အရိယမဂ် ရှစ်ပါး နှင့် ထူးသောဉာဏ် (အဘိညာ)

8 Fold path connection smallဤသို့ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်ကို ပွါးစေသော ထိုပုဂ္ဂိုလ်အား လေးပါးသော သတိ ပဋ္ဌာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော သမ္မပ္ပဓာန်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ လေးပါးသော ဣဒ္ဓိပါဒ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဣနြေ္ဒတို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ငါးပါးသော ဗိုလ်တို့သည်လည်း ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့သည်လည်း ဘာဝနာ့ပြည့်စုံခြင်းသို့ ရောက်ကုန်၏။
ထိုပုဂ္ဂိုလ်အား သမထ ဝိပဿနာဟူသော ဤနှစ်ပါးသော တရားတို့သည် အစုံတွဲ၍ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပိုင်းခြား၍ သိ၏။ ထူးသောဉာဏ်ဖြင့် ပယ်အပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပယ်၏။ ထူးသောဉာဏ်ဖြင့် ပွါးအပ်သော တရားတို့ကို ထူးသောဉာဏ်ဖြင့် ပွါး၏။ ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား တို့ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၏။ (မန ၁၄၉)

ရဟန်းတို့ ဥပမာသော်ကား ဧည့်သည်တို့ တည်းခိုရာအိမ်၌ အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း လာ၍တည်းခို နေကြကုန်၏။ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ ကုန်သည်တို့သည်လည်းကောင်း၊ ဆင်းရဲသားတို့သည်လည်းကောင်း လာ၍ တည်းခိုနေကြကုန်၏။ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွားများသည်ရှိသော်အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍သိအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပိုင်း ခြား၍ သိ၏၊ ထူးသော ဉာဏ်ဖြင့်ပယ်စွန့်အပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပယ်စွန့်၏၊ ထူး သော ဉာဏ်ဖြင့်မျက်မှောက်ပြုအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၏၊ ထူးသော ဉာဏ်ဖြင့်ပွါးများအပ်သော တရားတို့ကို ထူးသော ဉာဏ်ဖြင့် ပွါးများ၏။

၁. ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်သော တရားတို့ကား အဘယ်တို့နည်း၊
ဥပါဒါနက္ခန္ဓာ ငါးပါးတို့တည်းဟု ဖြေဆိုရာ၏။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ဟူသည် အဘယ်နည်း၊ ရူပုပါဒါနက္ခန္ဓာ (စွဲလန်းဖွယ် ရုပ် ခန္ဓာ)၊ ဝေဒနုပါဒါနက္ခန္ဓာ (စွဲလန်းဖွယ် ဝေဒနာ ခန္ဓာ)၊ သညုပါဒါနက္ခန္ဓာ (စွဲလန်းဖွယ် သညာ ခန္ဓာ)၊ သင်္ခါရုပါဒါနက္ခန္ဓာ (စွဲလန်းဖွယ် သင်္ခါရတို့ ခန္ဓာ)၊ ဝိညာဏုပါဒါနက္ခန္ဓာ (စွဲလန်းဖွယ် ဝိညာဏ် ခန္ဓာ)တို့တည်း။ ရဟန်းတို့ ဤတရားငါးပါးတို့ကို ထူးသော ဉာဏ်ဖြင့် ပိုင်းခြား၍ သိအပ်ကုန်၏။

၂. ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ပယ်စွန့်အပ်သော တရားတို့ကား အဘယ်တို့နည်း၊
အဝိဇ္ဇာနှင့်ဘဝတဏှာတို့တည်း။ ရဟန်းတို့ ဤတရားတို့ကို ထူးသော ဉာဏ်ဖြင့် ပယ်စွန့်အပ်ကုန်၏။ (သန ၄၅.၁၅၉)

