သမ္မာဒိဋ္ဌိ

၁. ရဟန်းတို့ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’သည် အဘယ်နည်း။
ရဟန်းတို့ ငါသည် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ကို နှစ်မျိုးရှိ၏ဟူ၍ ဟော၏၊ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။ ရဟန်း တို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာ မည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှိ၏။

၁.၁ ရဟန်းတို့ အာသဝေါတရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’သည် အဘယ်နည်း။
အလှူ၏ အကျိုးသည် ရှိ၏၊ ယဇ်ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ဟုန်းပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက် သည် ရှိ၏၊ ဤလောကသည် ရှိ၏၊ တစ်ပါးသော လောကသည် ရှိ၏၊ အမိ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ အဖ၌ ပြုအပ်သော အကျိုးသည် ရှိ၏၊ (ပဋိသန္ဓေတည်နေသောအားဖြင့် တစ်ဆယ့်ငါးနှစ်ရွယ် ကိုယ်ထင်ရှားဖြစ်သော) ဥပပါတ်သတ္တဝါတို့သည် ရှိကုန်၏၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော ညီညွတ်ခြင်းသို့ ရောက်ကုန်၍ ကောင်းသော အကျင့်ရှိကုန် သော သမဏဗြာဟ္မဏတို့သည် လောက၌ ရှိကုန်၏ဟု ရဟန်းတို့ ဤသို့ သိမြင်ခြင်းသည်ကား အာသဝေါ တရားတို့၏ အာရုံဖြစ်သော ကောင်းမှု၏ အဖို့ဖြစ်သော ခန္ဓာဟူသော အကျိုးကို ပေးတတ်သော မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’တည်း။

၁.၂ ရဟန်းတို့ အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောကကို လွန်မြောက်၍ လောကုတ္တရာမည်သော အရိယမဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် အဘယ် နည်း။
ရဟန်းတို့ အပြစ်ကင်းသောစိတ်ရှိသော အာသဝေါကင်းသောစိတ်ရှိသော အရိယမဂ်နှင့်ပြည့်စုံသော အရိယမဂ်ကို ပွါးသောပုဂ္ဂိုလ်၏ အပြားအားဖြင့် သိခြင်း’ပညာ’ အပြားအားဖြင့် သိခြင်း၌ အစိုးရခြင်း ‘ပညိနြေ္ဒ’ (အဝိဇ္ဇာကြောင့်) မတုန်လှုပ်ခြင်း ‘ပညာဗိုလ်’ သမ္ဗောဇ္ဈင်အဖြစ်သို့ ရောက်၍ သစ္စာလေးပါးတို့ကို စိစစ်ဆင်ခြင်ခြင်း ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’ မှန်စွာသိမြင်ခြင်း’သမ္မာဒိဋ္ဌိ’ မဂ်၏ အစိတ်အပိုင်းဖြစ်သော ပညာ သည် ရှိ၏။ ရဟန်းတို့ ဤပညာကို အပြစ်ကင်းသော အာသဝေါတရားတို့၏ အာရုံမဟုတ်သော လောက ကို လွန်မြောက်၍ လောကုတ္တရာဖြစ်သော မဂ်၏ အစိတ်အပိုင်းဖြစ်သော မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဟူ၍ ဆိုရ၏။ (မန ၁၁၇)

 ၂. ရဟန်းတို့ ထိုတရားတို့တွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်သနည်း၊ အမှားကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ’ကို အမှားကြံခြင်း ‘မိစ္ဆာသင်္ကပ္ပ’ ဟူ၍ သိ၏၊ မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ ကို မှန်စွာကြံခြင်း ‘သမ္မာသင်္ကပ္ပ’ ဟူ၍ သိ၏၊ ထိုသိခြင်းသည် ထို ပုဂ္ဂိုလ်၏ မှန်စွာ သိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။

၃. ရဟန်းတို့ ထိုတရားတို့တွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်သနည်း။ အမှားပြောဆိုခြင်း ‘မိစ္ဆာဝါစာ’ ကို အမှားပြောဆိုခြင်း ‘မိစ္ဆာဝါစာ’ ဟူ၍ သိ၏၊ မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ ကို မှန်စွာပြောဆိုခြင်း ‘သမ္မာဝါစာ’ ဟူ၍ သိ၏၊ ဤသို့ ထိုပုဂ္ဂိုလ်၏ ထိုသိခြင်းသည် ထိုပုဂ္ဂိုလ်၏ မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။

 ၄. ရဟန်းတို့ ထိုတရားတို့တွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်သနည်း။ အမှားပြုလုပ်ခြင်း ‘မိစ္ဆာကမ္မန္တ’ ကို အမှားပြုလုပ်ခြင်း ‘မိစ္ဆာကမ္မန္တ’ ဟူ၍ သိ၏၊ မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ကို မှန်စွာပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’ဟူ၍ သိ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသိခြင်းသည် မှန်စွာ သိခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။

 ၅. ရဟန်းတို့ ထိုတရားတို့တွင် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှေ့သွားဖြစ်သနည်း။ အမှားအသက်မွေးခြင်း ‘မိစ္ဆာ အာဇီဝ’ကို အမှားအသက်မွေးခြင်း ‘မိစ္ဆာအာဇီဝ’ဟူ၍ သိ၏၊ မှန်စွာအသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ကို မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’ ဟူ၍ သိ၏၊ ထိုပုဂ္ဂိုလ်၏ ထိုသိခြင်းသည် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။

