ခန္ဓ ငါးပါး

၁. ငါ့သျှင်တို့ အတွင်းဖြစ်သော မျက်စိအကြည်ရုပ် (နားအကြည်ရုပ်၊ နှာခေါင်းအကြည်ရုပ်၊ လျှာအကြည်ရုပ်၊ ကိုယ်အကြည်ရုပ်၊ ဘဝင်စိတ်)သည်လည်း မပျက်စီး၊ အပဖြစ်သော အဆင်းရုပ်သည်လည်း ထင်ခြင်းသို့ မရောက်ကုန်၊ ထိုအာရုံကို စွဲ၍ ဖြစ်သော ဆင်ခြင်ခြင်းသည်လည်း မဖြစ်။ ထိုမျှလောက် ထိုအာရုံကို စွဲ၍ဖြစ်သော အထူးသိမှု (စက္ခုဝိညာဏ်) စိတ်အစု၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် မရှိသည်သာတည်း။

၂. ငါ့သျှင်တို့ အတွင်းဖြစ်သော မျက်စိအကြည်ရုပ်သည်လည်း မပျက်စီး၊ အပဖြစ်သော အဆင်းရုပ်သည်လည်း ထင်ခြင်းသို့ ရောက်ကုန်၏၊ ထိုအာရုံကို စွဲ၍ ဖြစ်သော ဆင်ခြင်ခြင်းသည်ကား မဖြစ်။ ထိုမျှလောက် ထိုအာရုံကို စွဲ၍ဖြစ်သော အထူးသိမှု (စက္ခုဝိညာဏ်) စိတ်အစု၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် မရှိသည်သာတည်း။

၃. ငါ့သျှင်တို့ အကြင်အခါ အတွင်းဖြစ်သော မျက်စိအကြည်ရုပ်သည်လည်း မပျက်စီး၊ အပဖြစ်ကုန်သောအဆင်းရုပ်တို့သည်လည်း ထင်ခြင်းသို့ ရောက်ကုန်၏၊ ထိုအာရုံကို စွဲ၍ဖြစ်သော ဆင်ခြင်ခြင်းသည်လည်းဖြစ်၏။ ဤသို့ ဖြစ်သည်ရှိသော် ထိုအာရုံကို စွဲ၍ဖြစ်သော အထူးသိမှု (စက္ခုဝိညာဏ်) စိတ်အစု၏ထင်ရှားဖြစ်ပေါ်လာခြင်းသည် ရှိ၏။

ထိုစက္ခုဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ ရုပ်သည် ရုပ်ဟု စွဲယူအပ်သော ခန္ဓာ၌ ရေတွက်ခြင်းသို့ရောက်၏။ ထိုစက္ခုဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ ခံစားခြင်းသည် ခံစားခြင်းဟု စွဲယူအပ်သောခန္ဓာ၌ရေတွက်ခြင်းသို့ ရောက်၏။ ထိုစက္ခုဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ မှတ်သားခြင်းသည် မှတ်သားခြင်းဟု စွဲယူအပ်သော ခန္ဓာ၌့ရေတွက်ခြင်းသို့ ရောက်၏။ ထိုစက္ခုဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ ပြုပြင်စီရင်မှုတို့သည် ပြုပြင်စီရင်မှုဟုစွဲယူအပ်သောခန္ဓာ၌ ရေတွက်ခြင်းသို့ ရောက်ကုန်၏။ ထိုစက္ခုဝိညာဏ်စိတ်ဖြစ်ခိုက်ပုဂ္ဂိုလ်၏ အထူးသိမှုသည် အထူးသိမှုစိတ်ဟု စွဲယူ အပ်သောခန္ဓာ၌ ရေတွက်ခြင်းသို့ ရောက်၏။

ထိုရဟန်းသည် ဤသို့သိ၏ – ”ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့၏ ဤသို့ ပေါင်းယူခြင်း စုရုံးခြင်း အညီအမျှဖြစ်ခြင်းသည်ဖြစ်သတတ်၊ မြတ်စွာဘုရားသည် ‘စွဲ၍ဖြစ်ရာအကြောင်း (ပဋိစ္စသမုပ္ပါဒ်တရားတော်)ကို မြင်သောသူသည် အကျိုးတရားကို မြင်၏၊ အကျိုးတရားကို မြင်သောသူသည် စွဲ၍ဖြစ်ရာအကြောင်း (ပဋိစ္စသမုပ္ပါဒ်တရားတော်)ကို မြင်၏’ဟု ဤစကားကို ဟောထားတော်မူသည်သာတည်း။ ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့သည် စွဲ၍ဖြစ်ပေါ်လာသော အကျိုးတရားတို့သာတည်း။ ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့၌ လိုချင်မှု တွယ်တာမှု တပ်စွန်းမှု သက်ဝင် စွဲယူမှုတို့သည် ဒုက္ခဖြစ်ကြောင်းတည်း။ ဤစွဲယူအပ်သော ခန္ဓာငါးပါးတို့၌ လိုချင်တပ်စွန်းမှုကို ဖျောက်ခြင်း လိုချင်တပ်စွန်းမှုကိုပယ်ခြင်းသည် ဒုက္ခ၏ချုပ်ရာတည်း” ဟု (သိ၏)။ ငါ့သျှင်တို့ ဤမျှလောက် အတိုင်းအရှည် ဖြင့်လည်းရဟန်းသည် အဆုံးအမကို များစွာလိုက်နာ၏။ (မန ၂၈)

 

ရုပ်

၁. အဘယ်ကြောင့် ရုပ် ဟုခေါ်သနည်း
ဖောက်ပြန်တတ်သောကြောင့် ”ရုပ်” ဟု ဆိုအပ်၏။ (ရူပံ ရုပ္ပတိ)

၂. အဘယ်တရားကြောင့် ဖောက်ပြန်သနည်း
အအေးကြောင့်လည်း ဖောက်ပြန်၏၊ အပူကြောင့်လည်း ဖောက်ပြန် ၏၊ ဆာလောင်ခြင်းကြောင့်လည်း ဖောက်ပြန်၏၊ မွတ်သိပ်ခြင်းကြောင့်လည်း ဖောက်ပြန်၏၊ မှက် ခြင် လေ နေပူ မြွေ ကင်း သန်းတို့နှင့် တွေ့ခြင်း ကြောင့်လည်း ဖောက်ပြန်၏။ (သန ၂၂.၇၉)

၃. ရုပ် ဟူသည် အဘယ်နည်း။
မဟာဘုတ်လေးမျိုးနှင့် မဟာဘုတ်လေးမျိုးတို့ကို မှီ၍ဖြစ်သော ရုပ်တည်း။ (သန ၂၂.၅၆)

၃.၁ မဟာဘုတ်လေးပါးတို့ ဟူသည် အဘယ်တို့နည်း။
မြေဓာတ် ရေဓာတ် အပူ အအေး (မီး)ဓာတ် လေဓာတ်တို့တည်း။ (မန ၂၈)