၂.၁ ရဟန်းတို့ အဝိဇ္ဇာကိုလည်း အကြောင်းနှင့် တကွ ဖြစ်၏ဟု ငါဆို၏။ အကြောင်းမရှိဟု ငါမဆို။ အဝိဇ္ဇာ၏ အကြောင်းကား အဘယ်နည်း၊
”နီဝရဏငါးပါးတို့တည်း”ဟု ဆိုအပ်ရာ၏။

၂.၂ ရဟန်းတို့ နီဝရဏငါးပါးတို့ကိုလည်း အကြောင်းနှင့်တကွ ဖြစ်ကုန်၏ဟု ငါဆို၏၊ အကြောင်းမရှိကုန်ဟု ငါမဆို။ နီဝရဏငါးပါးတို့၏ အကြောင်းကား အဘယ်နည်း၊
”ဒုစရိုက်သုံးပါးတို့တည်း”ဟု ဆိုအပ်ရာ၏။

၂.၃ ရဟန်းတို့ ဒုစရိုက်သုံးပါးတို့ကိုလည်း အကြောင်းနှင့်တကွ ဖြစ်ကုန်၏ဟု ငါဆို၏၊ အကြောင်းမရှိကုန်ဟု ငါမဆို။ ဒုစရိုက်သုံးပါးတို့၏ အကြောင်းကား အဘယ်နည်း၊
”ဣနြေ္ဒကို မစောင့်စည်းမှုတည်း”ဟု ဆိုအပ်ရာ၏။

၂.၄ ရဟန်းတို့ ဣနြေ္ဒကို မစောင့်စည်းမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ ဣနြေ္ဒကို မစောင့်စည်းမှု၏ အကြောင်းကား အဘယ်နည်း၊
”သတိမရှိမှု ဆင်ခြင်ဉာဏ် မရှိမှုတည်း”ဟု ဆိုအပ်ရာ၏။

၂.၅ ရဟန်းတို့ သတိမရှိမှု ဆင်ခြင်ဉာဏ် မရှိမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ သတိမရှိမှု ဆင်ခြင်ဉာဏ် မရှိမှု၏ အကြောင်းကား အဘယ်နည်း၊
”မသင့်မတင့် နှလုံးသွင်းမှုတည်း”ဟု ဆိုအပ်ရာ၏။

၂.၇ ရဟန်းတို့ မသင့်မတင့် နှလုံးသွင်းမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ မသင့်မတင့် နှလုံးသွင်းမှု၏ အကြောင်းကား အဘယ်နည်း၊
”မယုံကြည်မှုတည်း”ဟု ဆိုအပ်ရာ၏၊

၂.၈ ရဟန်းတို့ မယုံကြည်မှုကိုလည်း အကြောင်း နှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ မယုံကြည်မှု၏ အကြောင်းကား အဘယ်နည်း၊
”သူတော်ကောင်းတရားကို မနာကြားမှုတည်း”ဟု ဆိုအပ်ရာ၏။

၂.၉ ရဟန်းတို့ သူတော်ကောင်းတရားကို မနာကြားမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ သူတော်ကောင်း တရားကို မနာကြားမှု၏ အကြောင်းကား အဘယ်နည်း၊
”သူတော်ကောင်းတို့ကို မမှီဝဲမှုတည်း”ဟု ဆိုအပ်ရာ၏။ (အန ၁၀.၆၁)

၃. ရဟန်းတို့ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရားတို့ကား အဘယ်တို့နည်း၊
ဝိဇ္ဇာနှင့် ဝိမုတ္တိတို့တည်း။ ရဟန်းတို့ ဤတရားတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်ကုန်၏။

၎. ရဟန်းတို့ ထူးသော ဉာဏ်ဖြင့် ပွါးများအပ်သော တရားတို့ကား အဘယ်တို့နည်း၊
သမထနှင့် ဝိပဿနာတရားတို့တည်း။ ရဟန်းတို့ဤတရားတို့ကို ထူးသော ဉာဏ်ဖြင့် ပွါးများအပ်ကုန်၏။ (သန ၄၅.၁၅၉)