ဝိဇ္ဇာ နှင့် ဝိမုတ္တိသည် မျက်မှောက်ပြုအပ်သော တရားဖြစ်ပါသည်။ ဝိမုတ္တိတွင် စေတောဝိမုတ္တိ(သမထ) နှင့် ပညာဝိမုတ္တိ(ဝိပဿနာ)ဟူ၍ နှစ်မျိုးရှိပါသည်။ ဝိဇ္ဇာ နှင့် စရဏ၏ အဓိပ္ပါယ်ကို ဤသုတ်များတွင် တွေ့ရပါမည်။
စရဏ
မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည် သီလနှင့် ပြည့်စုံ၏၊ ဤ (သီလနှင့်) ပြည့်စုံခြင်းသည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။ မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည်ဣနြေ္ဒတို့၌ စောင့်စည်းအပ်သော တံခါးရှိ၏၊ ဤ (ဣနြေ္ဒတို့ကို စောင့်စည်းခြင်း) သည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။ မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏၊ ဤ (ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်း) သည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။ မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည် နိုးကြားမှု၌ အားထုတ်၏၊ ဤ (နိုးကြားမှု၌အားထုတ်ခြင်း) သည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။ မဟာနာမ် မြတ်စွာဘုရား၏တပည့်သည် သူတော်ကောင်းတရားခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ ဤ (သူတော်ကောင်းတရားခုနစ်ပါးတို့နှင့်ပြည့်စုံခြင်း) သည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။ မဟာနာမ် မြတ်စွာဘုရား၏တပည့်သည် အထူးစင်ကြယ်သောစိတ်၌ အပါအဝင်ဖြစ်ကုန်သော မျက်မှောက်ကိုယ်၌ ချမ်းချမ်းသာသာနေမှုဖြစ်ကုန်သော ဈာန်လေးပါတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်၏၊ (ဤဈာန်လေးပါးရခြင်း) သည်လည်း ထိုသူ၏ (နိဗ္ဗာန်ရောက်ကြောင်း) စရဏတည်း။ (မန ၅၃)
သူတော်ကောင်းတရားခုနစ်ပါး
၁. ယုံကြည်မှု သဒ္ဓါနှင့် ပြည့်စုံခြင်း၊ မြတ်စွာဘုရား၏့အရဟတ္တ မဂ်ဉာဏ် အဗ္ဗညုတဉာဏ်ကို ယုံကြည်ခြင်း။
၂. ကာယ ဝစီ မနော ဒုစရိုက်မှရှက်တတ်ခြင်း၊ ယုတ်ညံ့သည့် အကုသိုလ်တရားတို့သို့ ရောက်ရန် ရှက်တတ်ခြင်း။
၃. ကာယ ဝစီ မနော ဒုစရိုက်မှ ထိတ်လန့်တတ်ခြင်း၊ ယုတ်ညံ့ကုန်သောအကုသိုလ်တရားတို့သို့ ရောက်ရန် ထိတ်လန့်တတ်ခြင်း။
၎. အကြားအမြင်များခြင်း၊ အကြားအမြင်ကို ဆောင်ခြင်း၊ အကြားအမြင်ကို ဆည်းပူးခြင်း။ အနက်, သဒ္ဒါနှင့်တကွ ဖြစ်၍ အလုံးစုံပြည့်စုံစင်ကြယ်သည့် မြတ်သော အကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော တရားတို့ကို ထိုသူသည်များစွာ ကြားနာဖူးခြင်း၊ ဆောင်ထားခြင်း၊ နှုတ်ဖြင့် လေ့ကျက်ထားခြင်း၊ စိတ်ဖြင့် မှတ်သားထားခြင်း၊ ပညာဖြင့်ကောင်းစွာ ထိုးထွင်း၍ သိခြင်း။
၅. အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့၌ ပြည့်စုံစေရန် ထက်သန်သောလုံ့လရှိသည်ဖြစ်၍ နေခြင်း၊ အားအစွမ်းရှိခြင်း၊ မြဲမြံသော အားထုတ်မှု ရှိခြင်း၊ ကုသိုလ်တရားတို့၌ တာဝန်ကို ချမထားခြင်း။
၆. သတိနှင့်ပြည့်စုံခြင်း၊ မြတ်သော ရင့်ကျက်သောသတိနှင့် ပြည့်စုံခြင်း၊ ကြာမြင့်စွာအခါက ပြုအပ် ပြောဆိုအပ်ခဲ့သည်ကို အောက်မေ့နိုင်ခြင်း၊ အဖန်ဖန်အောက်မေ့နိုင်ခြင်း။
၇. ပညာရှိ၏ခြင်း၊ ဖြစ်ခြင်းပျက်ခြင်းကို မြင်စွမ်းနိုင်၍ ကိလေသာကိုဖောက်ခွဲနိုင်သည့်ပြင် ဒုက္ခ၏ကုန်ရာ နိဗ္ဗန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သော ပညာနှင့်ပြည့်စုံခြင်း။ (အန ၇.၆၇)
ဝိဇ္ဇာ
၁. ပုဗ္ဗေနိဝါသာနုဿတိဉာဏ် (ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်သောဉာဏ်)
မဟာနာမ် ထိုမြတ်စွာဘုရား၏ တပည့်သည် အတုမဲ့သော ဥပေက္ခာကြောင့်ဖြစ်သည့် ဤ သတိ၏စင်ကြယ်ခြင်း (စတုတ္ထဈာန်သမာဓိ) ကိုသာလျှင် အစွဲပြု၍ များပြားသော ရှေး၌ဖြစ်ဖူးသောဘဝကိုအောက်မေ့နိုင်၏။ ….