၃.၁.၁ မြေဓာတ် ဟူသည် အဘယ်နည်း။
မြေဓာတ်သည် အတွင်း ဖြစ်သော မြေဓာတ်သည် ရှိ၏၊ အပ ဖြစ်သော မြေဓာတ်သည် ရှိ၏။

၃.၁.၁.၁ အတွင်း ဖြစ်သော မြေဓာတ် ဟူသည် အဘယ်နည်း။

မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကိုစွဲ၍ ဖြစ်သော ခက်မာ ကြမ်းတမ်းခြင်းသို့ ရောက်သော စွဲယူအပ်သော ရုပ်တည်း။ ဤရုပ်တို့ ဟူသည်အဘယ်နည်း၊ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ၊ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညို့၊ နှလုံး, အသည်း, အမြှေး, အဖျင်း, အဆုတ်၊ အူမ, အူသိမ်, အစာသစ်,အစာဟောင်း၊တစ်ပါးလည်း ဖြစ်သော အမှတ် မရှိ အလုံးစုံသော မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကို စွဲ၍ ဖြစ်သောခက်မာ ကြမ်းတမ်းခြင်းသို့ ရောက်သော စွဲယူအပ်သော ရုပ်သည် ရှိ၏။ ငါ့သျှင်တို့ ဤရုပ်ကို အတွင်းဖြစ်သော မြေဓာတ် ဟူ၍ ဆိုရ၏။ အတွင်းဖြစ်သော မြေဓာတ်သည် လည်းကောင်း၊ အပဖြစ်သော မြေဓာတ်သည် လည်းကောင်းမြေဓာတ် သာတည်း….ထိုမြေဓာတ်ကို ”ဤမြေဓာတ်သည် ငါပိုင် မဟုတ်၊ ဤမြေဓာတ်သည် ငါ မဟုတ်၊ ဤမြေဓာတ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့ မြေဓာတ်ကို အမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုသင့်၏၊ ဤသို့ ဤမြေဓာတ်ကို အမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုမြင် လတ်သော် မြေဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် မြေဓာတ်၌ တပ်ခြင်း ကင်း၏။ (မန ၂၈)

၃.၁.၂ ရေဓာတ်သည် အဘယ်နည်း။
ရေဓာတ်သည် အတွင်းဖြစ်သော ရေဓာတ်သည်ရှိ၏၊ အပဖြစ်သော ရေဓာတ်သည် ရှိ၏။

၃.၁.၂.၁ အတွင်းဖြစ်သော ရေဓာတ်သည် အဘယ်နည်း။
မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကို စွဲ၍ဖြစ်သော ရေ, ရေ အပါအဝင် ဖြစ်သော စွဲယူအပ်သော ရုပ်သည် ရှိ၏၊ ဤရုပ်သည် အဘယ်နည်း၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ၊ မျက်ရည်, ဆီကြည်, တံတွေး, နှပ်, အစေး, ကျင်ငယ်၊ တစ်ပါးလည်း ဖြစ်သော အမှတ်မရှိ အလုံးစုံသော မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကို စွဲ၍ ဖြစ်သောရေ, ရေ အပါအဝင် ဖြစ်သော စွဲယူ အပ်သော ရုပ်(သည် ရှိ၏)။ ငါ့သျှင်တို့ ဤရုပ်ကို အတွင်း ဖြစ်သောရေဓာတ် ဟု ဆိုရ၏။ အတွင်း ဖြစ်သော ရေဓာတ်သည် လည်းကောင်း၊ အပဖြစ်သော ရေဓာတ်သည် လည်းကောင်းရေဓာတ် သာတည်း….ထိုရေဓာတ်ကို ”ဤရေဓာတ်သည် ငါပိုင် မဟုတ်၊ ဤရေဓာတ်သည် ငါ မဟုတ်၊ ဤရေဓာတ်သည်ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့ ဤရေဓာတ်ကို အမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုသင့်၏၊ဤသို့ ဤရေဓာတ်ကို အမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုမြင်လတ်သော် ရေဓာတ်၌ ငြီးငွေ့၏၊စိတ်သည် ရေဓာတ်၌ တပ်ခြင်း ကင်း၏။

၃.၁.၃ အပူ အအေး (မီး) ဓာတ်သည် အဘယ်နည်း။
အပူ အအေး (မီး) ဓာတ်သည် အတွင်းဖြစ်သော အပူ အအေး (မီး) ဓာတ်သည်ရှိ၏၊ အပ ဖြစ်သော အပူ အအေး (မီး)ဓာတ်သည်ရှိ၏။

၃.၁.၃.၁ အတွင်းဖြစ်သော အပူ အအေး (မီး) ဓာတ်သည် အဘယ်နည်း။
မိမိသန္တာန်၌ ဖြစ်သောမိမိကိုယ်ကို စွဲ၍ ဖြစ်သော အပူ အအေး (မီး), အပူ အအေး (မီး) အပါအဝင် ဖြစ်သော စွဲယူ အပ်သောရုပ်သည် ရှိ၏၊ ဤရုပ်သည် အဘယ်နည်း၊ အကြင် အပူ အအေး (မီး) ဓာတ်ဖြင့်လည်း ပြင်းစွာ ပူ၏။ အကြင် အပူ အအေး (မီး) ဓာတ်ဖြင့်လည်း ဆွေးမြေ့ ရင့်ကျက်၏၊ အကြင် အပူ အအေး (မီး) ဓာတ်ဖြင့်လည်း ထက်ဝန်းကျင် လောင်၏၊ အကြင် အပူ အအေး (မီး) ဓာတ်ဖြင့်လည်း စားအပ် သောက်အပ် ခဲအပ် လျက်အပ်သော အစာသည် ကောင်းစွာ ကျေကျက်ခြင်းသို့ ရောက်၏၊ တစ်ပါးလည်း ဖြစ်သော အမှတ်မရှိ (အလုံးစုံ) သော မိမိသန္တာန်၌ ဖြစ်သော မိမိ ကိုယ်ကို စွဲ၍ ဖြစ်သော အပူ အအေး(မီး), အပူ အအေး (မီး) အပါအ၀င် ဖြစ်သော စွဲယူအပ်သော ရုပ်သည် ရှိ၏။ ငါ့သျှင်တို့ ဤရုပ်ကိုအတွင်း ဖြစ်သော အပူ အအေး (မီး) ဓာတ် ဟု ဆိုအပ်၏။ အတွင်းဖြစ်သော အပူ အအေး (မီး) ဓာတ်သည် လည်းကောင်း၊ အပ ဖြစ်သော အပူ အအေး (မီး) ဓာတ်သည် လည်းကောင်း အပူ အအေး (မီး) ဓာတ်သာတည်း…ထိုအပူ အအေး (မီး) ဓာတ်ကို ”ဤအပူ အအေး (မီး) ဓာတ်သည် ငါပိုင် မဟုတ်၊ ဤအပူ အအေး(မီး) ဓာတ်သည် ငါ မဟုတ်၊ ဤအပူ အအေး (မီး) ဓာတ်သည် ငါ၏ ကိုယ် ‘အတ္တ’ မဟုတ်” ဟု ဤသို့ အပူ အအေး (မီး) ဓာတ်ကို အမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုသင့်၏၊ ဤသို့ ဤအပူ အအေး(မီး) ဓာတ်ကို အမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုမြင်၍ အပူ အအေး (မီး) ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အပူ အအေး (မီး) ဓာတ်၌ တပ်ခြင်း ကင်း၏။