 ၆. ရဟန်းတို့ ထိုတရားတို့တွင် မှန်စွာသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ သည် ရှေ့သွားဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် သမ္မာဒိဋ္ဌိသည် ရှေ့သွားဖြစ်သနည်း။ ရဟန်းတို့ သမ္မာဒိဋ္ဌိရှိသော ပုဂ္ဂိုလ်အား သမာ သင်္ကပ္ပသည် ဖြစ်၏၊ သမာသင်္ကပ္ပရှိသော ပုဂ္ဂိုလ်အား သမ္မာဝါစာသည် ဖြစ်၏၊ သမ္မာဝါစာရှိသော ပုဂ္ဂိုလ် အား သမ္မာကမ္မန္တသည် ဖြစ်၏၊ သမာကမ္မန္တရှိသော ပုဂ္ဂိုလ်အား သမ္မာအာဇီဝသည် ဖြစ်၏၊ သမ္မာ အာဇီဝရှိသော ပုဂ္ဂိုလ်အား သမ္မာဝါယာမသည် ဖြစ်၏၊ သမ္မာဝါယာမရှိသော ပုဂ္ဂိုလ်အား သမ္မာသတိသည် ဖြစ်၏၊ သမ္မာသတိရှိသော ပုဂ္ဂိုလ်အား သမ္မာသမာဓိသည် ဖြစ်၏၊ သမ္မာသမာဓိရှိသော ပုဂ္ဂိုလ်အား မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာ ဉာဏ်သည် ဖြစ်၏၊ မဂ်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်ရှိသော ပုဂ္ဂိုလ်အား သမ္မာဝိမုတ္တိမည်သော အရဟတ္တဖိုလ်သည် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် အသီးအခြား ဖြစ်သော သေက္ခပုဂ္ဂိုလ်သည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၏၊ ရဟန္တာပုဂ္ဂိုလ်သည် အင်္ဂါဆယ်ပါးနှင့် ပြည့်စုံ၏၊ ထိုတရားတို့၌လည်း မဖောက်မပြန်သော ဉာဏ်ဖြင့် များစွာသော ယုတ်မာသော အကုသိုလ်တရား ကင်း ကုန်၍ ဘာဝနာပြည့်စုံခြင်းသို့ ရောက်ကုန်၏။ (မန ၁၁၇)

 ၇. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် အကုသိုလ်ကိုလည်း ခွဲခြား၍သိ၏၊ အကုသိုလ်၏အကြောင်းရင်းကိုလည်း ခွဲခြား၍သိ၏၊ ကုသိုလ်ကိုလည်း ခွဲခြား၍သိ၏၊ ကုသိုလ်၏အကြောင်းရင်းကိုလည်း ခွဲခြား၍သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည်မှန်ကန်သော အယူ ရှိသူဖြစ်၏၊

 ၇.၁ ငါ့သျှင်တို့ အကုသိုလ်ဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ အသက်သတ်ခြင်းသည် အကုသိုလ်တည်း၊ မပေးသည်ကို ယူခြင်း, ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း,မဟုတ်မမှန် ပြောဆိုခြင်း, ကုန်းချော ပြောဆိုခြင်း, ကြမ်းသော စကားပြောဆိုခြင်း,ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်း, (သူတစ်ပါးပစ္စည်းဥစ္စာကို) ရှေးရှုကြံစည်ခြင်း, သူတစ်ပါးပျက်စီးစေလိုခြင်းသည်အကုသိုလ်ပင် တည်း၊ အယူမှားခြင်းသည် အကုသိုလ်တည်း။ ငါ့သျှင်တို့ ဤတရားစုကို အကုသိုလ်ဟူ၍ဆိုရ၏။

၇.၂ ငါ့သျှင်တို့ အကုသိုလ်၏ အကြောင်းရင်းဟူသည် အဘယ်နည်း။
လိုချင်တပ်မက်ခြင်း ‘လောဘ’၊ ကြမ်းတမ်းပြစ်မှားခြင်း ‘ဒေါသ’၊ တွေဝေမိုက်မဲခြင်း ‘မောဟ’ သည် အကုသိုလ်၏ အကြောင်းရင်းတည်း၊ ငါ့သျှင်တို့ ဤတရားစုကို အကုသိုလ်၏ အကြောင်းရင်းဟူ၍ ဆိုရ၏။

 ၇.၃ ငါ့သျှင်တို့ ကုသိုလ်ဟူသည် အဘယ်နည်း။
အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ် တည်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း, ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း,မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း, ကုန်းချော ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း, ကြမ်းသောစကားမှရှောင်ကြဉ်ခြင်း,ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်း, (သူတစ်ပါးပစ္စည်းဥစ္စာကို) ရှေးရှုမကြံခြင်း, သူတစ်ပါးမပျက်စီးစေလိုခြင်းသည် ကုသိုလ်တည်း၊ အယူမှန်ကန်ခြင်းသည် ကုသိုလ်တည်း။ ငါ့သျှင်တို့ ဤ့တရားစုကို ကုသိုလ်ဟူ၍ ဆိုရ၏။