ဤသည်တို့ကား အဘယ်နည်း- တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကို လည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ ဘဝရာပေါင်းများစွာတို့ကို လည်းကောင်း၊ ဘဝထောင်ပေါင်းများစွာတို့ကိုလည်းကောင်း၊ ဘဝသိန်းပေါင်းများစွာတို့ကို လည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်းများပြားသော ဖြစ်ကပ်တို့ကို လည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ‘ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သောအဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သောအဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏’ဟု ဤသို့အခြင်းအရာနှင့် တကွ ညွှန်ပြဖွယ် (အမည် အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကိုအောက်မေ့၏”။ ဤ (ပုဗ္ဗေနိဝါသာနုဿတိဉာဏ်) သည်လည်း ထိုသူ၏ ဝိဇ္ဇာဖြစ်၏။ (မန ၅၃)
၂. စုတူပပါတဉာဏ် (သတ္တဝါတို့၏ သေခြင်း ‘စုတိ’၊ ဖြစ်ခြင်း ‘ပဋိသန္ဓေ’ ကို သိသော ဉာဏ်)
မဟာနာမ် ထိုမြတ်စွာဘုရား၏ တပည့်သည် အတုမဲ့သော ဥပေက္ခာကြောင့်ဖြစ်သည့် ဤသတိ၏စင်ကြယ်ခြင်း (စတုတ္ထဈာန်သမာဓိ) ကိုသာလျှင် အစွဲပြု၍ အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့်သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏။
”အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့်  ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ် ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌့ဖြစ်ပေါ်ကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် ‘မနောသုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ် ကုန်၏”။
ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါအဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။ ဤ (စုတူပပါတဉာဏ်) သည်လည်း ထိုသူ၏ ဝိဇ္ဇာဖြစ်၏။ (မန ၅၃)
၃. အာသဝက္ခယဉာဏ် (အာသဝေါတရားတို့ကို ကုန်ခန်းစေတတ်သော ဉာဏ်)
မဟာနာမ် မြတ်စွာဘုရား၏ တပည့်သည် အတုမဲ့သော ဥပေက္ခာကြောင့်ဖြစ်သည့် ဤသတိ၏စင်ကြယ်ခြင်း (စတုတ္ထဈာန်သမာဓိ) ကိုသာလျှင် အစွဲပြု၍ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်း သောလွတ်မြောက်သောစိတ် (စေတောဝိမုတ္တိ – သမထ) နှင့် လွတ်မြောက်သောပညာ (ပညာဝိမုတ္တိ – ဝိပဿနာ) ကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ဤ (အာသဝက္ခယဉာဏ်) သည်လည်း ထိုသူ၏ ဝိဇ္ဇာဖြစ်၏။ (မန ၅၃)
မဟာနာမ် ဤသို့သဘောရှိသော မြတ်စွာဘုရား၏ တပည့်ကို ဝိဇ္ဇာနှင့်ပြည့်စုံသောသူဟူ၍လည်း ကောင်း၊ စရဏနှင့်ပြည့်စုံသော သူဟူ၍လည်းကောင်း၊ ဝိဇ္ဇာစရဏနှင့်ပြည့်စုံသော သူဟူ၍လည်းကောင်း ဆိုရ၏။ (မန ၅၃)
၃.၁ မင်းကြီး ဤအတူ ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော်ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ သင့်လျော်လတ်သော်တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝတို့ကို ကုန်စေသော ‘အာသဝက္ခယ’ ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှု ပို့ဆောင်၏၊ ရှေးရှု ညွတ်စေ၏၊