၃.၁.၃ လေဓာတ်သည် အဘယ်နည်း။
လေဓာတ်သည် အတွင်း ဖြစ်သော လေဓာတ်သည် ရှိ၏၊ အပ ဖြစ်သော လေဓာတ်သည် ရှိ၏။

၃.၁.၃.၁ အတွင်း ဖြစ်သော လေဓာတ်သည် အဘယ်နည်း။
မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကိုစွဲ၍ ဖြစ်သော လေ, လေအပါအဝင် ဖြစ်သော စွဲယူအပ်သော ရုပ်သည် ရှိ၏။ ဤရုပ်သည်အဘယ်နည်း၊ အထက်သို့ တက်သော လေ၊ အောက်သို့ သက်သော လေ၊ ဝမ်း၌ တည်သော လေ၊ အူအတွင်း၌ တည်သော လေ၊ အင်္ဂါကြီးငယ်တို့သို့ အစဉ်လျှောက်သော လေ၊ ဝင်သက် ထွက်သက် လေ၊ ဤလေတို့တည်း။ တစ်ပါးလည်း ဖြစ်သော အမှတ်မရှိ (အလုံးစုံ) သော မိမိသန္တာန်၌ ဖြစ်သော မိမိကိုယ်ကို စွဲ၍ ဖြစ်သော လေ, လေအပါအဝင် ဖြစ်သော စွဲယူ အပ်သော ရုပ်သည် ရှိ၏။ ငါ့သျှင်တို့ ဤရုပ်ကို အတွင်း ဖြစ်သော လေဓာတ် ဟု ဆိုအပ်၏။အတွင်း ဖြစ်သော လေဓာတ်သည် လည်းကောင်း အပ ဖြစ်သော လေဓာတ်သည် လည်းကောင်း လေဓာတ် သာတည်း…ထိုလေဓာတ်ကို ”ဤလေဓာတ်သည် ငါပိုင် မဟုတ်၊ ဤလေဓာတ်သည် ငါ မဟုတ်၊ ဤလေဓာတ်သည် ငါ့ကိုယ် ”အတ္တ” မဟုတ်” ဟု ဤသို့ ဤလေဓာတ်ကို အမှန်အတိုင်း ကောင်းသော ပညာဖြင့်ရှုသင့်၏၊ ဤသို့ ဤလေဓာတ်ကို အမှန်အတိုင်း ကောင်းသော ပညာဖြင့် ရှုမြင် လတ်သော် လေဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် လေဓာတ်၌ တပ်ခြင်း ကင်း၏။

၎. ရုပ်ဖြစ်ကြောင်း သည်အဘယ်နည်း။
(က) အာဟာရ ဖြစ်ပေါ်မှုကြောင့် ရုပ်ဖြစ်ပေါ်၏၊ (သန ၂၂.၅၆)
(ခ) ရုပ်ကို နှစ်သက်သော စွဲလမ်းပြောဆိုသောလွှမ်းမိုး ဆုံးဖြတ်၍ တည်သော ထိုသူအား နှစ်သက်မှုသည် ဖြစ်၏၊ ရုပ်၌ နှစ်သက်မှုသည် စွဲလမ်းမှုပင်ဖြစ်၏၊ စွဲလမ်းမှုဟူသော အကြောင်းကြောင့် ထိုသူအား ဘဝဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့်ပဋိသန္ဓေနေမှု ဖြစ်၏၊ ပဋိသန္ဓေနေမှု ဟူသော အကြောင်းကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်၏။ ရဟန်းတို့ ဤကား ရုပ်ဖြစ်ပုံတည်း။ (သန ၂၂.၅)

၎.၁ အာဟာရတို့ သည်အဘယ်နည်း။
‘အာဟာရ’တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ-ကြမ်းတမ်း သည်လည်း ဖြစ်စေ, နူးညံ့သည်လည်းဖြစ်စေ အလုပ်အလွေးကို ပြု၍ မျိုအပ်သော’ကဗဠီကာရအာဟာရ’၊ နှစ်ခုမြောက်သော ဖဿာဟာရ၊ သုံးခုမြောက်သော မနောသဉ်စေတနာဟာရ၊ လေးခုမြောက်သော ဝိညာဏာ ဟာရတို့တည်း။ ရဟန်းတို့ ဖြစ်ပြီး သတ္တဝါတို့ တည်ခြင်းငှါလည်းကောင်း၊ ဖြစ်ဆဲ သတ္တဝါတို့အား ချီးမြှောက်ထောက်ပံ့ခြင်းငှါလည်းကောင်း ဖြစ်ကုန်သော ဆောင်တတ်သော သဘော ‘အာဟာရ’ တို့သည် ဤလေးမျိုးတို့တည်း။ (သန ၁၂.၆၄)

၅. ရုပ်ချုပ်ရာ သည်အဘယ်နည်း။
(က) အာဟာရ ချုပ်မှုကြောင့် ရုပ်ချုပ်၏၊ (သန ၂၂.၅၆)
(ခ) ရုပ်ကို မနှစ်သက်၊ စွဲလမ်း၍ မပြောဆို၊ လွှမ်းမိုး ဆုံးဖြတ်၍ မတည်။ ရုပ်ကို မနှစ်သက်သော စွဲလမ်း၍ မပြောဆိုသော လွှမ်းမိုးဆုံးဖြတ်၍ မတည်သော ထိုသူအား ရုပ်၌နှစ်သက်မှုသည် ချုပ်၏၊ နှစ်သက်မှု ချုပ်ခြင်းကြောင့် ထိုသူအား စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှုချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ် ခြင်းကြောင့် ပဋိသန္ဓေနေမှု ချုပ်၏၊ ပဋိသန္ဓေနေမှု ချုပ်ခြင်းကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု ချုပ်မှု ဖြစ်၏။ရဟန်းတို့ ဤကား ရုပ်၏ ချုပ်ပုံ တည်း။ (သန ၂၂.၅)

