘ဝေဒနာ’ဟုလည်း ကောင်း၊ ခံစားမူ ‘ဝေဒနာ’၌ အတ္တဟုလည်းကောင်း ရှု၏။
မှတ်သားမှု ‘သညာ’ ကို အတ္တဟု ရှု၏၊ မှတ်သားမှု ‘သညာ’ ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ မှတ်သားမှု ‘သညာ’ ဟုလည်း ကောင်း၊ မှတ်သားမှု ‘သညာ’ ၌ အတ္တဟုလည်းကောင်း ရှု၏။
ပြုစီရင်မှု ‘သင်္ခါရ’ကို အတ္တဟု ရှု၏၊ ပြုစီရင်မှု ‘သင်္ခါရ’ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ ပြုစီရင်မှု ‘သင်္ခါရ’ဟုလည်း ကောင်း၊ ပြုစီရင်မှု ‘သင်္ခါရ’၌ အတ္တဟုလည်းကောင်း ရှု၏။
အထူးသိမှု ‘ဝိညာဉ်’ကို အတ္တဟု ရှု၏၊ အထူးသိမှု ‘ဝိညာဉ်’ရှိသော အတ္တဟုလည်းကောင်း၊ အတ္တ၌ အထူးသိမှု ‘ဝိညာဉ်’ဟုလည်း ကောင်း၊ အထူးသိမှု ‘ဝိညာဉ်’၌ အတ္တဟုလည်းကောင်း ရှု၏။
ဝိသာခ ဤသို့လျှင် သက္ကာယဒိဋ္ဌိ ဖြစ်၏ဟု (မိန့်ဆို၏)။ (မန ၄၄)
၅.၁ ရဟန်းတို့ အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ကာလ မခြားဘဲ အာသဝေါတရားတို့ ကုန်သနည်းဟူမူ-
ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော,သူတော်ကောင်းတရား၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို (ခံစားမူ ‘ဝေဒနာ’ကို/ မှတ်သားမှု ‘သညာ’ ကို/ ပြုစီရင်မှု ‘သင်္ခါရ’ကို/ အထူးသိမှု ‘ဝိညာဉ်’ကို) အတ္တဟု ရှု၏၊ ရဟန်းတို့ ထိုရှုမှုသည် သင်္ခါရဖြစ်၏။
၅.၂ ထိုသင်္ခါရသည် အဘယ်လျှင် အကြောင်းနိဒါန်းရှိသနည်း၊ အဘယ်လျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။
ရဟန်းတို့ အဝိဇ္ဇာနှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ဝေဒနာဖြင့်တွေ့ထိ အပ်သော, အကြားအမြင်မရှိသော ပုထုဇဉ်အား တဏှာသည် ဖြစ်ပေါ်၏၊ ထိုသင်္ခါရသည်ထိုတဏှာကြောင့် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ထိုသင်္ခါရသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုတဏှာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုဝေဒနာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ရဟန်းတို့ ဤသို့ သိသူ ဤသို့ မြင်သူအားလည်း ကာလ မခြားဘဲအာသဝေါတရားတို့ ကုန်မှု ဖြစ်၏ဟု (မိန့်တော်မူ၏)။ (သန ၂၂.၈၁)
၆. ”အသျှင်မ အဘယ်သို့လျှင် သက္ကာဒိဋ္ဌိ မဖြစ်သနည်း” ဟု (လျောက်၏)။
ဒါယကာဝိသာခ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော,အရိယာတရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော သူတော်ကောင်းတရား၌ကျွမ်းကျင်သော သူတော်ကောင်းတရား၌ ယဉ်ကျေးသော, အကြားအမြင်ရှိသော မြတ်စွာဘုရား၏ တပည့်သာဝကသည်…
ရုပ်ကို အတ္တဟု မရှု၊ (ကြွင်းခန္ဓာကို) ရုပ်ရှိသော အတ္တဟု မရှု၊ အတ္တ၌ ရုပ်ဟု မရှု၊ ရုပ်၌အတ္တဟု မရှု။
ခံစားမူ ‘ဝေဒနာ’ကို အတ္တဟု မရှု၊ ခံစားမူ ‘ဝေဒနာ’ရှိသော အတ္တဟု မရှု၊ အတ္တ၌ ခံစားမူ ‘ဝေဒနာ’ဟု မရှု၊ ခံစားမူ ‘ဝေဒနာ’၌အတ္တဟု မရှု။
မှတ်သားမှု ‘သညာ’ ကို အတ္တဟု မရှု၊ မှတ်သားမှု ‘သညာ’ ရှိသော အတ္တဟု မရှု၊ အတ္တ၌ မှတ်သားမှု ‘သညာ’ ဟု မရှု၊ မှတ်သားမှု ‘သညာ’ ၌အတ္တဟု မရှု။
ပြုစီရင်မှု ‘သင်္ခါရ’ကို အတ္တဟု မရှု၊ ပြုစီရင်မှု ‘သင်္ခါရ’ ရှိသော အတ္တဟု မရှု၊ အတ္တ၌ ပြုစီရင်မှု ‘သင်္ခါရ’ဟု မရှု၊ ပြုစီရင်မှု ‘သင်္ခါရ’၌အတ္တဟု မရှု။
အထူးသိမှု ‘ဝိညာဉ်’ကို အတ္တဟု မရှု၊ အထူးသိမှု ‘ဝိညာဉ်’ရှိသော အတ္တဟု မရှု၊ အတ္တ၌ အထူးသိမှု ‘ဝိညာဉ်’ဟု မရှု၊ အထူးသိမှု ‘ဝိညာဉ်’၌အတ္တဟု မရှု။
ဒါယကာဝိသာခ ဤသို့လျှင် သက္ကာယဒိဋ္ဌိ မဖြစ်ဟု (မိန့်ဆို၏)။ (မန ၄၄)