 ၇.၄ ငါ့သျှင်တို့ ကုသိုလ်၏ အကြောင်းရင်းဟူသည် အဘယ်နည်း။
မတပ်မက်မလိုချင်ခြင်း ‘အလောဘ’၊ မကြမ်းတမ်းမပြစ်မှားခြင်း ‘အဒေါသ’နှင့် မတွေဝေခြင်း ‘အမောဟ’ သည် ကုသိုလ်၏အကြောင်းရင်းတည်း။ ငါ့သျှင်တို့ ဤတရားစုကို ကုသိုလ်၏ အကြောင်းရင်းဟူ၍ ဆိုရ၏။

 ၈. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် အာဟာရကိုလည်း ခွဲခြား၍သိ၏။ အာဟာရဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏။ အာဟာရချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ အာဟာရချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်းအရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၏၊

 ၈.၁ ငါ့သျှင်တို့ အာဟာရဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ ဖြစ်ပွားပြီး သတ္တဝါတို့ကိုလည်း တည်တံ့စေရန်၊ ဖြစ်ပွားဆဲ သတ္တဝါတို့ကိုလည်းချီးမြှောက်ထောက်ပံ့ရန် အာဟာရတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ အကြမ်းအနုဖြစ်သော အလုတ်အလွေးပြု၍ မျိုအပ်သည့် ကဗဠီကာရအာဟာရ၊ တွေ့ထိခြင်းဟူသော နှစ်ခုမြောက်ဖဿအာဟာရ၊ စိတ်စေ့ဆော်ခြင်းဟူသော သုံးခုမြောက် မနောသဉ္စေတနာအာဟာရ၊ သိမှု ‘ဝိညာဏ်’ ဟူသော လေးခုမြောက် ဝိညာဏအာဟာရတို့တည်း။

၈.၂ အာဟာရဖြစ်ကြောင်းဟူသည် အဘယ်နည်း၊
တပ်မက်မှု ‘တဏှာ’ ဖြစ်ခြင်းကြောင့် အာဟာရဖြစ်၏၊

 ၈.၃ အာဟာရချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
တပ်မက်မှု ‘တဏှာ’ ချုပ်ပျောက်ခြင်းကြောင့် အာဟာရချုပ်ပျောက်၏။

 ၈.၄ အာဟာရ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။
အာဟာရချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့်သည် အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။

 ၉. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် ဆင်းရဲ ‘ဒုက္ခ’ကိုလည်း ခွဲခြား၍သိ၏။ ဆင်းရဲ ‘ဒုက္ခ’ ဖြစ်ကြောင်းကိုလည်း ခွဲခြား၍သိ၏။ ဆင်းရဲ ‘ဒုက္ခ’ ချုပ်ငြိမ်းခြင်းကိုလည်းခွဲခြား၍သိ၏။ ဆင်းရဲ ‘ဒုက္ခ’ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၏၊

၉.၁ ငါ့သျှင်တို့ ဆင်းရဲ ‘ဒုက္ခ’ဟူသည် အဘယ်နည်း၊
ပဋိသန္ဓေတည် နေဖြစ်ပွားရခြင်း ‘ဇာတိ’ သည်လည်း ဆင်းရဲတည်း၊ အိုရခြင်းသည်လည်း ဆင်းရဲတည်း၊ သေရခြင်းသည်လည်း ဆင်းရဲတည်း၊ ပူဆွေးရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲရခြင်း စိတ်ဆင်းရဲရခြင်း ပြင်းစွာ ပင်ပန်းရခြင်းတို့သည်လည်း ဆင်းရဲတို့တည်း၊ မချစ်မနှစ်သက်အပ်သော အရာတို့နှင့် ပေါင်းဆုံရခြင်းသည်လည်း ဆင်းရဲတည်း၊ ချစ်နှစ်သက်အပ်သော အရာတို့နှင့် ကင်းကွာရခြင်းသည်လည်း ဆင်းရဲတည်း၊ အလိုရှိသော အရာကို မရခြင်းသည်လည်း ဆင်းရဲတည်း၊ အကျဉ်းချုပ်အားဖြင့် (တဏှာဒိဋ္ဌိ) ဥပါဒါန်တရားတို့၏ ကျက်စားရာ ခန္ဓာငါးပါးလုံးတို့သည်ပင် ဆင်းရဲတို့တည်းငြါ့သျှင်တို့ ဤတရားစုကို ဆင်းရဲ ‘ဒုက္ခ’ ဟူ၍ ဆိုရ၏။

 ၉.၂ ဆင်းရဲ ‘ဒုက္ခ’ ဖြစ်ကြောင်းဟူသည် အဘယ်နည်း၊
တစ်ဖန်ဘဝသစ်ကို ပြုလေ့ရှိသော နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်သည့် ထိုထိုအာရုံကို အလွန်နှစ်သက်တတ်သော တဏှာပင်တည်း။ ဤတဏှာဟူသည် အဘယ်နည်း၊ ကာမ၌တပ်မက်ခြင်း ‘ကာမတဏှာ’၊ ဘဝ၌တပ်မက်ခြင်း ‘ဘဝတဏှာ’၊ ဝိဘဝ၌တပ်မက်ခြင်း ‘ဝိဘဝတဏှာ’ပင်တည်း။ ငါ့သျှင်တို့ ဤတပ်မက်ခြင်းကို ဆင်းရဲ ‘ဒုက္ခ’ဖြစ်ကြောင်းဟူ၍ ဆိုရ၏။