၆. ရုပ်ချုပ်ရာသို့ ရောက်ကြောင်း အကျင့် သည်အဘယ်နည်း။
မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’ မှန်ကန်သော အကြံ’သမ္မာသင်္ကပ္ပ’ မှန်ကန်သော စကား’သမ္မာဝါစာ’ မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’ မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ဟူသော အင်္ဂါရှစ်မျိုးရှိသော ဤအရိယမဂ်သည်ပင် ရုပ်ချုပ်ရာသို့ ရောက်ကြောင်း အကျင့်မည်၏…..ရဟန်းတို့ သမဏဗြာဟ္မဏ အချို့တို့သည် ဤသို့ ရုပ်ကို အထူးသိ၍ ဤသို့ ရုပ် ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ရုပ်ချုပ်ရာကို အထူးသိ၍ ဤသို့ ရုပ်ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို အထူးသိ၍ ရုပ်၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏၊ ထိုသူတို့သည် ကောင်းစွာ လွတ်မြောက် သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ လွတ်မြောက်ပြီးသူတို့သည် အလုံးစုံကိစ္စ ပြီးပြီး ဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။ (သန ၂၂.၅၆)

၇. ရုပ်၏ သာယာဖွယ် သည်အဘယ်နည်း။

(က) ရုပ်ကို စွဲ၍ ဖြစ်ပေါ်လာသော ကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် ရုပ်၏ သာယာဖွယ် မည်၏။
(ခ) တစ်ဆယ့်ခြောက်နှစ် အရွယ် သတို့သမီး ဥပမာကို ဆက်လက်ဖတ်ပါ။ (မန ၁၃)
၈. ရုပ်၏ အပြစ်သည်အဘယ်နည်း။
(က) မမြဲသော(အနိစ္စ) ဆင်းရဲသော(ဒုက္ခ) ဖောက်ပြန်ခြင်း(အနတ္တ) သဘောသည် ရုပ်၏ အပြစ်မည်၏။
(ခ) တစ်ဆယ့်ခြောက်နှစ် အရွယ် သတို့သမီး ဥပမာကို ဆက်လက်ဖတ်ပါ။ (မန ၁၃)
၉. ရုပ်မှ ထွက်မြောက်မှုသည်အဘယ်နည်း။
ရုပ်၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ခြင်းသည် ရုပ်မှ ထွက်မြောက်မှု မည်၏။ (သန ၂၂.၅၇)

ဝေဒနာ

၁. အဘယ်ကြောင့် ဝေဒနာ ဟုခေါ်သနည်း
ခံစားတတ်သောကြောင့် ”ဝေဒနာ” ဟု ဆိုအပ်၏။

၂. အဘယ်ကို ခံစားတတ်သနည်း
ချမ်းသာကိုလည်း ခံစားတတ်၏၊ဆင်းရဲကိုလည်း ခံစားတတ်၏၊ ဆင်းရဲမဟုတ် ချမ်းသာ မဟုတ်သည်ကိုလည်း ခံစားတတ်၏။ (သန ၂၂.၇၉)

၃. ဝေဒနာ ဟူသည် အဘယ်နည်း။
(က) ဝေဒနာ အပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ မျက်စိ အတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘ ဝေဒနာ ‘၊ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု’ ဝေဒနာ ‘၊ နှာခေါင်းအတွေ့ကြောင့် ဖြစ်သော ခံစားမှု ‘ ဝေဒနာ ‘၊ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားမှု’ ဝေဒနာ ‘၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ ဝေဒနာ ‘၊ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု’ ဝေဒနာ ‘ တို့တည်း။ (သန ၂၂.၅၆)
(ခ) ခံစားမှု ‘ ဝေဒနာ’တို့သည် ချမ်းသာ ခံစားမှု, ဆင်းရဲ ခံစားမှု, ဆင်းရဲ မဟုတ် ချမ်းသာ မဟုတ်သော ခံစားမှု၊ ဤသုံးပါးတို့တည်း။ (မန ၄၄)

၎. ဝေဒနာ ဖြစ်ကြောင်း သည်အဘယ်နည်း။
(က) ဖဿ ဖြစ်ပေါ်ခြင်းကြောင့် ခံစားမှု’ ဝေဒနာ ‘ ဖြစ်ပေါ်၏။ (သန ၂၂.၅၆)
(ခ) ဝေဒနာကို နှစ်သက်သော စွဲလမ်းပြောဆိုသောလွှမ်းမိုး ဆုံးဖြတ်၍ တည်သော ထိုသူအား နှစ်သက်မှုသည် ဖြစ်၏၊ ဝေဒနာ၌ နှစ်သက်မှုသည် စွဲလမ်းမှုပင်ဖြစ်၏၊ စွဲလမ်းမှုဟူသော အကြောင်းကြောင့် ထိုသူအား ဘဝဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့်ပဋိသန္ဓေနေမှု ဖြစ်၏၊ ပဋိသန္ဓေနေမှု ဟူသော အကြောင်းကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်၏။ ရဟန်းတို့ ဤကား ဝေဒနာဖြစ်ပုံတည်း။ (သန ၂၂.၅)

၅. ဝေဒနာ ချုပ်ရာ သည်အဘယ်နည်း။
(က) ဖဿချုပ်ခြင်းကြောင့် ခံစားမှု ‘ ဝေဒနာ ‘ ချုပ်၏။ (သန ၂၂.၅၆)
(ခ) ဝေဒနာကို မနှစ်သက်၊ စွဲလမ်း၍ မပြောဆို၊ လွှမ်းမိုး ဆုံးဖြတ်၍ မတည်။ ဝေဒနာကို မနှစ်သက်သော စွဲလမ်း၍ မပြောဆိုသော လွှမ်းမိုးဆုံးဖြတ်၍ မတည်သော ထိုသူအား ဝေဒနာ၌နှစ်သက်မှုသည် ချုပ်၏၊ နှစ်သက်မှု ချုပ်ခြင်းကြောင့် ထိုသူအား စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှုချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ် ခြင်းကြောင့် ပဋိသန္ဓေနေမှု ချုပ်၏၊ ပဋိသန္ဓေနေမှု ချုပ်ခြင်းကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု ချုပ်မှု ဖြစ်၏။ရဟန်းတို့ ဤကား ဝေဒနာ၏ ချုပ်ပုံ တည်း။ (သန ၂၂.၅)

၆. ဝေဒနာ ချုပ်ရာသို့ ရောက်ကြောင်း အကျင့် သည်အဘယ်နည်း။
မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’ မှန်ကန်သော အကြံ’သမ္မာသင်္ကပ္ပ’ မှန်ကန်သော စကား’သမ္မာဝါစာ’ မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’ မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ဟူသော အင်္ဂါရှစ်မျိုးရှိသော ဤအရိယမဂ်သည်ပင် ဝေဒနာ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်မည်၏…ရဟန်းတို့ သမဏဗြာဟ္မဏ အချို့တို့သည် ဤသို့ ဝေဒနာ ကို အထူးသိ၍ ဤသို့ ဝေဒနာ ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝေဒနာ ချုပ်ရာကို အထူးသိ၍ ဤသို့ ဝေဒနာ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို အထူးသိ၍ ဝေဒနာ၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏၊ ထိုသူတို့သည် ကောင်းစွာ လွတ်မြောက် သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ လွတ်မြောက်ပြီးသူတို့သည် အလုံးစုံကိစ္စ ပြီးပြီး ဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။ (သန ၂၂.၅၆)

