သန ၁၄.၁၁: သတ္တဓာတုသုတ်

၉၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဓာတ်တို့သည် ဤခုနစ်မျိုးတို့တည်း၊ အဘယ်ခုနစ်မျိုးတို့နည်း။ အရောင်အလင်း ‘အာဘာဓာတ်’၊ တင့်တယ်ခြင်းဟူသော ‘သုဘ’ဓာတ်၊ ကောင်းကင် ပညတ်လျှင် တည်ရာ ‘အာကာသာနဉ္စာယတန’ဓာတ်၊ ပဌမာရုပ္ပဝိညာဏ်လျှင် တည်ရာ ‘ဝိညာဏဉ္စာယတန’ ဓာတ်၊ ပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်း (နတ္ထိဘော) ပညတ်လျှင် တည်ရာ ‘အာကိဉ္စညာယတန’ဓာတ်၊ ရုန့်ရင်း သော သညာကား မရှိ, သိမ်မွေ့သော သညာ မရှိသည် မဟုတ်သော တည်ရာ ‘နေဝသညာနာသညာ ယတန’ဓာတ်၊ သညာဝေဒနာတို့၏ ချုပ်ခြင်း ‘သညာဝေဒယိတနိရောဓ’ဓာတ်တို့တည်း။ ရဟန်းတို့ ဓာတ်တို့သည် ဤခုနစ်မျိုးတို့တည်း။

ဤသို့ ဟောတော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ ”အသျှင်ဘုရား အရောင်အလင်း ‘အာဘာဓာတ်’၊ တင့်တယ်ခြင်းဟူသော ‘သုဘ’ဓာတ်၊ ကောင်းကင်ပညတ် လျှင် တည်ရာ ‘အာကာသာနဉ္စာယတန’ဓာတ်၊ ပဌမာရုပ္ပဝိညာဏ်လျှင် တည်ရာ ‘ဝိညာဏဉ္စာယတန’ဓာတ်၊ ပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်း (နတ္ထိဘော) ပညတ်လျှင် တည်ရာ့ ‘အာကိဉ္စညာယတန’ဓာတ်၊ ရုန့်ရင်းသော သညာကား မရှိ, သိမ်မွေ့သော သညာ မရှိသည် မဟုတ်သော တည်ရာ ‘နေဝသညာနာသညာယတန’ ဓာတ်၊ သညာဝေဒနာတို့၏ ချုပ်ခြင်း ‘သညာဝေဒယိတနိရောဓ’ဓာတ်ဟူသော ဤဓာတ်တို့သည် အဘယ်ကို စွဲ၍ ထင်ရှားပါကုန်သနည်း”ဟု (လျှောက်၏)။

ရဟန်း အရောင်အလင်း ‘အာဘာ’ဓာတ်သည် အမိုက်မှောင်ကို စွဲ၍ ထင်ရှား၏၊ ရဟန်း တင့် တယ်ခြင်း ‘သုဘ’ဓာတ်သည် မတင့်တယ်ခြင်း ‘အသုဘ’ကို စွဲ၍ ထင်ရှား၏၊ ရဟန်း ကောင်းကင်ပညတ် လျှင် တည်ရာ ‘အာကာသာနဉ္စာယတန’ဓာတ်သည် ရုပ်ကို စွဲ၍ ထင်ရှား၏။ ရဟန်း ပဌမာရုပ္ပဝိညာဏ် လျှင် တည်ရာ ‘ဝိညာဏဉ္စာယတန’ဓာတ်သည် ကောင်းကင်ပညတ်ဟူသော တည်ရာ ‘အာကာသာနဉ္စာ ယတန’ကို စွဲ၍ ထင်ရှား၏၊ ရဟန်း ပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်း (နတ္ထိဘော) ပညတ်လျှင် တည်ရာ ‘အာကိဉ္စညာယတန’ဓာတ်သည် ဝိညာဏဉ္စာယတနကို စွဲ၍ ထင်ရှား၏၊ ရဟန်း ရုန့်ရင်းသော သညာကား မရှိ, သိမ်မွေ့သော သညာ မရှိသည် မဟုတ်သော တည်ရာ ‘နေဝသညာနာသညာယတန’ဓာတ်သည် ပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်း (နတ္ထိဘော) ပညတ်ဟူသော တည်ရာ ‘အာကိဉ္စညာယတန’ကို စွဲ၍ ထင်ရှား၏၊ ရဟန်း သညာဝေဒနာတို့၏ ချုပ်ခြင်း ‘သညာဝေဒယိတနိရောဓ’ဓာတ်သည် ချုပ်ငြိမ်းမှုကို စွဲ၍ ထင်ရှား၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အာဘာဓာတ်၊ သုဘဓာတ်၊ အာကာသာနဉ္စာယတနဓာတ်၊ ဝိညာဏဉ္စာယတနဓာတ်၊ အာကိဉ္စညာယတနဓာတ်၊ နေဝသညာနာသညာယတနဓာတ်၊ သညာဝေဒယိတနိရောဓဓာတ်ဟူသော ဤဓာတ်တို့သည် အဘယ်မည်သော သမာပတ်သို့ ရောက်အပ်ပါကုန်သနည်းဟု (လျှောက်၏)။

ရဟန်း အာဘာဓာတ်၊ သုဘဓာတ်၊ အာကာသနဉ္စာယတနဓာတ်၊ အာကိဉ္စညာယတနဓာတ်ဟူသော ဤဓာတ်တို့သည် သညာသမာပတ်သို့ ရောက်အပ်ကုန်၏။ နေဝသညာနာသညာယတနဓာတ်သည် သင်္ခါရမှ ကြွင်းသော သမာပတ်သို့ ရောက်အပ်၏။ ရဟန်း သညာဝေဒယိတနိရောဓဓာတ်သည် နိရောဓသမာပတ် သို့ ရောက်အပ်၏ဟု (ဟောတော်မူ၏)။

ပဌမသုတ်။