အဝိဇ္ဇာ

Ignorance Small၁. ငါ့သျှင်တို့ မသိမှု ‘အဝိဇ္ဇာ’ ဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ ဆင်းရဲ ‘ဒုက္ခ’ ၌ မသိမှု၊ ဆင်းရဲဖြစ်ကြောင်း၌ မသိမှု၊ ဆင်းရဲ ချုပ်ငြိမ်းခြင်း၌ မသိမှု၊ ဆင်းရဲချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်၌ မသိမှု၊ ဤတရားသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟူ၍ ဆိုရ၏၊

၁.၁ အဝိဇ္ဇာဖြစ်ကြောင်း ဟူသည် အဘယ်နည်း၊
အာသဝေါတရားတို့ ဖြစ်ခြင်းကြောင့် မသိမှု ‘အဝိဇ္ဇာ’ဖြစ်၏၊

၁.၂ အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
အာသဝေါတရားတို့ ချုပ်ငြိမ်းခြင်း ကြောင့်မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းရ၏။

၁.၃ အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည်အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။ (မန ၉)

၂. ရဟန်းတို့ အဝိဇ္ဇာကိုလည်း အကြောင်းနှင့် တကွ ဖြစ်၏ဟု ငါဆို၏။ အကြောင်းမရှိဟု ငါမဆို။ အဝိဇ္ဇာ၏ အကြောင်းကား အဘယ်နည်း၊
”နီဝရဏငါးပါးတို့တည်း”ဟု ဆိုအပ်ရာ၏။

၂.၁ ရဟန်းတို့ နီဝရဏငါးပါးတို့ကိုလည်း အကြောင်းနှင့်တကွ ဖြစ်ကုန်၏ဟု ငါဆို၏၊ အကြောင်းမရှိကုန်ဟု ငါမဆို။ နီဝရဏငါးပါးတို့၏ အကြောင်းကား အဘယ်နည်း၊
”ဒုစရိုက်သုံးပါးတို့တည်း”ဟု ဆိုအပ်ရာ၏။

၂.၂ ရဟန်းတို့ ဒုစရိုက်သုံးပါးတို့ကိုလည်း အကြောင်းနှင့်တကွ ဖြစ်ကုန်၏ဟု ငါဆို၏၊ အကြောင်းမရှိကုန်ဟု ငါမဆို။ ဒုစရိုက်သုံးပါးတို့၏ အကြောင်းကား အဘယ်နည်း၊
”ဣနြေ္ဒကို မစောင့်စည်းမှုတည်း”ဟု ဆိုအပ်ရာ၏။

၂.၃ ရဟန်းတို့ ဣနြေ္ဒကို မစောင့်စည်းမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ ဣနြေ္ဒကို မစောင့်စည်းမှု၏ အကြောင်းကား အဘယ်နည်း၊
”သတိမရှိမှု ဆင်ခြင်ဉာဏ် မရှိမှုတည်း”ဟု ဆိုအပ်ရာ၏။

၂.၄ ရဟန်းတို့ သတိမရှိမှု ဆင်ခြင်ဉာဏ် မရှိမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ သတိမရှိမှု ဆင်ခြင်ဉာဏ် မရှိမှု၏ အကြောင်းကား အဘယ်နည်း၊
”မသင့်မတင့် နှလုံးသွင်းမှုတည်း”ဟု ဆိုအပ်ရာ၏။

၂.၅ ရဟန်းတို့ မသင့်မတင့် နှလုံးသွင်းမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ မသင့်မတင့် နှလုံးသွင်းမှု၏ အကြောင်းကား အဘယ်နည်း၊
”မယုံကြည်မှုတည်း”ဟု ဆိုအပ်ရာ၏၊

၂.၆ ရဟန်းတို့ မယုံကြည်မှုကိုလည်း အကြောင်း နှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ မယုံကြည်မှု၏ အကြောင်းကား အဘယ်နည်း၊
”သူတော်ကောင်းတရားကို မနာကြားမှုတည်း”ဟု ဆိုအပ်ရာ၏။

၂.၇ ရဟန်းတို့ သူတော်ကောင်းတရားကို မနာကြားမှုကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဆို၏၊ အကြောင်းမရှိဟု ငါမဆို။ သူတော်ကောင်း တရားကို မနာကြားမှု၏ အကြောင်းကား အဘယ်နည်း၊
”သူတော်ကောင်းတို့ကို မမှီဝဲမှုတည်း”ဟု ဆိုအပ်ရာ၏။ (အန ၁၀.၆၁)

၃. သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ တွေဝေခြင်း ‘မောဟ’ဟူသည် ရှိသလောဟု (မေး၏)။ ရှိပါသည် အသျှင်ဘုရား။ သာဠှတို့ ဤသဘောကို ‘အဝိဇ္ဇာ’ဟု ငါဆို၏။ (အန ၃.၆၇)