၇. ဝေဒနာ ၏ သာယာဖွယ် သည်အဘယ်နည်း။
(က) ဝေဒနာကို စွဲ၍ ဖြစ်ပေါ်လာသော ကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် ဝေဒနာ၏ သာယာဖွယ် မည်၏။
(ခ) ပဌမဈာန်-ဒုတိယဈာန်-တတိယဈာန်-စတုတ္ထဈာန် ဥပမာကို ဆက်လက်ဖတ်ပါ။ (မန ၁၃)

၈. ဝေဒနာ၏ အပြစ်သည်အဘယ်နည်း။
မမြဲသော(အနိစ္စ) ဆင်းရဲသော(ဒုက္ခ) ဖောက်ပြန်ခြင်း(အနတ္တ) သဘောသည် ဝေဒနာ၏ အပြစ်မည်၏။
တစ်ဆယ့်ခြောက်နှစ် အရွယ် သတို့သမီး ဥပမာကို ဆက်လက်ဖတ်ပါ။ (မန ၁၃)

၉. ဝေဒနာမှ ထွက်မြောက်မှုသည်အဘယ်နည်း။
ဝေဒနာ၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ခြင်းသည် ဝေဒနာမှ ထွက်မြောက်မှု မည်၏။ (သန ၂၂.၅၇)

သညာ

၁. အဘယ်ကြောင့် သညာ ဟုခေါ်သနည်း
မှတ်သားတတ်သောကြောင့် ”သညာ” ဟု ဆိုအပ်၏။

၂. အဘယ်ကို မှတ်သားတတ်သနည်း
အညိုကိုလည်းမှတ်သား တတ်၏၊ အဝါကိုလည်း မှတ်သားတတ်၏၊ အနီကို လည်း မှတ်သားတတ်၏၊ အဖြူကိုလည်း မှတ်သား တတ်၏။ (သန ၂၂.၇၉)

၃. သညာ ဟူသည် အဘယ်နည်း။
သညာအပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ အဆင်း၌ မှတ်သားမှု ‘သညာ’၊ အသံ၌ မှတ်သားမှု ‘သညာ’၊ အနံ့၌ မှတ်သားမှု ‘သညာ’၊ အရသာ၌ မှတ်သားမှု ‘သညာ’၊ အတွေ့၌ မှတ်သားမှု ‘သညာ’၊ ဓမ္မ၌ မှတ်သားမှု ‘သညာ’ တို့တည်း။

၎. သညာ ဖြစ်ကြောင်း သည်အဘယ်နည်း။
(က) ဖဿ ဖြစ်ပေါ်ခြင်း ကြောင့် မှတ်သားမှု ‘သညာ’ ဖြစ်ပေါ်၏။ (သန ၂၂.၅၆)
(ခ) သညာကို နှစ်သက်သော စွဲလမ်းပြောဆိုသောလွှမ်းမိုး ဆုံးဖြတ်၍ တည်သော ထိုသူအား နှစ်သက်မှုသည် ဖြစ်၏၊ သညာ၌ နှစ်သက်မှုသည် စွဲလမ်းမှုပင်ဖြစ်၏၊ စွဲလမ်းမှုဟူသော အကြောင်းကြောင့် ထိုသူအား ဘဝဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့်ပဋိသန္ဓေနေမှု ဖြစ်၏၊ ပဋိသန္ဓေနေမှု ဟူသော အကြောင်းကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်၏။ ရဟန်းတို့ ဤကား သညာဖြစ်ပုံတည်း။ (သန ၂၂.၅)

၅. သညာ ချုပ်ရာ သည်အဘယ်နည်း။
(က) ဖဿချုပ်ခြင်းကြောင့် မှတ်သားမှု ‘သညာ’ ချုပ်၏။ (သန ၂၂.၅၆)
(ခ) သညာကို မနှစ်သက်၊ စွဲလမ်း၍ မပြောဆို၊ လွှမ်းမိုး ဆုံးဖြတ်၍ မတည်။ သညာကို မနှစ်သက်သော စွဲလမ်း၍ မပြောဆိုသော လွှမ်းမိုးဆုံးဖြတ်၍ မတည်သော ထိုသူအား သညာ၌နှစ်သက်မှုသည် ချုပ်၏၊ နှစ်သက်မှု ချုပ်ခြင်းကြောင့် ထိုသူအား စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှုချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ် ခြင်းကြောင့် ပဋိသန္ဓေနေမှု ချုပ်၏၊ ပဋိသန္ဓေနေမှု ချုပ်ခြင်းကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု ချုပ်မှု ဖြစ်၏။ရဟန်းတို့ ဤကား သညာ၏ ချုပ်ပုံ တည်း။ (သန ၂၂.၅)

၆. သညာ ချုပ်ရာသို့ ရောက်ကြောင်း အကျင့် သည်အဘယ်နည်း။
မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’ မှန်ကန်သော အကြံ’သမ္မာသင်္ကပ္ပ’ မှန်ကန်သော စကား’သမ္မာဝါစာ’ မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’ မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ဟူသော အင်္ဂါရှစ်မျိုးရှိသော ဤအရိယမဂ်သည်ပင် သညာ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်မည်၏….. ရဟန်းတို့ သမဏဗြာဟ္မဏ အချို့တို့သည် ဤသို့ သညာကို အထူးသိ၍ ဤသို့ သညာ ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ သညာ ချုပ်ရာကို အထူးသိ၍ ဤသို့ သညာ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို အထူးသိ၍ သညာ၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏၊ ထိုသူတို့သည် ကောင်းစွာ လွတ်မြောက် သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ လွတ်မြောက်ပြီးသူတို့သည် အလုံးစုံကိစ္စ ပြီးပြီး ဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။ (သန ၂၂.၅၆)

၇. သညာ ၏ သာယာဖွယ် သည်အဘယ်နည်း။
သညာကို စွဲ၍ ဖြစ်ပေါ်လာသော ကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် သညာ၏ သာယာဖွယ် မည်၏။

၈. သညာ၏ အပြစ်သည်အဘယ်နည်း။
မမြဲသော(အနိစ္စ) ဆင်းရဲသော(ဒုက္ခ) ဖောက်ပြန်ခြင်း(အနတ္တ) သဘောသည် သညာ၏ အပြစ်မည်၏။

၉. သညာမှ ထွက်မြောက်မှုသည်အဘယ်နည်း။
သညာ၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ခြင်းသည် သညာမှ ထွက်မြောက်မှု မည်၏။ (သန ၂၂.၅၇)