ထို (ရဟန်း) သည်ဤကား ဆင်းရဲဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ ‘နိဗ္ဗာန်’ သို့ ရောက်ကြောင်း အကျင့်ဟုဟုတ်မှန်သော အတိုင်းသိ၏၊ ဤသည်တို့ကား အာသဝတို့ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝတို့ ဖြစ်ပေါ်ခြင်း၏အကြောင်းဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ဤကား အာသဝတို့ ချုပ်ရာ ‘နိဗ္ဗာန်’ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝတို့ချုပ်ရာ ‘နိဗ္ဗာန်’ သို့ ရောက်ကြောင်းအကျင့်ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ သိသော ဤသို့ မြင်သော ထို (ရဟန်း)၏ စိတ်သည် ကာမာသဝမှလည်းလွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက် ပြီးလတ်သော် လွတ်မြောက် လေပြီဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီဟု သိ၏။ (ဒန ၂) (မန ၃၆)
၃.၁.၁ ငါ့သျှင်တို့ အာသဝေါတရားဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ အာသဝေါတရားတို့သည် ကာမဘဝပွါးစီးရေး ‘ကာမာသဝ’၊ ရူပဘဝ အရူပဘဝပွါးစီး ရေး ‘ဘဝါသဝ’၊ သစ္စာလေးပါးတို့၌ မသိမှုပွါးစီးရေး ‘အဝိဇ္ဇာသဝ’၊ ဤသုံးပါးတို့တည်း။
၃.၁.၂ အာသဝေါတရား၏ ဖြစ်ကြောင်းဟူသည် အဘယ်နည်း၊
မသိမှု ‘အဝိဇ္ဇာ’ ဖြစ်ခြင်းကြောင့် အာသဝေါတရားဖြစ်ရသည်၊
၃.၁.၃ ရဟန်းတို့ အာသဝေါတရားတို့၏ ထူးသော အဖြစ်သည် အဘယ်နည်း။
ရဟန်းတို့ ငရဲသို့ရောက်ကြောင်း အာသဝေါတရားတို့သည် ရှိကုန်၏၊ တိရစ္ဆာန်ဘုံသို့ ရောက် ကြောင်းအာသဝေါတရားတို့သည် ရှိကုန်၏၊ ပြိတ္တာဘုံသို့ ရောက်ကြောင်း အာသဝေါတရားတို့သည် ရှိကုန်၏၊ လူ့ဘုံလောကသို့ ရောက်ကြောင်း အာသဝေါတရားတို့သည် ရှိကုန်၏၊ နတ်ဘုံလောကသို့ရောက်ကြောင်း အာသဝေါတရားတို့သည် ရှိကုန်၏၊ ရဟန်းတို့ ဤသည်ကို အာသဝေါတရားတို့၏ထူးသောအဖြစ်ဟူ၍ ဆိုအပ်၏။
၃.၁.၄ ရဟန်းတို့ အာသဝေါတရားတို့၏ အကျိုးဟူသည် အဘယ်နည်း။
ရဟန်းတို့ မသိမှု ‘အဝိဇ္ဇာ’ နှင့် ပြည့်စုံသူသည် ကုသိုလ်အဖို့ကြောင့်သော်လည်းကောင်း၊ အကုသိုလ်အဖို့ကြောင့်သော်လည်းကောင်း ဖြစ်သော ထိုထို (အာသဝေါတရား) အားလျော်သော အတ္တဘောကို ဖြစ်စေ၏၊ ရဟန်းတို့ ဤသည်ကို အာသဝေါတရားတို့၏ အကျိုးဟူ၍ ဆိုအပ်၏။
၃.၁.၅ အာသဝေါတရားချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းခြင်းကြောင့်အာသဝေါတရာ ချုပ်ငြိမ်း၏။
၃.၁.၆ အာသဝေါတရား ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် အာသဝေါတရား ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။
ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤသို့ အာသဝေါတရားတို့ကို သိ၏၊ ဤသို့အာသဝေါတရားတို့၏ ဖြစ်ကြောင်းကို သိ၏၊ ဤသို့ အာသဝေါတရားတို့၏ ထူးသော အဖြစ်ကို သိ၏၊ ဤသို့ အာသဝေါတရားတို့၏ အကျိုးကို သိ၏၊ ဤသို့ အာသဝေါတရားတို့၏ ချုပ်ငြိမ်းမှုကို သိ၏၊ ဤသို့ အာသဝေါတရားတို့၏ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိ၏၊ ထိုအခါ ထိုအရိယာတပည့်သည် အာသဝေါတရားတို့ကို ချုပ်ငြိမ်းစေတတ်သော ကိလေသာကို ဖောက်ခွဲနိုင်သောဤမြတ်သော အကျင့်ကို သိ၏။ (အန ၆.၆၃) (မန ၉)