 ၉.၃ ငါ့သျှင်တို့ ဆင်းရဲ ‘ဒုက္ခ’ ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း။
တဏှာ၏သာလျှင် အကြွင်းမဲ့ တပ်မက်ခြင်း ကင်းသောအားဖြင့် ချုပ်ငြိမ်းခြင်း၊ စွန့်ပစ်ခြင်း၊ စွန့်လွှတ်ခြင်း၊ လွတ်မြောက်ခြင်း၊ တွယ်တာကပ်ငြိမှု မရှိခြင်းပင်တည်း။ ငါ့သျှင်တို့ ဤချုပ်ငြိမ်းခြင်းကို ဆင်းရဲ ‘ဒုက္ခ’ ချုပ်ငြိမ်းခြင်းဟူ၍ ဆိုရ၏။

 ၉.၄ ငါ့သျှင်တို့ ဆင်းရဲ ‘ဒုက္ခ’ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။
ငါ့သျှင်တို့ဆင်းရဲ ‘ဒုက္ခ’ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာသိခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပေတည်း။

 ၁၀. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် အိုခြင်း သေခြင်းကိုလည်း ခွဲခြား၍သိ၏၊ အိုခြင်း သေခြင်း၏ ဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ အိုခြင်း သခြင်း၏ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်းခွဲခြား ၍ သိ၏၊ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၏၊

 ၁၀.၁ ငါ့သျှင်တို့ အိုခြင်း သေခြင်းဟူသည် အဘယ်နည်း၊
ထိုထိုသတ္တဝါအမျိုးအစား၌ ထိုထို သတ္တဝါတို့၏ အိုခြင်း ရင့်ရော်ဆွေးမြေ့ခြင်း သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ရှုံ့ခြင်း အသက်ဆုတ်ယုတ်ခြင်း (မျက်စိစသော) ဣနြေ္ဒတို့၏ ရင့်ရော်ခြင်းတည်း၊့ ငါ့သျှင်တို့ ဤသဘော တရားကို အိုခြင်းဟူ၍ ဆိုရ၏။
ငါ့သျှင်တို့ သေခြင်းဟူသည် အဘယ်နည်း၊ ထိုထိုသတ္တဝါအမျိုးအစားမှ ထိုထိုသတ္တဝါတို့၏ စုတေခြင်းရွေ့လျောခြင်း ပျက်စီးခြင်း ကွယ်လွန်ခြင်း သေခြင်း သေဆုံးခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကောင်ကိုစွန့်ပစ်ခြင်း ဇီဝိတိနြေ္ဒ၏ ပြတ်စဲခြင်းတည်း။ ငါ့သျှင်တို့ ဤသဘောတရားကို သေခြင်းဟူ၍ ဆိုရ၏။

 ၁၀.၂ အိုခြင်း သေခြင်း၏ ဖြစ်ကြောင်း ဟူသည်အဘယ်နည်း၊
ပဋိသန္ဓေတည်နေဖြစ်ပွါးမှု ‘ဇာတိ’ ဖြစ်ခြင်းကြောင့် အိုခြင်း သေခြင်း ဖြစ်၏။

၁၀.၃ အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းခြင်း ဟူသည် အဘယ်နည်း၊
ပဋိသန္ဓေတည်နေဖြစ်ပွါးမှု ‘ဇာတိ’ ချုပ်ငြိမ်းခြင်းကြောင့် အိုခြင်း သေခြင်း ချုပ်ငြိမ်း၏။

 ၁၀.၄ အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့် ဟူသည်အဘယ်နည်း၊
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် အိုခြင်း သေခြင်း၏ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ပေတည်း။

 ၁၁. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် (ပဋိသန္ဓေတည်နေဖြစ်ပွါးမှု) ဇာတိကိုလည်း ခွဲခြား၍ သိ၏၊ ဇာတိဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ ဇာတိချုပ်ငြိမ်းခြင်းကိုလည်းခွဲခြား၍ သိ၏၊ ဇာတိချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၏၊

 ၁၁.၁ ငါ့သျှင်တို့ (ပဋိသန္ဓေတည်နေဖြစ်ပွါးမှု) ဇာတိဟူသည် အဘယ်နည်း၊
ထိုထိုသတ္တဝါအမျိုးအစား၌ ထိုထိုသတ္တဝါတို့၏ ဖြစ်ခြင်း ပြည့်ပြည့်စုံစုံဖြစ်ခြင်း သက်ရောက်ခြင်း ထင်ရှားဖြစ်ခြင်း ခန္ဓာတို့၏ထင်ရှားဖြစ်ပေါ်ခြင်း အာယတနတို့ကို ရခြင်းပင်တည်း။ ငါ့သျှင်တို့ ဤသဘောတရားကို ဇာတိ ဟူ၍ ဆိုရ၏။

 ၁၁.၂ ဇာတိဖြစ်ကြောင်းဟူသည်အဘယ်နည်း၊
(ကုသိုလ် အကုသိုလ်ကံဟူသော) ဘဝဖြစ်ခြင်းကြောင့် ဇာတိဖြစ်၏။

 ၁၁.၃ ဇာတိချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
ဘဝချုပ်ငြိမ်းခြင်းကြောင့် ဇာတိချုပ်ငြိမ်း၏။

 ၁၁.၄ ဇာတိချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့် ဟူသည် အဘယ်နည်း၊
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဇာတိချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။

 ၁၂. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် ဘဝကိုလည်း ခွဲခြား၍ သိ၏၊ ဘဝဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ ဘဝချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ ဘဝချုပ်ငြိမ်းခြင်းသို့ ရောက် ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှ ဖြင့်လည်းအရိယာဖြစ်သော တပည့် သည် မှန်ကန်သော အယူရှိသူ ဖြစ်၏၊ ဤသူတော်ကောင်း တရားသို့ရောက်လာသူ ဖြစ်ပေ၏။