သင်္ခါရ

၁. အဘယ်ကြောင့် သင်္ခါရ ဟုခေါ်သနည်း။
ပြုပြင်အပ်သောသဘောကို ပြုပြင် တတ်သောကြောင့် ”သင်္ခါရတို့” ဟု ဆိုအပ်၏။

၂. အဘယ်ပြုပြင်အပ်သော သဘောကိုပြုပြင်တတ်သနည်း။
ရုပ်ကို ရုပ်အဖြစ် အကျိုးငှါ ပြုပြင်အပ်သော သဘောကို ပြုပြင်တတ်၏။ ဝေဒနာကို ဝေဒနာအဖြစ် အကျိုးငှါ ပြုပြင်အပ်သော သဘောကို ပြုပြင်တတ်၏၊ သညာကို သညာအဖြစ် အကျိုးငှါ ပြုပြင်အပ်သော သဘောကို ပြုပြင်တတ်၏၊ သင်္ခါရတို့ကို သင်္ခါရအဖြစ် အကျိုးငှါ ပြုပြင်အပ်သောသဘောကို ပြုပြင်တတ်၏၊ ဝိညာဏ်ကို ဝိညာဏ်အဖြစ် အကျိုးငှါ ပြုပြင်အပ်သော သဘောကိုပြုပြင်တတ်၏။ (သန ၂၂.၇၉)

၃. သင်္ခါရတို့ ဟူသည် အဘယ်နည်း။
(က) စေ့ဆော်မှု စေတနာ အပေါင်းတို့သည် ဤခြောက်ပါး တို့တည်း၊ အဆင်း၌ စေ့ဆော်မှု၊ အသံ၌ စေ့ဆော်မှု၊ အနံ့၌ စေ့ဆော်မှု၊ အရသာ၌ စေ့ဆော်မှု၊ အတွေ့အထိ၌ စေ့ဆော်မှု၊ ဓမ္မ၌ စေ့ဆော်မှုတို့တည်း။ (သန ၂၂.၅၆)
(ခ) သင်္ခါရတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’၊ နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’၊ စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’၊ ဤသုံးပါးတို့ တည်း။ (မန ၄၄)

၃.၁ ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ ဟူသည် အဘယ်နည်း။

ထွက်သက် ဝင်သက်တို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်၏၊

၃.၁.၁ အဘယ်ကြောင့် ထွက်သက် ဝင်သက် တရားတို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်သနည်း။
ထိုထွက်သက် ဝင်သက် တရားတို့သည် ကိုယ်၌ ဖြစ်ကုန်၏၊ ကိုယ်နှင့် စပ်ကုန်၏၊ ထို့ကြောင့် ထိုထွက်သက် ဝင်သက်တို့သည် ကိုယ်ဖြင့် ပြုစီရင်မှု ‘ကာယသင်္ခါရ’ မည်၏။ (မန ၄၄)

၃.၂ နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ ဟူသည် အဘယ်နည်း။
ဝိတက်ဝိစာရတို့သည် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်၏။

၃.၂.၁ အဘယ်ကြောင့် ဝိတက်ဝိစာရတို့သည် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်သနည်း။
ရှေးဦးကပင် ကြံစည်၍ စဉ်းစား၍ နောက်မှ စကားကို မြွက်ဆို၏၊ ထို့ကြောင့် ဝိတက်ဝိစာရတို့သည် နှုတ်ကို ပြုစီရင်မှု ‘ဝစီသင်္ခါရ’ မည်၏။ (မန ၄၄)

၃.၃ စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’၊ ဟူသည် အဘယ်နည်း။
သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မူ ‘စိတ္တသင်္ခါရ’ မည်၏

၃.၃.၁ အဘယ်ကြောင့် သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မူ ‘စိတ္တသင်္ခါရ’ မည်သနည်း။
ထိုသညာ, ဝေဒနာတို့သည် စိတ်၌ ဖြစ်ကုန်၏၊ စိတ်နှင့် စပ်ကုန်၏၊ ထို့ကြောင့် သညာ, ဝေဒနာတို့သည် စိတ်ဖြင့် ပြုစီရင်မှု ‘စိတ္တသင်္ခါရ’ မည်၏။ (မန ၄၄)

၎. သင်္ခါရတို့ ဖြစ်ကြောင်း သည်အဘယ်နည်း။

(က) ဖဿဖြစ်ပေါ်ခြင်းကြောင့် သင်္ခါရဖြစ်ပေါ်၏။ (သန ၂၂.၅၆)
(ခ) သင်္ခါရတို့ကို နှစ်သက်သော စွဲလမ်းပြောဆိုသောလွှမ်းမိုး ဆုံးဖြတ်၍ တည်သော ထိုသူအား နှစ်သက်မှုသည် ဖြစ်၏၊ သင်္ခါရတို့၌ နှစ်သက်မှုသည် စွဲလမ်းမှုပင်ဖြစ်၏၊ စွဲလမ်းမှုဟူသော အကြောင်းကြောင့် ထိုသူအား ဘဝဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့်ပဋိသန္ဓေနေမှု ဖြစ်၏၊ ပဋိသန္ဓေနေမှု ဟူသော အကြောင်းကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်၏။ ရဟန်းတို့ ဤကား သင်္ခါရတို့ဖြစ်ပုံတည်း။ (သန ၂၂.၅)

၅. သင်္ခါရတို့ ချုပ်ရာ သည်အဘယ်နည်း။
(က) ဖဿချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏။ (သန ၂၂.၅၆)
(ခ) သင်္ခါရကို မနှစ်သက်၊ စွဲလမ်း၍ မပြောဆို၊ လွှမ်းမိုး ဆုံးဖြတ်၍ မတည်။ သင်္ခါရကို မနှစ်သက်သော စွဲလမ်း၍ မပြောဆိုသော လွှမ်းမိုးဆုံးဖြတ်၍ မတည်သော ထိုသူအား သင်္ခါရ၌နှစ်သက်မှုသည် ချုပ်၏၊ နှစ်သက်မှု ချုပ်ခြင်းကြောင့် ထိုသူအား စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှုချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ် ခြင်းကြောင့် ပဋိသန္ဓေနေမှု ချုပ်၏၊ ပဋိသန္ဓေနေမှု ချုပ်ခြင်းကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု ချုပ်မှု ဖြစ်၏။ရဟန်းတို့ ဤကား သင်္ခါရ၏ ချုပ်ပုံ တည်း။ (သန ၂၂.၅)

၆. သင်္ခါရတို့ ချုပ်ရာသို့ ရောက်ကြောင်း အကျင့် သည်အဘယ်နည်း။
မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’ မှန်ကန်သော အကြံ’သမ္မာသင်္ကပ္ပ’ မှန်ကန်သော စကား’သမ္မာဝါစာ’ မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’ မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ဟူသော အင်္ဂါရှစ်မျိုးရှိသော ဤအရိယမဂ်သည်ပင် သင်္ခါရတို့ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်မည်၏…..ရဟန်းတို့ သမဏဗြာဟ္မဏ အချို့တို့သည် ဤသို့ သင်္ခါရတို့ကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာကို အထူးသိ၍ ဤသို့ သင်္ခါရတို့ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို အထူးသိ၍ သင်္ခါရတို့၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏၊ ထိုသူတို့သည် ကောင်းစွာ လွတ်မြောက် သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ လွတ်မြောက်ပြီးသူတို့သည် အလုံးစုံကိစ္စ ပြီးပြီး ဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။ (သန ၂၂.၅၆)

