သန ၁၆.၁၃: သဒ္ဓမ္မပ္ပဋိရူပကသုတ်

၁၅၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာ ကဿပသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီး သော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ”အသျှင်ဘုရား ရှေးက သိက္ခာပုဒ်တို့သည် အလွန် နည်းလှသည်သာလျှင် ဖြစ်ကုန်၏၊ များကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏၊ အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဘုရား ယခုအခါ၌ သိက္ခာပုဒ်တို့သည် အလွန်များသည်သာ လျှင် ဖြစ်ကုန်၏၊ အလွန်နည်းသည်သာလျှင် ဖြစ်ကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏၊ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။

ကဿပ ထိုအရာသည် ဤသို့ ဖြစ်၏၊ သတ္တဝါတို့ ဆုတ်ယုတ်ကုန်သည်ရှိသော် သူတော်ကောင်း တရား ကွယ်သည်ရှိသော် သိက္ခာပုဒ်တို့သည် အလွန်များသည်သာလျှင် ဖြစ်ကုန်၏၊ အလွန်နည်းသည်သာ လျှင် ဖြစ်ကုန်သော ရဟန်းတို့သည်လည်း အရဟတ္တဖိုလ်၌ တည်ကုန်၏။ ကဿပ အကြင်မျှလောက်ကာလ ပတ်လုံး လောက၌ တရားအတုအယောင် မဖြစ်ပေါ်လာသေး၊ ထိုမျှလောက်သော ကာလပတ်လုံး သူတော် ကောင်းတရား မကွယ်သေး၊ ကဿပ အကြင်အခါ၌ကား လောက၌ သူတော်ကောင်းတရာ့းအတုအယောင် သည် ဖြစ်ပေါ်၏၊ ထိုအခါ၌ သူတော်ကောင်းတရား ကွယ်ခြင်းသည် ဖြစ်၏။

ကဿပ ဥပမာသော်ကား အကြင်မျှလောက်ကာလပတ်လုံး လောက၌ ရွှေတုသည် မဖြစ်ပေါ်သေး၊ ထိုမျှလောက်ကာလပတ်လုံး ရွှေစစ် မကွယ်သေး၊ ကဿပ အကြင်အခါ လောက၌ ရွှေတုသည် ဖြစ်ပေါ်၏၊ ထိုအခါ၌ ရွှေစစ်၏ ကွယ်ခြင်းသည် ဖြစ်ပေါ်၏။ ကဿပ ဤအတူသာလျှင် အကြင်မျှလောက်ကာလပတ်လုံး လောက၌ သူတော်ကောင်းတရား အတုအယောင်သည် မဖြစ်ပေါ်သေး၊ ထိုမျှလောက်ကာလပတ်လုံး သူတော် ကောင်းတရား မကွယ်သေး၊ ကဿပ အကြင်အခါ လောက၌ သူတော်ကောင်းတရား အတုအယောင်သည် ဖြစ်ပေါ်၏၊ ထိုအခါ၌ သူတော်ကောင်းတရား၏ ကွယ်ခြင်းသည် ဖြစ်၏။

ကဿပ ပထဝီဓာတ်သည် သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊ အာပေါဓာတ်သည် သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊ တေဇောဓာတ်သည် သူတော်ကောင်းတရားကို မကွယ် ပျောက်စေနိုင်၊ ဝါယောဓာတ်သည် သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊ စင်စစ်သော်ကား အကြင်ယောက်ျားတို့သည် ဤသူတော်ကောင်းတရားကို ကွယ်စေကုန်၏၊ မဂ်ဖိုလ်မှ အချည်း နှီးဖြစ်ကုန်သော ထိုယောက်ျားတို့သည် ဤသာသနာတော်၌သာ ဖြစ်ပေါ်ကုန်၏၊ ”လှေသည် ဝန်ကို ယူဆောင်ခြင်းဖြင့်သာလျှင် နစ်မြုပ်ရသကဲ့သို့” ကဿပ ဤအတူသာလျှင် သူတော်ကောင်းတရား၏ ကွယ်ခြင်းသည် မဖြစ်။

ကဿပ အောက်သို့ သက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား မှေးမှိန်ခြင်းငှါ ကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ- ကဿပ ဤသာသနာတော်၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသကာမိန်းမတို့သည် မြတ်စွာဘုရား၌ မရိုသေ, မတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊ တရားတော်၌ မရိုသေ, မတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊ သံဃာတော်၌ မရိုသေ, မတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊ အကျင့်သိက္ခာ၌ မရိုသေ, မတုပ်ဝပ်ကုန် သည် ဖြစ်၍ နေကုန်၏၊ သမာဓိ၌ မရိုသေ, မတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊ ကဿပ အောက်သို့ သက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား မှေးမှိန်ခြင်းငှါ ကွယ်ပျောက်ခြင်း ငှါ ဖြစ်ကုန်၏။

ကဿပ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်ခြင်းငှါ မမှေးမှိန်ခြင်းငှါ မကွယ် ပျောက်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူ- ကဿပ ဤသာသနာတော်၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသကာမိန်းမတို့သည် မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊ တရားတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊ သံဃာတော်၌ ရိုသေတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊ အကျင့်သိက္ခာ၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊ သမာဓိ၌ ရိုသေတုပ်ဝပ်ကုန် သည်ဖြစ်၍ နေကုန်၏၊ ကဿပ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်ခြင်းငှါ မမှေးမှိန်ခြင်းငှါ မကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏ဟု (ဟောတော်မူ၏)။

တေရသမသုတ်။

ကဿပသံယုတ် ပြီး၏။