 ၁၂.၁ ငါ့သျှင်တို့ ဘဝဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ ဘဝတို့သည် ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ ဤသုံးပါးတို့ပေတည်း။

 ၁၂.၂ ဘဝဖြစ်ကြောင်းဟူသည် အဘယ်နည်း၊
စွဲလမ်းမှု ဥပါဒါန်ဖြစ်ခြင်းကြောင့် ဘဝ (ကမ္မဘဝ ဥပပတ္တိဘဝ) ဖြစ်၏။

 ၁၂.၃ ဘဝချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
စွဲလမ်းမှုဥပါဒါန်ချုပ်ခြင်းကြောင့် ဘဝချုပ်၏။

 ၁၂.၄ ဘဝချုပ်ငြိမ်းခြင်းသို့ ရောက် ကြောင်းအကျင့် ဟူသည် အဘယ်နည်း၊
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဘဝချုပ်ခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။

 ၁၃. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် စွဲလမ်းခြင်းကိုလည်း ခွဲခြား၍သိ၏၊ စွဲလမ်းခြင်းဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ စွဲလမ်းခြင်း၏ ချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍သိ၏၊ စွဲလမ်းခြင်း ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၏၊

 ၁၃.၁ ငါ့သျှင်တို့ စွဲလမ်းခြင်း ‘ဥပါဒါန်’ ဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ စွဲလမ်းခြင်းတို့သည် ကာမဂုဏ်၌ စွဲလမ်းခြင်း ‘ကာမုပါဒါန်’၊ အယူမှား၌ စွဲလမ်းခြင့်း ‘ဒိဋ္ဌုပါဒါန်’၊ အကျင့်အလေ့၌ စွဲလမ်းခြင်း ‘သီလဗ္ဗတုပါဒါန်’၊ အတ္တဟု စွဲလမ်းခြင်း ‘အတ္တဝါဒုပါဒါန်’ လေးပါးတို့တည်း။

 ၁၃.၂ စွဲလမ်းခြင်းဖြစ်ကြောင်းဟူသည် အဘယ်နည်း၊
တပ်မက်မှု တဏှာဖြစ်ခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ဖြစ်၏။

၁၃.၃ စွဲလမ်းခြင်းချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
တပ်မက်မှုတဏှာ ချုပ်ငြိမ်းခြင်းကြောင့် စွဲလမ်းမှု ‘ဥပါဒါန်’ ချုပ်ငြိမ်း၏။

၁၃.၄ စွဲလမ်းခြင်းချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် စွဲလမ်းမှုချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေ တည်း။

 ၁၄. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် တပ်မက်မှု ‘တဏှာ’ ကိုလည်းခွဲခြား၍ သိ၏၊ တပ်မက်မှုဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ တပ်မက်မှု၏ ချုပ်ငြိမ်းခြင်းကိုလည်းခွဲခြား၍ သိ၏၊ တပ်မက်မှု၏ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၏၊

 ၁၄.၁ ငါ့သျှင်တို့ တပ်မက်မှု ‘တဏှာ’ ဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ တပ်မက်မှုအပေါင်း ‘တဏှာကာယ’တို့သည် အဆင်း၌ တပ်မက်မှု ‘ရူပတဏှာ’၊ အသံ၌တပ်မက်မှု ‘သဒ္ဒတဏှာ’၊ အနံ့၌ တပ်မက်မှု ‘ဂန္ဓတဏှာ’၊ အရသာ၌ တပ်မက်မှု ‘ရသတဏှာ’၊ အတွေ့အထိ၌ တပ်မက်မှု ‘ဖောဋ္ဌဗ္ဗတဏှာ’၊ (ကြွင်းကျန်သော) တရားတို့၌ တပ်မက်မှု ‘ဓမ္မတဏှာ’၊ ဤခြောက်ပါးတို့တည်း။

 ၁၄.၂ တဏှာဖြစ်ကြောင်းဟူသည် အဘယ်နည်း၊
ခံစားမှု ‘ဝေဒနာ’ ဖြစ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်၏

၁၄.၃ တဏှာချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
ခံစားမှု ချုပ်ငြိမ်းခြင်းကြောင့် တပ်မက်မှုချုပ်ငြိမ်း၏။

၁၄.၄ တဏှာချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည်အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် တပ်မက်မှု ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။

 ၁၅. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် ခံစားမှု ‘ဝေဒနာ’ ကိုလည်း ခွဲခြား၍သိ၏၊ ဝေဒနာဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ ဝေဒနာချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ ဝေဒနာ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်းအရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၏။

 ၁၅.၁ ငါ့သျှင်တို့ ခံစားမှု ‘ဝေဒနာ’ ဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ ခံစားမှုအပေါင်း ‘ဝေဒနာကာယ’တို့သည် မျက်စိနှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ နားနှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ နှာခေါင်းနှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ လျှာနှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ ကိုယ်နှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ စိတ်နှင့်တွေ့ထိခြင်းကြောင့်ဖြစ်သော ခံစားမှု၊ ဤခြောက်ပါးတို့တည်း။