၇. သင်္ခါရတို့၏ သာယာဖွယ် သည်အဘယ်နည်း။
သင်္ခါရတို့ကို စွဲ၍ ဖြစ်ပေါ်လာသော ကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် သင်္ခါရတို့၏ သာယာဖွယ် မည်၏။

၈. သင်္ခါရတို့၏ အပြစ်သည်အဘယ်နည်း။
မမြဲသော(အနိစ္စ) ဆင်းရဲသော(ဒုက္ခ) ဖောက်ပြန်ခြင်း(အနတ္တ) သဘောသည် သင်္ခါရတို့၏ အပြစ်မည်၏။

၉. သင်္ခါရတို့မှ ထွက်မြောက်မှုသည်အဘယ်နည်း။
သင်္ခါရတို့၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ခြင်းသည် သင်္ခါရတို့မှ ထွက်မြောက်မှု မည်၏။ (သန ၂၂.၅၇)

၁၀. ရဟန်းတို့ အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ကာလ မခြားဘဲ အာသဝေါတရားတို့ ကုန်သနည်းဟူမူ-
ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိသော, အရိယာတို့ကို မဖူးမြင်ဖူးသော, အရိယာတရား၌ မလိမ္မာသော အရိယာတရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော,သူတော်ကောင်းတရား၌ မလိမ္မာသော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကိုအတ္တဟု ရှု၏၊ ရဟန်းတို့ ထိုရှုမှုသည် သင်္ခါရဖြစ်၏။

၁၁. ထိုသင်္ခါရသည် အဘယ်လျှင် အကြောင်းနိဒါန်းရှိသနည်း၊ အဘယ်လျှင် ဖြစ်ပေါ်ကြောင်းရှိသနည်း၊ အဘယ်လျှင် ဇာစ်မြစ်ရှိသနည်း၊ အဘယ်လျှင် အမွန်အစရှိသနည်း။
ရဟန်းတို့ အဝိဇ္ဇာနှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’ ကြောင့် ဖြစ်သော ဝေဒနာဖြင့်တွေ့ထိ အပ်သော, အကြားအမြင်မရှိသော ပုထုဇဉ်အား တဏှာသည် ဖြစ်ပေါ်၏၊ ထိုသင်္ခါရသည်ထိုတဏှာကြောင့် ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ထိုသင်္ခါရသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုတဏှာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ထိုဝေဒနာသည်လည်း မမြဲ၊ ပြုပြင်အပ်၏၊ အကြောင်းကို စွဲ၍ ဖြစ်ပေါ်၏။ ရဟန်းတို့ ဤသို့ သိသူ ဤသို့ မြင်သူအားလည်း ကာလ မခြားဘဲအာသဝေါတရားတို့ ကုန်မှု ဖြစ်၏ဟု (မိန့်တော်မူ၏)။ (သန ၂၂.၈၁)

ဝိညာဏ်

၁. အဘယ်ကြောင့် ဝိညာဏ် ဟုခေါ်သနည်း
သိတတ်သောကြောင့် ”ဝိညာဏ်” ဟု ဆိုအပ်၏။

၂. အဘယ်ကို သိတတ်သနည်း။
အချဉ်ကိုလည်း သိတတ်၏၊ အခါးကိုလည်းသိတတ်၏၊ အစပ်ကိုလည်း သိတတ် ၏၊ အချိုကိုလည်း သိတတ်၏၊ အငန်ကိုလည်း သိတတ်၏၊ အငန်မဟုတ်သည်ကိုလည်း သိတတ်၏၊ ဆားအရသာကို လည်း သိတတ်၏၊ ဆားမှတစ်ပါး အရသာကိုလည်းသိတတ်၏။ (သန ၂၂.၇၉)

၂.၁ အဘယ်သို့ အထူးသိတတ်သနည်း။
ချမ်းသာဟုလည်း အထူးသိတတ်၏၊ ဆင်းရဲဟုလည်း အထူးသိတတ်၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်ဟုလည်း အထူးသိတတ်၏။ ငါ့သျှင် ”အထူးသိတတ်, အထူးသိတတ်” သော အကြောင်းကြောင့် ”ဝိညာဏ်” ဟု ဆိုရ၏ဟု (မိန့်ဆို၏)။ (မန ၄၃)

၃. ဝိညာဏ် ဟူသည် အဘယ်နည်း။
ဝိညာဏ် အပေါင်းတို့သည် ဤခြောက်ပါးတို့တည်း၊ မျက်စိ၌မှီသောစိတ်(စက္ခု ဝိညာဏ်)၊ နား၌မှီသောစိတ်(သောတ ဝိညာဏ်)၊ နှာခေါင်း၌မှီသောစိတ်(ဃာန ဝိညာဏ်)၊ လျှာ၌မှီသောစိတ်(ဇိဝှါ ဝိညာဏ်)၊ ကိုယ်၌မှီသောစိတ် (ကာယ ဝိညာဏ်)၊ မနော၌မှီသောစိတ် (မနော ဝိညာဏ်) တို့တည်း။

၎. ဝိညာဏ် ဖြစ်ကြောင်း သည်အဘယ်နည်း။

(က) နာမ်ရုပ် ဖြစ်ပေါ်ခြင်းကြောင့် ဝိညာဏ် ဖြစ်ပေါ်၏။ (သန ၂၂.၅၆)
(ခ) ဝိညာဏ်ကို နှစ်သက်သော စွဲလမ်းပြောဆိုသောလွှမ်းမိုး ဆုံးဖြတ်၍ တည်သော ထိုသူအား နှစ်သက်မှုသည် ဖြစ်၏၊ ဝိညာဏ်၌ နှစ်သက်မှုသည် စွဲလမ်းမှုပင်ဖြစ်၏၊ စွဲလမ်းမှုဟူသော အကြောင်းကြောင့် ထိုသူအား ဘဝဖြစ်၏၊ ဘဝဟူသော အကြောင်းကြောင့်ပဋိသန္ဓေနေမှု ဖြစ်၏၊ ပဋိသန္ဓေနေမှု ဟူသော အကြောင်းကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစုသည် ဖြစ်၏။ ရဟန်းတို့ ဤကား ဝိညာဏ် ဖြစ်ပုံတည်း။ (သန ၂၂.၅)