 ၁၅.၂ ဝေဒနာဖြစ်ကြောင်းဟူသည် အဘယ်နည်း၊
တွေ့ထိမှု ‘ဖဿ’ ဖြစ်ခြင်းကြောင့် ခံစားမှု ‘ဝေဒနာ’ ဖြစ်၏၊

 ၁၅.၃ ဝေဒနာချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
တွ့ထိမှု ‘ဖဿ’ ချုပ်ငြိမ်းခြင်းကြောင့်ခံစားမှု ‘ဝေဒနာ’ ချုပ်ငြိမ်း၏။

 ၁၅.၄ ဝေဒနာ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည်အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ခံစားမှု ‘ဝေဒနာ’ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။

 ၁၆. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် တွေ့ထိမှု ‘ဖဿ’ ကိုလည်းခွဲခြား၍ သိ၏၊ ဖဿဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ ဖဿချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ ဖဿချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၏၊

 ၁၆.၁ ငါ့သျှင်တို့ တွေ့ထိမှု ‘ဖဿ’ ဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ တွေ့ထိမှုအပေါင်း ‘ဖဿကာယ’တို့သည် မျက်စိနှင့် တွေ့ထိမှု၊ နားနှင့် တွေ့ထိမှု၊ နှာခေါင်းနှင့် တွေ့ထိမှု၊ လျှာနှင့် တွေ့ထိမှု၊ ကိုယ်နှင့် တွေ့ထိမှု၊ စိတ်နှင့် တွေ့ထိမှု၊ ဤခြောက်ပါးတို့တည်း။

 ၁၆.၂ ဖဿဖြစ်ကြောင်းဟူသည် အဘယ်နည်း၊
စိတ်ဖြစ်ရာခြောက်ပါး ‘သဠာယတန’ ဖြစ်ခြင်းကြောင့် ဖဿ ဖြစ်၏၊

 ၁၆.၃ ဖဿ့ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
စိတ်ဖြစ်ရာခြောက်ပါး ‘သဠာ ယတန’ချုပ်ငြိမ်းခြင်းကြောင့် ဖဿချုပ်ငြိမ်း၏။

၁၆.၄ ဖဿ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် တွေ့ထိမှု ‘ဖဿ’ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ပေတည်း။

 ၁၇. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် စိတ်ဖြစ်ရာခြောက်ပါး ‘သဠာယတန’ကိုလည်း ခွဲခြား၍ သိ၏၊ သဠာယတနဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ သဠာယတနချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ သဠာယတနချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကို ခွဲခြား၍သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၏။

 ၁၇.၁ ငါ့သျှင်တို့ စိတ်ဖြစ်ရာခြောက်ပါး ‘သဠာယတန’ ဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ စိတ်ဖြစ်ရာ ‘အာယတန’တို့သည် မျက်စိအကြည်ဟူသော စိတ်ဖြစ်ရာ ‘စက္ခာယတန’၊ နားအကြည်ဟူသော စိတ်ဖြစ်ရာ ‘သောတာယတန’၊ နှာခေါင်းအကြည်ဟူသော စိတ်ဖြစ်ရာ ‘ဃာနာယတန’၊ လျှာအကြည်ဟူသော စိတ်ဖြစ်ရာ ‘ဇိဝှါယတန’၊ ကိုယ်အကြည်ဟူသော စိတ်ဖြစ်ရာ ‘ကာယာယတန’၊ မနောအကြည်ဟူသော စိတ်ဖြစ်ရာ ‘မနာယတန’၊ ဤခြောက်ပါးတို့တည်း။

 ၁၇.၂ သဠာယတနဖြစ်ကြောင်း ဟူသည်အဘယ်နည်း၊
နာမ်ရုပ်ဖြစ်ခြင်းကြောင့် သဠာယတန ဖြစ်၏၊

 ၁၇.၃ သဠာယတန ချုပ်ငြိမ်းခြင်း ဟူသည် အဘယ်နည်း၊
နာမ်ရုပ်တို့ချုပ်ငြိမ်းခြင်းကြောင့် သဠာယတန ချုပ်ငြိမ်း၏။

၁၇.၄ သဠာယတန ချုပ်ငြိမ်းခြင်းသို့ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် စိတ်ဖြစ်ရာခြောက်ပါး ‘သဠာယတန’ ချုပ်ငြိမ်းခြင်းသို့ရောက်ကြောင်း အကျင့်ပေတည်း။

 ၁၈. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် နာမ် ရုပ်ကိုလည်း ခွဲခြား၍ သိ၏၊ နာမ်ရုပ် ဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ နာမ်ရုပ် ချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ နာမ်ရုပ်၏ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်းအရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၏။

 ၁၈.၁ ငါ့သျှင်တို့ နာမ်ရုပ် ဟူသည် အဘယ်နည်း၊
ခံစားခြင်း ‘ဝေဒနာ’၊ သိမှတ်ခြင်း ‘သညာ’၊ စေ့ဆော်ခြင်း ‘စေတနာ’၊ တွေ့ထိခြင်း ‘ဖဿ’၊ နှလုံးသွင်းခြင်း ‘မနသိကာရ’၊ ငါ့သျှင်တို့ ဤတရားစုကို နာမ်ဟူ၍ ဆိုရ၏။
မဟာဘုတ်လေးပါး၊ ယင်းမဟာဘုတ်လေးပါးတို့ကို မှီ၍ဖြစ်သော ဥပါဒါန်ရုပ်၊ ငါ့သျှင်တို့ ဤတရားစုကို ရုပ်ဟူ၍ ဆိုရ၏။

၁၈.၂ နာမ်ရုပ် ဖြစ်ကြောင်း ဟူသည် အဘယ်နည်း၊
ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်ရုပ်ဖြစ်၏၊

 ၁၈.၃ နာမ်ရုပ်ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
ဝိညာဏ်ချုပ်ငြိမ်းခြင်းကြောင့် နာမ်ရုပ် ချုပ်ငြိမ်း၏။

 ၁၈.၄ နာမ်ရုပ် ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် နာမ်ရုပ်ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။

 ၁၉. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် ဝိညာဏ်ကိုလည်း ခွဲခြား၍ သိ၏၊ ဝိညာဏ်ဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ ဝိညာဏ်ချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ ဝိညာဏ်ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်းအရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၏။

 ၁၉.၁ ငါ့သျှင်တို့ ဝိညာဏ် ဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ ဝိညာဏ်အပေါင်း ‘ဝိညာဏကာယ’တို့သည် မြင်သိခြင်း ‘စက္ခုဝိညာဏ်’၊ ကြားသိခြင်း ‘သောတဝိညာဏ်’၊ နံသိခြင်း ‘ဃာနဝိညာဏ်’၊ လျက်သိခြင်း ‘ဇိဝှါဝိညာဏ်’၊ ထိသိခြင်း ‘ကာယဝိညာဏ်’၊ တွေးသိခြင်း ‘မနောဝိညာဏ်’၊ ဤခြောက်ပါးတို့တည်း။

 ၁၉.၂ ဝိညာဏ်ဖြစ်ကြောင်း ဟူသည် အဘယ်နည်း၊
သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏၊

 ၁၉.၃ ဝိညာဏ်ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
သင်္ခါရချုပ်ငြိမ်းခြင်းကြောင့် ဝိညာဏ် ချုပ်ငြိမ်း၏။

 ၁၉.၄ ဝိညာဏ်ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ဝိညာဏ်ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေ တည်း။

 ၂၀. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် သင်္ခါရကိုလည်း ခွဲခြား၍ သိ၏၊ သင်္ခါရဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ သင်္ခါရချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ သင်္ခါရချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၏။

 ၂၀.၁ ငါ့သျှင်တို့ သင်္ခါရ ဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ ပြုပြင်စီရင်မှု ‘သင်္ခါရ’တို့သည် ကိုယ်ဖြင့်ပြုခြင်း ‘ကာယသင်္ခါရ၊ နှုယ်ဖြင့်ပြုခြင်း ‘ဝစီသင်္ခါရ’၊ စိတ်ဖြင့်ပြုခြင်း ‘စိတ္တသင်္ခါရ’၊ ဤသုံးပါးတို့တည်း။

 ၂၀.၂ သင်္ခါရဖြစ်ကြောင်း ဟူသည် အဘယ်နည်း၊
မသိမှု ‘အဝိဇ္ဇာ’ ဖြစ်ခြင်းကြောင့် ပြုမှု ‘သင်္ခါရ’ ဖြစ်၏၊

 ၂၀.၃ သင်္ခါရချုပ်ငြိမ်းခြင်း ဟူသည် အဘယ်နည်း၊
မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းခြင်းကြောင့် ပြုမှု ‘သင်္ခါရ’ချုပ်ငြိမ်း၏။

 ၂၀.၄ သင်္ခါရချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့် ဟူသည် အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် ပြုမှု ‘သင်္ခါရ’ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ပေတည်း။

 ၂၁. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် မသိမှု ‘အဝိဇ္ဇာ’ ကိုလည်း ခွဲခြား၍သိ၏၊ အဝိဇ္ဇာ ဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှ ဖြင့်လည်းအရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၏။

၂၁.၁ ငါ့သျှင်တို့ မသိမှု ‘အဝိဇ္ဇာ’ ဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ ဆင်းရဲ ‘ဒုက္ခ’ ၌ မသိမှု၊ ဆင်းရဲဖြစ်ကြောင်း၌ မသိမှု၊ ဆင်းရဲ ချုပ်ငြိမ်းခြင်း၌ မသိမှု၊ ဆင်းရဲချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်၌ မသိမှု၊ ဤတရားသဘောကို မသိမှု ‘အဝိဇ္ဇာ’ ဟူ၍ ဆိုရ၏၊

 ၂၁.၂ အဝိဇ္ဇာဖြစ်ကြောင်း ဟူသည် အဘယ်နည်း၊
အာသဝေါတရားတို့ ဖြစ်ခြင်းကြောင့် မသိမှု ‘အဝိဇ္ဇာ’ဖြစ်၏၊

၂၁.၃ အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
အာသဝေါတရားတို့ ချုပ်ငြိမ်းခြင်း ကြောင့်မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းရ၏။

၂၁.၄ အဝိဇ္ဇာ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည်အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။

 ၂၂. ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် အာသဝေါတရားကိုလည်း ခွဲခြား၍သိ၏၊ အာသဝေါတရားဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏၊ အာသဝေါတရားချုပ်ငြိမ်းခြင်းကိုလည်းခွဲခြား၍ သိ၏၊ အာသဝေါတရား ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူ ဖြစ်၏။