၅. ဝိညာဏ် ချုပ်ရာ သည်အဘယ်နည်း။
(က) နာမ်ရုပ် ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏။ (သန ၂၂.၅၆)
(ခ) ဝိညာဏ်ကို မနှစ်သက်၊ စွဲလမ်း၍ မပြောဆို၊ လွှမ်းမိုး ဆုံးဖြတ်၍ မတည်။ ဝိညာဏ်ကို မနှစ်သက်သော စွဲလမ်း၍ မပြောဆိုသော လွှမ်းမိုးဆုံးဖြတ်၍ မတည်သော ထိုသူအား ဝိညာဏ်၌နှစ်သက်မှုသည် ချုပ်၏၊ နှစ်သက်မှု ချုပ်ခြင်းကြောင့် ထိုသူအား စွဲလမ်းမှု ချုပ်၏၊ စွဲလမ်းမှုချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝချုပ် ခြင်းကြောင့် ပဋိသန္ဓေနေမှု ချုပ်၏၊ ပဋိသန္ဓေနေမှု ချုပ်ခြင်းကြောင့် အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့သည် ချုပ်ကုန်၏။ ဤသို့လျှင် အလုံးစုံသော ဤဆင်းရဲအစု ချုပ်မှု ဖြစ်၏။ရဟန်းတို့ ဤကား ဝိညာဏ်၏ ချုပ်ပုံ တည်း။ (သန ၂၂.၅)

၆. ဝိညာဏ် ချုပ်ရာသို့ ရောက်ကြောင်း အကျင့် သည်အဘယ်နည်း။
မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’ မှန်ကန်သော အကြံ’သမ္မာသင်္ကပ္ပ’ မှန်ကန်သော စကား’သမ္မာဝါစာ’ မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’ မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ ဟူသော အင်္ဂါရှစ်မျိုးရှိသော ဤအရိယမဂ်သည်ပင် ဝိညာဏ် ချုပ်ရာသို့ ရောက်ကြောင်း အကျင့်မည်၏…..ရဟန်းတို့ သမဏဗြာဟ္မဏ အချို့တို့သည် ဤသို့ ဝိညာဏ် ကို အထူးသိ၍ ဤသို့ ဝိညာဏ် ဖြစ်ပေါ်ကြောင်းကို အထူးသိ၍ ဤသို့ ဝိညာဏ် ချုပ်ရာကို အထူးသိ၍ ဤသို့ ဝိညာဏ် ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို အထူးသိ၍ ဝိညာဏ် ၌ ငြီးငွေ့ခြင်းကြောင့် စွဲမက်မှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်မြောက်ကုန်၏၊ ထိုသူတို့သည် ကောင်းစွာ လွတ်မြောက် သူတို့ ဖြစ်ကုန်၏။ ထိုကောင်းစွာ လွတ်မြောက်ပြီးသူတို့သည် အလုံးစုံကိစ္စ ပြီးပြီး ဖြစ်ကုန်၏။ ထိုအလုံးစုံကိစ္စ ပြီးပြီးဖြစ်ကုန်သော သူတို့အား ဝဋ်ဆင်းရဲဟူ၍ ပညတ်ရန် မရှိတော့ပြီ။ (သန ၂၂.၅၆)

၇. ဝိညာဏ်၏ သာယာဖွယ် သည်အဘယ်နည်း။
ဝိညာဏ်ကို စွဲ၍ ဖြစ်ပေါ်လာသော ကိုယ်၏ ချမ်းသာမှု စိတ်၏ ချမ်းသာမှုသည် ဝိညာဏ်၏ သာယာဖွယ် မည်၏။

၈. ဝိညာဏ်၏ အပြစ်သည်အဘယ်နည်း။
မမြဲသော(အနိစ္စ) ဆင်းရဲသော(ဒုက္ခ) ဖောက်ပြန်ခြင်း(အနတ္တ) သဘောသည် ဝိညာဏ်၏ အပြစ်မည်၏။

၉. ဝိညာဏ်မှ ထွက်မြောက်မှုသည်အဘယ်နည်း။
ဝိညာဏ်၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ဖျောက်ခြင်း လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ခြင်းသည် ဝိညာဏ်မှ ထွက်မြောက်မှု မည်၏။ (သန ၂၂.၅၇)

၁၀. ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် ရုပ်သို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ ရုပ်လျှင် အာရုံ ရှိသောရုပ်လျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု ‘တဏှာ’ ဖြင့် သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။
ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် ဝေဒနာသို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ ဝေဒနာလျှင် အာရုံ ရှိသော ဝေဒနာလျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု ‘တဏှာ’ ဖြင့် သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။
ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် သညာသို့ ကပ်ရောက်၍ မူလည်းတည်ရာ၏၊ သညာလျှင် အာရုံ ရှိသော သညာလျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု ‘တဏှာ’ ဖြင့် သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။
ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် သင်္ခါရသို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ သင်္ခါရ လျှင် အာရုံရှိသော သင်္ခါရလျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု ‘တဏှာ’ ဖြင့်သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။

၁၁. ရဟန်းတို့ တစ်ဦးတစ်ယောက်က ”ငါသည် ရုပ်ကို ဖယ်ထား၍ ဝေဒနာကို ဖယ်ထား၍ သညာကိုဖယ်ထား၍ သင်္ခါရတို့ကို ဖယ်ထား၍ ဝိညာဏ်၏ လာခြင်း သွားခြင်း သေခြင်း ဖြစ်ခြင်း ကြီးပွါးခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းကို ပညတ်အံ့”ဟု ဆိုရာ၏၊ ဤအကြောင်းမျိုးသည် မရှိနိုင်။

၁၂. ရဟန်းတို့ရဟန်းသည် ရုပ်ဓာတ်၌ စွဲမက်မှုကို အကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့်အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာသည် မဖြစ်နိုင်။ ဝေဒနာဓာတ်၌ အကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့်အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာသည် မဖြစ်နိုင်။  သညာဓာတ်၌ အကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့်အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာသည် မဖြစ်နိုင်။ သင်္ခါရဓာတ်တို့၌ အကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့်အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာသည် မဖြစ်နိုင်။ ရဟန်းတို့ ရဟန်းသည် ဝိညာဏဓာတ်၌ စွဲမက်မှုကိုအကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့် အာရုံသည် ပြတ်၏၊ ဝိညာဏ်၏တည်ရာသည် မဖြစ်နိုင်၊ တည်ရာမရှိသော ထိုဝိညာဏ်သည် စည်ပင်မှု ကင်းလျက် ပြုပြင်မှု ကင်းလျက်ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်ခြင်းကြောင့် တည်တံ့၏၊ တည်တံ့ခြင်းကြောင့်ရောင့်ရဲ၏၊ ရောင့်ရဲခြင်းကြောင့် မတောင့်တ၊ မတောင့်တသည်ရှိသော် မျက်မှောက်ဘဝ၌ ငြိမ်းအေး၏၊ ”ပဋိသန္ဓေနေမှု ကုန်ပြီ။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။ (သန ၂၂.၅၄)