 ၂၂.၁ ငါ့သျှင်တို့ အာသဝေါတရားဟူသည် အဘယ်နည်း၊
ငါ့သျှင်တို့ အာသဝေါတရားတို့သည် ကာမဘဝပွါးစီးရေး ‘ကာမာသဝ’၊ ရူပဘဝ အရူပဘဝပွါးစီး ရေး ‘ဘဝါသဝ’၊ သစ္စာလေးပါးတို့၌ မသိမှုပွါးစီးရေး ‘အဝိဇ္ဇာသဝ’၊ ဤသုံးပါးတို့တည်း။

 ၂၂.၂ အာသဝေါတရား၏ ဖြစ်ကြောင်းဟူသည် အဘယ်နည်း၊
မသိမှု ‘အဝိဇ္ဇာ’ ဖြစ်ခြင်းကြောင့် အာသဝေါတရားဖြစ်ရသည်၊

 ၂၂.၃ အာသဝေါတရားချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊
မသိမှု ‘အဝိဇ္ဇာ’ ချုပ်ငြိမ်းခြင်းကြောင့်အာသဝေါတရာ ချုပ်ငြိမ်း၏။

 ၂၂.၄ အာသဝေါတရား ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။
အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်သည်ပင် အာသဝေါတရား ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ပေတည်း။ (မန ၉)

၂၃. ကစ္စာန ဤသတ္တဝါအပေါင်းသည် များသောအားဖြင့် ရှိသည်၏အဖြစ်ကိုလည်းကောင်း၊ မရှိသည်၏ အဖြစ်ကိုလည်းကောင်း နှစ်ပါးကို မှီ၏။ ကစ္စာန သင်္ခါရလောက၏ ဖြစ်ပေါ်ကြောင်းကိုဟုတ်မှန်သော အတိုင်း ကောင်းသော ပညာဖြင့် မြင်သော သူအား သင်္ခါရလောက၌ မရှိဟူသော အယူသည် မဖြစ်။ ကစ္စာန သင်္ခါရလောက၏ ချုပ်ငြိမ်းရာကိုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်သော သူအား (သင်္ခါရ) လောက၌ ရှိ၏ဟူသော အယူသည် မဖြစ်။ ကစ္စာန ဤသတ္တဝါအပေါင်းကို ကပ်ရောက်မှု ‘ဥပယ’၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’၊ နစ်မြုပ်စူးဝင်မှု ‘အဘိနိဝေသ’တို့သည် သတ္တဝါအပေါင်းကို များသောအားဖြင့် နှောင်ဖွဲ့အပ်၏။ ဤအရိယာတပည့်သည်ကား စိတ်၏ တည်ရာ နစ်မြုပ်စူးဝင်ရာ ကိန်းအောင်းရာဖြစ်သော ထိုကပ်ရောက်မှု ‘ဥပယ’၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ကို ”ငါ၏ အတ္တတည်း”ဟု မကပ်ရောက်၊ မစွဲလမ်း၊ မဆောက်တည်။ ”ဖြစ်ခဲ့သော် ဆင်းရဲသာ ဖြစ်၏၊ ချုပ်ခဲ့သော် ဆင်းရဲသာ ချုပ်၏”ဟု ယုံမှားမှု မရှိ၊ တွေး တောမှု မရှိ။ ဤအရာ၌ ထိုပုဂ္ဂိုလ်အား သူတစ်ပါးကို အားထား၍ ယုံကြည်သည် မဟုတ်၊ (ကိုယ်တိုင်) သိခြင်းသာ ဖြစ်၏။ ကစ္စာန ဤမျှဖြင့် မှန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။ (သန ၁၂.၁၅)

၂၄. ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကား အဘယ်တို့နည်းဟု (လျှောက်၏)။
ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကား သူတစ်ပါးတရားသံနှင့် အသင့်အား ဖြင့်နှလုံးသွင်းခြင်း ဤနှစ်ပါးတို့တည်း။ ငါ့သျှင် မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းတို့ကားဤနှစ်ပါးတို့တည်းဟု (မိန့်ဆို၏)။

 ၂၅. ငါ့သျှင် အဘယ်အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ် အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ် အကျိုးအာနိ သင်လည်းရှိသနည်း၊ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးအာနိသင်လည်း ရှိသနည်းဟု (လျှောက်၏)။
ငါ့သျှင် ငါးပါးသောအကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ် အကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုးအာနိသင်လည်း ရှိ၏၊ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာ အကျိုးလည်းရှိ၍ လွတ်မြောက်သော ‘အရဟတ္တ ဖိုလ်’ ပညာအကျိုးအာနိသင်လည်း ရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’ သည် စောင့်စည်းမှု ‘သီလ’ အထောက်အပံ့ကိုလည်း ရ၏၊ တရားကို ကြားနာမှုအထောက်အပံ့ ကိုလည်း ရ၏၊ ကမ္မဋ္ဌာန်း ဆွေးနွေးမှု အထောက်အပံ့ကိုလည်း ရ၏၊ ဈာန်သမာပတ့် ‘သမထ’ အထောက်အပံ့ကိုလည်း ရ၏၊ အထူးထူးရှုမှု ‘ဝိပဿနာ’ အထောက်အပံ့ကိုလည်း ရ၏။ ငါ့သျှင် ဤ ငါးပါးသော အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သောအယူ ‘သမ္မာဒိဋ္ဌိ’သည် လွတ် မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်အကျိုး အာနိသင်လည်း ရှိ၏။ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာအကျိုးလည်း ရှိ၍ လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ ပညာအကျိုးအာနိသင်လည်းရှိ၏ဟု (မိန့်ဆို၏)။ (မန ၄၃)